Friday, June 19, 2015

တောင်ကာရိုလိုင်းနားရှိ အမေရိကန်-အာဖရိကန် ဘုရားရှိခိုးကျောင်းထဲသို့ လူဖြူတစ်ဦး ဝင်ရောက်ပစ်ခတ်


တောင်ကာရိုလိုင်းနားပြည်နယ် ချာလက်စတန်မြို့ရှိ သမိုင်းဝင် အမေရိကန်-အာဖရိကန် လူမည်းတို့၏ သမိုင်းဝင် ဘုရားရှိခိုးကျောင်းသို့ လူဖြူတစ်ဦး ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားရာ အနည်းဆုံး လူကိုးဦး သေဆုံးသွားကြောင်း အမေရိကန် မီဒီယာများက ရေးသားဖော်ပြသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဘုရားရှိခိုးကျောင်းမှာ အီမယ်နျူရယ် အာဖရိကန် မက်သဒစ်အက်ပီစကိုပေါလ် ဘုရားရှိခိုးကျောင်း ဖြစ်ပြီး တောင်ကာရိုလိုင်း နား ပြည်နယ်၏ သက်တမ်းအရင့်ဆုံး ဘာသာရေး အဆောက်အအုံတစ်ခု ဖြစ်သည်။

ဗုဒ္ခဟူးနေ့ ညနေပိုင်းက ယင်းဘုရားရှိခိုးကျောင်းတွင် ကျမ်းစာသင်တန်း ပို့ချပြီး ဆုတောင်းမှုများ ပြုလုပ် နေကြစဉ် အသက် ၂၀ ကျော် ဝန်းကျင် ရှိသော လူဖြူတစ်ဦး ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် ဘုရားရှိခိုးကျောင်း၏ တာဝန်ခံနှင့် တရားဟောဆရာ အပါအဝင် လူကိုးဦး သေဆုံး သွားသည်ဟု အာဏာပိုင်များက ဆိုသည်။

“ဘုရားရှိခိုးကျောင်းထဲကို လူတစ်ယောက် လမ်းလျှောက်ဝင်လာပြီး ဆုတောင်းနေတဲ့သူတွေကို သေနတ်နဲ့ ပစ်တယ် ဆိုတာ မုန်းတီးမှုဆိုတဲ့ အကြောင်းရင်းကြောင့်ပဲ ဖြစ်ပါလိမ့်မယ်” ဟု ချာလက်စတန် မြို့တော်ဝန် Joe Riley က ပြောကြားသည်။

သေဆုံးသူကိုးဦး အနက် ရှစ်ဦးမှာ ဘုရားရှိခိုးကျောင်းအတွင်း၌ပင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဆေးရုံ တွင် သေဆုံးသွားခြင်း ဖြစ်သည်။ လက်ရှိအနေအထားတွင် လူဖြူသေနတ်သမားမှာ မည်သူမည်ဝါ ဖြစ် သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးလျက် ရှိသည်ဟု အာဏာ ပိုင်များက ဆိုသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ သေနတ်သမားသည် အသက် ၂၀ သို့မဟုတ် ၂၀ ကျော်ဝန်းကျင်ရှိပြီး ဆံပင်ရွှေရောင် ရှိသော လူဖြူတစ်ဦး ဖြစ်ကြောင်း၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွေးတို့ ရိတ်ထားသူဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့က မီးခိုးရောင် ဆွယ်တာအင်္ကျီနှင့် အပြာရောင် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီးနောက် ရဲအရာရှိများက သံသယရှိသူ တစ်ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့သော်လည်း လူမှားနေ သောကြောင့် ပြန်လွှတ်ခဲ့ရသည်ဟု မီဒီယာများက ဆိုသည်။

“အဲဒီလူဟာ အတော့်ကို အန္တရာယ်ရှိတဲ့သူပါ။ အဲဒီလူကို ကျွန်တော်တို့ ရှိသမျှ အင်အားသုံးပြီး ရှာဖွေသွားမှာ ဖြစ်ပါတယ်” ဟု ရဲအရာရှိ မူလန်က ပြောကြားသည်။

“ဒါဟာ လူမျိုးရေးမုန်းတီးမှုကြောင့် ဖြစ်တဲ့ ရာဇဝတ်မှု တစ်ခုပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ အမေရိကန်-အာဖရိကန်တို့၏ဘုရားရှိခိုးကျောင်းထဲသို့ လူဖြူတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့သော ကြောင့် ချာလက်စတန်မြို့တွင် အသားအရောင်ဆိုင်ရာ တင်းမာမှုများ ဖြစ်လာမည်ကို မြို့ခံများက စိုးရိမ် လျက်ရှိသည်။

The Voice Weekly


No comments:

Post a Comment

My Blog List