Wednesday, June 17, 2015

ကိုးကန့်သောင်းကျန်းသူများကို ဘယ်လိုအရေးယူမလဲ





ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ ဇွန်လ ၁၀ ရက်နေ့မှာပဲ တစ်ဖက်သတ်စစ်ပွဲရပ်တယ်ဆိုပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ထဲမှာ အကြောင်း ၂ ချက်ကြောင့် စစ်ပွဲရပ်ရပါတယ် ဆိုပြီး ပြောထားပါတယ်။ ပထမ တစ်ချက်က တရုတ်နိုင်ငံရဲ့တောင်းဆိုမှုကြောင့် ရပ်စဲရခြင်းဖြစ်ပါတယ် ဆိုပြီး ရေးသားထားတာပါ။ 
၂၀၀၉ ခုနှစ် က မူးယစ် ဆေးဝါးမှု၊ တရားမ၀င်လက်နက်စက်ရုံ တည်ဆောက်မှုတွေကြောင့် ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူ များဟာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်း ရှောင်သွားခဲ့တာပါ။ ထွက်ပြေးသွားတဲ့ ဖုန်းကြားရှင် နဲ့အဖွဲ့ဟာ တရုတ် နိုင်ငံဘက်မှာ ငါးနှစ်ကျော် ခြောက်နှစ် လောက်နေထိုင် အင်အားစုပြီးမှ ကိုးကန့်ဒေသကို ပြန်လည် ကျူးကျော်တိုက်ခိုက် ခဲ့တာပါ။ 

တရုတ်ဘက်မှာ ငါးနှစ်ကျော်ကျော်လောက် နေထိုင်ခဲ့တဲ့ ဖုန်ကြားရှင်နဲ့အဖွဲ့ဟာ အခုလည်း တရုတ်ရဲ့ တောင်းဆိုမှု (အမိန့် ပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။)ကြောင့် စစ်ပွဲကိုတစ်ဖက်သတ်ရပ်လိုက်တယ်လို့ ဆိုလာပါတယ်။ ဒီလိုဆိုရင် ဖုန်ကြားရှင် နဲ့အဖွဲ့အပေါ်မှာ တရုတ်ရဲ့သြဇာသက်ရောက်မှု ဘယ်လောက် အတိုင်းအတာထိ ရှိနေပါသလဲ။ တိုင်းတစ်ပါးနိုင်ငံတစ်ခုရဲ့ သြဇာကိုခံယူပြီး နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်ဆောင်လာသူဟာ နိုင်ငံအပေါ် သစ္စာဖောက်ဖျက်သူ ဖြစ်ပါတယ်။ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်လာသူကို အပြင်းထန်ဆုံး အရေးယူ ဆောင်ရွက် ရမှာပါ။ ဖုန်ကြားရှင်နဲ့ အဖွဲ့ဟာလည်း နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သူတွေဖြစ်နေမယ်ဆိုရင် အမြန်ဆုံး ချေမှုန်း သုတ်သင်သင့်ပါတယ်။

ကြေညာချက်မှာ ဖော်ပြထားတဲ့ ဒုတိယအချက်ကတော့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေကို အကြောင်းပြထား ပါတယ်။ ဒီအချက်ကတော့ ပြောကောင်းဆိုကောင်းအောင်ထည့်ထားတဲ့ အကြောင်းပြချက်တစ်ခုသာ ဖြစ်တယ်ဆိုတာကတော့ တွေးကြည့်ရုံမျှဖြင့် သိသာလှပါတယ်။ နယ်မြေနဲ့ အာဏာကို လုချင်လို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကျူးကျော် တိုက်ခိုက်လာတဲ့ ဖုန်ကြားရှင်အဖွဲ့ဟာ ရွေးကောက်ပွဲကြောင့် တစ်ဖက်သတ် စစ်ပွဲရပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့ မလား။ နောက်ပြီး ပြည်သူတွေကြောင့် စစ်ပွဲရပ်တယ်ဆို တာဟာလည်း ယုံတမ်းစကားတစ်ခုပဲဖြစ်ပါတယ်။ ဖုန်ကြားရှင် အဖွဲ့ရဲ့ အာဏာရူးပြီး ကျူးကျော်တိုက်ခိုက် လာမှု ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားရတဲ့ ပြည်သူတွေ၊ သူတို့ ပစ်ခတ်တိုက်ခိုက် ခဲ့လို့ သေဆုံးခဲ့ရတဲ့ ကြက်ခြေနီဝန်ထမ်းတွေ၊ ထိခိုက်ဒဏ်ရာရရှိသွားရတဲ့ ပြည်သူတွေ၊ သတင်း ထောက်တွေရဲ့ အကြောင်း ဟာ ယနေ့အထိ ပူပူနွေးနွေးပဲရှိပါသေးတယ်။ ဒါကြောင့် ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့် သောင်းကျန်းသူ များ တစ်ဖက် သတ်စစ်ပွဲရပ်ပါတယ်ဆို ကြေညာချက်ထုတ်ပြန်ရခြင်းရဲ့ အကြောင်းအရင်းဟာတရုတ်ရဲ့ သြဇာကို နာခံရခြင်းကြောင့် မဟုတ် ရင်တော့ အစိုးရတပ်မတော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယုတ်လျော့သွားရ တဲ့ စစ်အင်အားကြောင့်သာဖြစ်မှာပါ။

နောက်တစ်ခုပြောချင်တာက ကိုးကန့်သောင်းကျန်းသူများဟာ တိုင်းရင်းသားများသာဖြစ်တာကြောင့် အစိုးရအနေနဲ့ ထိုးစစ် ဆင်တိုက်ခိုက်မှုမလုပ်ဘဲ ခွင့်လွှတ်ပေးသင့်တယ်လို့ ပြောနေကြတဲ့ အခြားတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ များကိုပဲ ဖြစ်ပါတယ်။ ပြောရရင်တော့ အားလုံးတစ်ကြိတ်တည်း တစ်ဥာဏ်တည်း ပါ။ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို ခိုးထုတ်တာ လည်း သူတို့ပါပဲ။ ဆက်ကြေးကောက် ဓါးပြတိုက်နေတာ လည်း သူတို့ပါပဲ။ အဓိက ကတော့ လက်နက်ကိုင်စွဲပြီး ရထားတဲ့ အာဏာကို မစွန့်လွှတ်နိုင်တာပါ။ ဒါကို ဘယ်ပြည်သူ ဘယ်ပြည်သားကမှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ အစိုးရ တပ်မတော်ဟာ ဘာကြောင့် ကိုးကန့်သောင်း ကျန်းသူတွေကို ဆက်လက်တိုက်ထုတ် နေရသလဲဆိုတာကို ကျွန်တော့်လိုပဲ ခင်ဗျားတို့အားလုံး နားလည်သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မင်းကို
အင်းလေးမီဒီယာ


No comments:

Post a Comment

My Blog List