Monday, June 15, 2015

ပန်းခြံအားကစားကွင်း ပြန်ရရေး ဆန္ဒထုတ်ဖော်သူ ဦးကိုကိုကြီး အပါအဝင် ငါးဦး ယနေ့ရုံးထုတ်မည်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဆောက်လုပ်နေသော တောင်ဥက္ကလာပပန်းခြံ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ငါးဦးကို ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်မှုဖြင့် ယနေ့ (ဇွန်လ ၁၅ ရက်) တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း တရားစွဲဆိုခြင်း ခံထားရသူ ဒေါက်တာစိုးနိုင်က ပြောကြားသည်။

ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်ခြင်းကြောင့် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း ဇွန်လ ၁၃ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ အကြောင်းကြားလာခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“၁၅ ရက်နေ့ မနက် ၁၀ နာရီ ရုံးထုတ်မယ်လို့ အကြောင်းကြားထားပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်သည့်အပြင် ပြည်သူလူထု ရရှိပိုင်ခွင့်နှင့် အမှန်တရား ပေါ်ပေါက်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် အာမခံ လျှောက်ထားမည် မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားထားသည်။

အလားတူ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့ပြီး တရားစွဲဆိုခြင်းခံရသူ ဦးမျိုးခင်က “အခုရုံးထုတ်မှာကို ကျွန်တော်တို့ သွားမယ်၊ တရားသူကြီးရဲ့ ထွက်ဆိုတာကို ကြည့်ပြီးမှ ဘာဆက်လုပ်ကြမလဲ တိုင်ပင်မှာပါ၊ အခုအချိန်အထိကတော့ ဦးကိုကိုကြီး ပြောထားသလို အာမခံလျှောက်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက် ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ကလေးကစားကွင်းနဲ့ ပန်းခြံမြေနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကွန်ဒိုအဖြစ် ဆောက်လုပ်နေခြင်းကြောင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် တောင်ဥက္ကလာပနေ ပြည်သူအချို့က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကန့်ကွက်ဟောပြော ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းသို့ ဆန္ဒထုတ်ဖော်ရန် ကျိုက္ကဆံကွင်းတွင် နေရာသတ်မှတ်ပေးသော်လည်း ပန်းခြံမြေနေရာရှေ့တွင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခြင်းကြောင့် တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးအောင်က တရားလိုပြုလုပ်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဦးကိုကိုကြီးနှင့် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ လေးဦးကို ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက မေလ တတိယပတ်အတွင်း ခေါ်ယူအသိပေးခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List