ရခိုင်ပြည်နယ် အနောက်ဘက်နယ် စပ် မောင်တောမြို့နယ် တောင်ပြိုမြို့တွင် ထိန်းသိမ်းထားသော လှေစီး ရေမျော ကမ်းတင် ဘင်္ဂလီ ၃၇ ဦးအား ဇွန်လ ၁၇ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် ပြန်လည် ပို့ဆောင်သွားမည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွှင်က ပြောသည်။
“ ဟုတ်ကဲ့။ နှစ်ဦးနှစ်ကဘက် သဘောတူထားပြီး။ မနက်ဖြန် ဇွန်လ ၁၇ ရက်နေ့မှာ ယခင်ကျန်နေခဲ့တဲ့ ၅၀ ထဲက ၃၇ ဦးကို လွဲပြောင်းမှာ ဖြစ်ပါတယ်။ ခေါင်းတုံးကနေ လွဲပြောင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းလွဲပြောင်းပွဲသို့ တောင်ပြိုမြို့နယ်ခွဲ လ၀ကမှူးနှင့် ဘင်္ဂလာဒေ့ရှ် ခေါင်းတုံးစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိ သူတို့ တက်ရောက် မည်ဟု သိရသည်။
ယခုလွဲပြောင်းမည့် ၃၇ ဦးမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘော ကွေ့ကျေးရွာ အနောက်တောင်ဘက် ၄ မိုင် အကွာ ပင်လယ်ပြင်တွင် ဖမ်းဆီး မိသော ရေမျောကမ်းတင် ၂၀၀ ဦးထဲမှ ဖြစ်သည်။ ယင်းအထဲမှ ၁၅၀ ကို ဇွန်လ ၈ ရက်နေ့က သူတို့၏ နေရပ်ရင်းနိုင်ငံ ဖြစ်သော ဘင်္ဂလာဒေ့ရှ်သို့ ပြန်လည် လွဲပြောင်း ခဲ့သည်။
“ အကုန်လုံးကို လွဲမှာပါ။ ကျန်တဲ့ ၇၀၀ ကျော်ကိုလည်း စိစစ်ပြီးပြီ။ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနကို စာရင်း ပို့ထားပြီးပြီ။ ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက သူတို့မိသားစုတွေရှိတဲ့ နေရာကို သွားရောက် စိစစ်ပြီးရင် ကျန်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားကို လွဲပြောင်း သွားမှာ ဖြစ်ပါတယ်” ဟု ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက ဆက်လက် ပြော ကြားသည်။
ဧရာဝတီတိုင်းတွင်ဖမ်းမိပြီး ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တောင်ပြိုမြို့နယ် ယာယီလက်ခံစခန်းသို့ ပို့ဆောင် ခံရသူ ဘင်္ဂလီ ၇၃၃ ဦးထဲမှ ၅၄၄ ဦးမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများ ဖြစ်ကြောင်း စိစစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
Narinjara
No comments:
Post a Comment