Thursday, June 18, 2015

ဒေါ်စုမွေးနေ့ မမေ့


ဇွန်လထဲမှာ မွေးနေ့ကျသူတွေတန်းစီနေတယ်။ အမျိုးထဲကရော၊အသိမိတ်ဆွေတွေရာ၊ ဒေါ်စုလည်း ထိပ်က ပါတာပေါ့။ နောက်နေ့မှာကျမယ့်သူဆီကို အရင်နေ့တည်းက ဆုတောင်းစကား ပါးလို့ရလာလို့ ပြောပြော နေကြတဲ့ အပြောင်းအလဲဆိုတာ အရင်ကထက် မြန်လာသကိုးလို့ ပြောရတော့မလို။ 

ကျနော့်အမေဆုံးတုန်းက ၄ လနေမှသာ သိခွင့်ရနိုင်ခဲ့တယ်။ စစ်ထောက်လှမ်းရေးက ပြည်ပနေသူ မှန်သမျှနဲ့ အဆက်အသွယ်လုပ်ကြသူတိုင်းကို ထောင်ချနေတဲ့ကာလ။ ဒီနောက်မှာ အဖေဆုံးတော့ ညတွင်းချင်း သိနိုင်လာတယ်။ စစ်ထောက်လှမ်းရေးဆရာကြီး အတီးခံရကာနီးတဲ့အချိန်။ ဒီနှစ်ထဲမှာ ညီအရင်းဆီကို သူ့မွေးနေ့အရင် ည ၁၂ နာရီထိုးတာနဲ့ ရေးလိုက်နိုင်တယ်။ “တို့တိုင်းပြည်ရဲ့ အပြောင်း အလဲဆိုတာ မင့်မွေးနေ့မှာ ‘ဟက်ပီးဘာ့သ်ဒေး’ လှမ်းလုပ်နိုင်တာက ထူးခြားတယ်ကွ။ ဒါပေမယ့် ဗမာပြည်ကြီးကတော့ ဟက်ပီး မဖြစ်သေးပါဘူးကွာ” လို့။

ကျနော်တို့တတွေ ပြည်ပမှာနေပြီး ကိုယ့်တိုင်းပြည်အရေးကို ရှိတဲ့အားနဲ့ ကျားကုပ်ကျားခဲ၊ ဇွဲနပဲနဲ့ အနှစ် ၂ဝ ကျော် လုပ်ခဲ့ကြတာကို မှတ်တမ်းတင်ထားတယ်။ လူငယ်-လူကြီး၊ ယောက်ျား-မိန်းမ၊ တိုင်းရင်းသားအကုန်၊ ဘုန်းကြီးရောမို့ အစုံပါတယ်လို့ပြောချင်တယ်။ ဘုန်းကြီးဆိုတာ အဲသည်တုန်းက သံဃာအစစ်။ သင်္ကန်းဝတ် ဆိုတာ စစ်ထောက်လှမ်းရေးက ထွင်ခဲ့တာဖြစ်တယ်။ ဒီနောက်မှာ တမျိုးတမည်နဲ့ တီထွင်ထားပြန်တယ်။

နိုင်ငံရေးမှာ ကမ်ပိန်းလုပ်ကြရတယ်။ လုပ်နည်းတွေက ထွေပြားတယ်။ လူအများ စိတ်ဝင်စားအောင်၊ မီဒီယာကို ဆွဲဆောင်မှုရစေအောင် လုပ်ကြရတယ်။ တခါလာ မည်းပြာပုဆိုး ဖြစ်နေရင် သတင်းစာမှာ ပါမှာမဟုတ်ဘူး။ အိန္ဒိယမှာ မြန်မာ့ဒီမိုကရေစီရေးလုပ်ကြတော့ အဲဒီအတွေ့အကြုံတွေ တလှေကြီးရခဲ့တယ်။ ဒေသခံတွေကပါ ပူးပေါင်းလုပ်ကြလို့လည်း နည်းနာသစ်တွေရတယ်။ ကိုယ့်လူမျိုးတွေကြားမှာလည်း တယောက်တမျိုးဆိုတော့ ဆန်းသစ်တာတွေကိုရစေလို့ ကောင်းတယ်။ ဂျင်းရှပ် ရေးတဲ့ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ စာအုပ်လေးထဲက အကြမ်းမဲ့တိုက်နည်းပေါင်း ၁၉၇ နည်းပါတယ်။ အဲဒါတွေထဲက လုပ်နိုင်သမျှ အကုန်လုပ်ကြတယ်။

အန်အယ်လ်ဒီက အမတ်ပူပူနွေးနွေးနှစ်ယောက်နဲ့ စည်းရုံးရေးမှူးတွေ ၁၉၉ဝ ဒီဇင်ဘာလ ၂၁ ရက်မှာ အိန္ဒိယကို စပြီးခြေချကြတယ်။ ရွေးကောက်ပွဲပြီးလို့ ၆ လကျော်မှာဖြစ်ပါတယ်။ အိန္ဒိယရောက်ပြီး ၆ လ အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အစွန်က ဇင်မာဘောက်ဆို တဲ့အရပ်မှာ ကျောင်းသားတွေနဲ့ အန်အယ်လ်ဒီဝင်တွေ စုပေါင်းပြီး ပထမဆုံး ကျင်းပခဲ့တယ်။ အားလုံးက တက်ကြွနေကြတယ်။ ခရစ်ယာန်ခေါင်းဆောင်တွေက ဆုတောင်းပေးကြတယ်။ ကျောင်းသားတွေက သံပြိုင်သီချင်းဆိုရင်း မျက်ရည်ကျကြတယ်။ နာကြည်းချက်နဲ့ မျှော်လင့်ချက်ကနေ ထွက်လာတဲ့ မျက်ရည်။

နောက်နှစ် ၁၉၉၁ ကစပြီး နိုင်ငံရေးအင်အားစုထဲက လူအများစုက ဒေလီကိုပြောင်းရွှေ့ကြတယ်။ ရောက် တဲ့ နှစ်ကစပြီး ဒေါ်စုမွေးနေ့ ကျင်းပတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့တိုင်းဟာ ဒီမိုကရေစီရေး လှုပ်ရှားမှု ပြက္ခဒိန်ထဲမှာ ပါပြီးသား။ တနှစ်တမျိုး မရိုးရအောင် ကျင်းပကြတယ်။ ဒေါ်စုအတွက် မွေးနေ့ မင်္ဂလာ ဆုတောင်းတာထက် ဒီနေ့ကို အကြောင်းပြုပြီး နိုင်ငံရေးလုပ်ကြတာလို့ ဝန်ခံပါတယ်။ စိန်ခေါ်ချင်ပါ တယ်။ ဒေါ်စုမွေးနေ့တွေကို ထိုင်းနဲ့ အိန္ဒိယမှာ နေခဲ့သူတွေလောက် ဘယ်သူမှ မလုပ်နိုင်ခဲ့ကြဘူးလို့။

ဒေလီမြို့ ဆင်ခြေဖုံးရပ်ကွက်ထဲက BCRC လို့ခေါ်တဲ့ လူလေးငါးဆယ်သာဆန့်တဲ့ မြန်မာရိပ်သာထဲမှာ လုပ်ကြရတဲ့နှစ်ဟာ နိုင်ငံရေးရေချိန် ပုံမှန်သာရှိတယ်လို့ ပြောနိုင်တယ်။ မြို့လယ်ခေါင် ဂျန်တားမန်တားရ် နေရာမှာသွားပြီး ဆန္ဒပြတဲ့အခါက ပိုပြီးတက်ကြွတဲ့နှစ်တွေ ဖြစ်ပါတယ်။ ဒီ့ထက်ပိုကဲရင် မြို့ထဲက အထင် ကရခန်းမတွေကိုငှားပြီး ဒေါ်စုမွေးနေ့ကို ဆင်ယင် ကျင်းပကြတယ်။ ခန်းမဆိုတာတွေကလည်း အတန်း အစားက အစားစား။ အိန္ဒိယ ဟက်ဘစ်တက် စင်တာ ဆိုတာမှာ လုပ်နိုင်ဖို့က ချမ်းသာမှဖြစ်တယ်။ ကျနော် တို့မှာ ငွေကြေးမပြည့်စုံကြပါ။ အိန္ဒိယ အင်တာနေရှင်နယ် စင်တာမှာ လုပ်နိုင်ရင် အင်တယ်လက်ကျူရယ် ခေါ်တဲ့ ပညာရှင် အသိုင်းအဝိုင်းကိုပါဖိတ်ပြီး လုပ်လာကြတယ်။ အဲဒါလောက်တော့ လက်လှမ်းမီတယ်။ နေရာအစုံမှာ ဒေါ်စုမွေးနေ့တွေ လုပ်ဖူးပါတယ်။

၁၉၉၈ ကတည်းက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာ့အမျိုးသမီးများနေ့အဖြစ် WRWAB ခေါ် အမျိုးသမီးအဖွဲ့က ဦးစီးကျင်းပလာနိုင်ခဲ့တယ်။ ဒီ့နောက်လည်း ဒေသခံ အမျိုးသမီးအဖွဲ့တွေရဲ့ အကြံပြုချက် နဲ့ အာရှအမျိုးသမီးများနေ့ရယ်လို့ ကျင်းပနိုင်လာတယ်။ ၂ဝဝ၃ ဒေါ်စုမွေးနေ့ကို ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်း အဖြစ် တခြားနိုင်ငံတွေရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့အတူ ကျင်းပခဲ့ပါတယ်။ ၂ဝဝ၉ ဇွန်လ ၁၉ ရက်မှာတော့ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးကို သွားပြီး ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြကြတယ်။ အမျိုးသမီးတွေက ဦးဆောင်ခဲ့တာပါ။

၁၉၉၉ ခုနှစ်မှာ ဒေါ်စုမွေးနေ့ပွဲကို နယူးဒေလီမြို့ထဲက ခန်းမတခုမှာ ကျင်းပတုန်းက ကျနော့်သမီးက တပင်တိုင်အကနဲ့ တင်ဆက်ရတယ်။ ပြည်ပမှာလည်း ပြည်တွင်းလိုပါပဲ။ အသင်းအဖွဲ့တွေကြား အားပြိုင်ကြ ပါတယ်။ ကွဲကြပါတယ်။ အပိုင်လိုချင်တတ်ကြတယ်။ ၂ဝဝ၄ ခုနှစ်က ဒေါ်စုမွေးနေ့ကို တခြားအစုအဖွဲ့က လက်ဦးမှုယူပြီး ကျင်းပတော့ အန်အယ်လ်ဒီ-အယ်လ်အေ အဖွဲ့က ယမုန်နာမြစ်သွားပြီး ငါးလွှတ်ကြတယ်။

မှတ်မှတ်ရရ ၂ဝဝ၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တုန်းက ယမုန်နာဒုက္ခသည် ဆေးခန်းလေးမှာ ၄၁ ယောက်မြောက် ကလေးကို မနက် ၄ နာရီခွဲမှာ မွေးပေးခဲ့ပါတယ်။ ၁၂-၆-၂ဝ၁၂ နေ့တုန်းက ဒေါ်စု မွေးနေ့ပွဲ မသွားခင်မှာ ခွဲစိတ်လူနာကို ကုသပေးခဲ့ရတယ်။ နောက်ဆုံးဖြစ်တဲ့ ၁၉-၆-၂ဝ၁၄ နေ့က မွေးနေ့ ရက်မှာတော့ ဆေးခန်းက အကူဆရာမတွေနဲ့ ဆေးမှူးကို အောင်လက်မှတ်တွေ ပေးခဲ့ပါတယ်။ ဒီနေ့ ဘာနေ့လဲလို့မေးတော့ အားလုံးထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မတူပီနယ်သူ ဆရာမလေးက အမှန်ကို ဖြေနိုင်လို့ ဝမ်းသာအားရ ဖြစ်ရပါတယ်။

၂ဝ၁၃ ကစပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွေကို ဒေလီမှာ မကျင်းပနိုင်တော့ပါ။ မြန်မာပြည်မှာ ဖွဲ့စည်းပုံအနံ့ ရကတည်းက ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေကို ပေးနေတဲ့ အကူအညီတွေ လျှော့လာပြီ။ ၂ဝဝ၈ မေလ ၁ဝ ရက်နေ့မှာ ထောက်ခံမဲ ၂၄၇၆၄၁၂၄ နဲ့ ၉၃ ဒသမ ၈၂ ရာခိုင်နှုန်း ရတယ်ဆိုပြီး ဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ လုပ်ကတည်းက အကူအညီတွေကို ၁ဝဝ ရာခိုင်နှုန်း ဖြတ်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို နယူးဒေလီမှာ အခမ်းနားဆုံးနဲ့ နောက်ဆုံး ကျင်းပနိုင်ခဲ့တာကတော့ ဒေါ်စု နေအိမ်အကျယ်ချုပ်ကနေ နောက်ဆုံးလွတ်မြောက်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ကြားဖြတ်ရွေး ကောက်ပွဲအပြီး ဒေါ်စုလည်း လွှတ်တော်ထဲ ရောက်လာပါပြီ။ မွေးနေ့ကျင်းပခဲ့တာက နေရူးပြတိုက်မှာပါ။ ဒေါ်စု ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်အပြီးမှာ ကျင်းပတဲ့ မွေးနေ့ပွဲကိုတော့ တိဘက်အဝေး ရောက် လွှတ်တော်ဥက္ကဋ္ဌ လာတက်ပါတယ်။ ဒေါ်စု နောက်ဆုံးလွတ်လာပြီး ကျင်းပတဲ့ မွေးနေ့ပွဲကို ဒေလီမှာရှိတဲ့ တရုတ်သံရုံးကလည်း လာတက်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်က ပြန်လာတယ်။

မြန်မာ့ဒီမိုကရေစီရေးမှာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ပေါ်လစီ အပြောင်းအလဲတွေက မတူကြပါ။ အမေရိကန်နိုင်ငံကလည်း တမျိုးဖြစ်ပါတယ်။ ၁၉၈၈ မှာ အိန္ဒိယဟာ ထောက်ခံအားပေးမှုမှာ ထိပ်မှာရှိရာကနေ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ လုပ်ကြံသတ်ဖြတ်ခြင်း ခံရအပြီးမှာ စစ်အစိုးရဘက်ကိုသာ ဗြုန်းစားကြီး လှည့်လိုက်ပါတယ်။ အိန္ဒိယရဲ့ ဂငယ်ကွေ့နဲ့ တရုတ်ရဲ့ ပစောက်ကွေ့ မတူပါ။

၁၉၈၇ ကတည်းက စစ်အုပ်စုနဲ့ ပလူးပလဲလုပ်လာတဲ့ တရုတ်ဟာ တဖြည်းဖြည်းနဲ့ စစ်အစိုးရကို အားမရဖြစ်လာပြီးသကာလ အတိုက်အခံအင်အားစုဆီက စကားသံကို နားထောင်ကြည့်လာပါတယ်။ အချိန်ကြာပါတယ်။ အစဉ်အလာကို ပြောကြရင် အိန္ဒိယဟာ ဒီမိုကရေစီစစ်စစ်နဲ့ ပါတီတွေကများလို့ ဘာလုပ်လုပ် အချိန်ကြာတယ်။ တရုတ်မှာ အာဏာရှင်ဒီမိုကရေစီနဲ့ တပါတီတည်းမို့ ဆုံးဖြတ်တာမှာ မြန်ဆန်တယ်လို့ ဆိုကြတယ်။ မြန်မာ့အရေးမှာ အဲဒီအစဉ်အလာကို နှစ်နိုင်ငံလုံးက ပြောင်းပြန်လုပ်ကြ တယ်။

ဒီမိုကရေစီအရေးကို ကနဦးကတည်းက နားထောင်နေခဲ့တဲ့၊ ထောက်ကူနေခဲ့တဲ့ အမေရိကကတော့ ဒေါ်စုလွတ်ပြီး၊ ဒေါ်စုနဲ့ သမ္မတ စကားပြောဆိုပြီး ပြောင်းလဲမှု အတိုင်းအတာတခုထိ ရောက်လာပြီးမှသာ ယူတန်း လုပ်ပါတယ်။

ဒေါ်စုရဲ့ ဒီနှစ်မွေးနေ့ဟာ နိုင်ငံတကာ အနေနဲ့တော့ ပြောစရာကို မကျန်တော့ပါ။ မြန်မာပြည်မှာ အကွေ့ မရှိပါ။ အတက်နဲ့ အဆင်းသာရှိတယ်။ အဆင်းက ပိုခက်နေတယ်။ လှေအဆင်း၊ မြင်းအတက်သာ ရှိတာပါ။ လှေကားအဆင်းမှာ ကော်ဇောလည်း ခင်းထားပါတယ်။

DVB

No comments:

Post a Comment

My Blog List