Wednesday, June 17, 2015

အာမခံလျှောက်ထားသူများကြောင့် ကျောင်းသားသပိတ်ရုံးချိန်း လကုန်ပိုင်းသို့ ပြောင်းရွှေ့ချိန်းဆို


သပိတ်မှောက် ကျောင်းသားနှင့် ဝန်းရံပြည်သူများအနက် အာမခံလျှောက်ထားသူ ၁၅ ဦးအား သာယာဝတီ ခရိုင် တရားရုံးသို့ လွှဲပြောင်းထားသော ကြောင့် ဇွန်လ ၁၆ ရက် ရုံးချိန်းတွင် အမှုစစ်ဆေးခြင်းမရှိဘဲ လကုန် ပိုင်းသို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

အာမခံလျှောက်ထားသူ ၁၅ ဦးတွင် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည့် ဝန်းရံ ပြည်သူ ဦးတင် ဝင်း၊ ဦးခင်လှိုင် နှင့် အဝေးသင်ကျောင်းသား ၁၃ ဦးတို့ပါဝင်ပြီး အဝေးသင်ကျောင်း သားများအတွက် အာမခံကို သာယာဝတီမြို့နယ်တရားရုံးက ဇွန် လ ၂ ရက်ရုံးချိန်း၌ ပယ်ချခဲ့သည်။၎င်းတို့ကိုစွဲဆို ထားသည့် ပုဒ်မများ တွင် ပုဒ်မ ၅၀၅(ခ) ပါဝင်သော ကြောင့် အာမခံပယ်ချခဲ့ရခြင်းဖြစ် ပြီး သာယာဝတီခရိုင်တရားရုံး သို့ အာမခံ ထပ်မံတင်သွင်းခဲ့ကြောင်း သပိတ်မှောက် ကျောင်းသားနှင့် ဝန်းရံပြည်သူများအား ကူညီပေး နေသည့် တရားလွှတ်တော်ရှေ့ နေ ဦးအောင်သိန်း က ပြောသည်။

‘‘အမှုသည်တွေထဲမှာ တချို့ အာမခံတွေ ငြင်းပယ်ခံထားရတာ ရှိတယ်။ ဒါကို ခရိုင်ကို တက်ပြီး တော့ တင်ထားတယ်။ နောက် တစ်ခုက သက်သေခံတင်ထားတဲ့ ကားကို ပြန်ရဖို့အတွက် ခရိုင်ကို တင်ထားတယ်။ အဲဒါကြောင့်မို့လို့ ခရိုင်တရားရုံးက အမှုတွဲကို ယူ ထားတဲ့အတွက် ဒီနေ့ အမှုစစ်ဆေးလို့ မရတော့ဘူး။ အဲဒါကြောင့် ရုံးချိန်းကို နှစ်ပတ်ချိန်းလိုက်တယ်။  အဲဒီမှာ လျှောက်လဲချက်ပေးမယ်။ အမိန့်ချဖို့အတွက် နောက်ထပ် နှစ်ပတ် ထပ်ချိန်းမယ်။ ပြီးမှ ဆက်စစ်လို့ရမယ်’’ဟု တရားလွှတ် တော်ရှေ့နေ ဦးအောင်သိန်း က ဆက်လက် ပြောကြားသည်။

နောက်တစ်ကြိမ် ရုံးချိန်းကို ဇွန်လ ၃၀ ရက်သို့ ပြန်လည်ချိန်း ဆိုထားသည်ဟု သတင်းရရှိ သည်။  ဇွန်လ ၁၆ ရက် ရုံးချိန်းအပြီး တွင် သပိတ်မှောက်ကျောင်းသား နှင့် ဝန်းရံပြည်သူများမှာ မိသားစု ဝင်များနှင့် တစ်နာရီကြာ တွေ့ဆုံခွင့်ရခဲ့ပြီး မွန်းတည့် ၁၂ နာရီခွဲတွင် ၎င်းတို့ကို သာယာဝတီထောင်သို့ပြန်လည်ပို့ ဆောင်ခဲ့သည်။

ထောင်သို့ ပြန်လည်မထွက် ခွာမီ တရားရုံးအပြင်ဘက်တွင် ဖမ်းဆီးခံ ကျောင်းသားခေါင်း ဆောင် ကိုမင်းသွေးသစ်က သာ ယာဝတီထောင်အတွင်း ၎င်းတို့ကို ကျန်းမာရေးစောင့်ရှောက်မှုအား နည်းနေ ကြောင်း ပြောသည်။ ‘‘ထောင်ထဲမှာက အစားအ သောက် အနေအထိုင်ကြောင့် ရယ်၊ သူတို့ဖမ်းတုန်းက ရိုက်ထား တဲ့ အတွင်းဒဏ်ရာတွေလည်း ရှိ တယ်။ ကျွန်တော်ဆို ချောင်းဆိုး လိုက်ရင် သွေးစက တစ်ခါ တလေ ပါလာတယ်။ နောက်တစ်ခုက အစာအိမ် ရောင်တာရှိတယ်။ ဆေးသွင်းထားရတယ်။ ဆေးက လိုအပ်သလောက် ဆေးကုသခွင့် မရဘူး။ ဒဏ်ရာနဲ့ ဆေးနဲ့ လွဲမှာကိုစိုးပါတယ်။ ကိုခင်လှိုင်ဖြစ်တုန်း ကဆိုရင် သူ့ကို အဆုတ်ရောင် နေတာလို့ပြောပြီးတော့ ဆေးရုံ ရောက်မှ အစာအိမ်ပေါက်ပြဲတာ မျိုးဖြစ် နေတယ်’’ဟု ကိုမင်းသွေး သစ်က ပြောကြားသည်။

(၁၁)ကြိမ်မြောက် ရုံးချိန်းအ ဖြစ် ဇွန်လ ၁၆ ရက်က ရုံးထုတ် စစ်ဆေးရာတွင် တရားခံနှင့် ဧည့် သည်များ များပြားသည့်အတွက် သာယာဝတီမြို့နယ်တရားရုံးအ တွင်း ပိုမိုကျယ်ဝန်းသည့် တရား ခွင်နေရာသို့ ပြောင်းရွှေ့စစ်ဆေးခဲ့ ပြီး အမှုကို ကြားနာလိုသူများပါ ဝင်ရောက်နားထောင်နိုင်စေရန် စီစဉ်ပေးခဲ့ကြောင်း သာယာဝတီ ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး အေး သိန်းက ပြောသည်။

ယနေ့ ရုံးချိန်းအတွင်း ဧည့် တွေ့ချိန်တွင် သပိတ်မှောက်  ကျောင်းသူ မဖြိုးဖြိုးအောင်ရရှိခဲ့ သည့် ၂၀၁၅ ပြည်သူ့ဂုဏ်ရည်ဆုကို ကိုယ်စားသွားရောက်ယူခဲ့ သည့် ၎င်း၏ဖခင် ဒေါက်တာ နေဝင်းက မဖြိုးဖြိုးအောင် အား ပေးအပ်ခဲ့သည်။

‘‘လက်ရှိ အကျဉ်းထောင်ထဲ မှာ ကျရောက်နေတဲ့ ဗကသများ အဖွဲ့ချုပ်ကိုယ်စားရော၊ ဒီမိုကရေ စီ သပိတ် စစ်ကြောင်းကိုယ်စား ရော ဒီဆုကို ရတယ်လို့ထင်ပါ တယ်။ ဒီဆုကို ကျွန်မအဖေကိုယ်တိုင် တက်ယူပေး ရတဲ့အတွက် ကျွန်မအနေနဲ့ ထပ်ပြီးတော့ ဂုဏ် ယူဝမ်းမြောက်မိပါတယ်’’ဟု မဖြိုး ဖြိုးအောင်က ပြောသည်။

လက်ပံတန်းမြို့နယ် တရားရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသားများအပါအဝင် ဝန်းရံပြည်သူများ နှင့် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် နန္ဒ စစ်အောင်တို့ကို ဥပဒေ နှင့်ဆန့် ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) တို့ဖြင့်တရားစွဲဆိုထားသည်။

7Day Daily

No comments:

Post a Comment

My Blog List