Tuesday, June 16, 2015

ကြံ့ခိုင်ရေးပါတီ ချမ်းသာမှု NLD ပါတီဝင်များ စိုးရိမ်ရန်မလိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ငွေကြေးချမ်းသာမှုကြောင့် လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေးအပေါ် စိုးရိမ်ရန်မလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ယနေ့ ဇွန်လ ၁၅ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်သို့ လေ့လာ ရေး ရောက်ရှိလာသော ရွှေဘို မြို့နယ်မှ NLD ပါတီဝင်များနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အားလုံး ညီညီညွတ်ညွတ် လုပ်ကြနော်။ အဲဒါအရေးကြီးဆုံးပဲ။ ကိုယ်ညီညွတ်မှ အောင်မြင်မှာ၊ တခြားဘက် က ပိုက်ဆံရှိတာတွေ ဘာတွေ တချို့က စိတ်ပူတတ်တယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့က တော့ အင်မတန်မှ ချမ်းသာတယ်။ NLD က ဘာမှမရှိဘူးဆိုပြီးတော့။ အဓိကက ပိုက်ဆံမဟုတ်ဘူး။ အဓိက ကတော့ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်စေတနာပဲ။ ကိုယ့်စိတ်ဓာတ်နဲ့ စေတနာမှန်ရင် ပြည်သူက လက်ခံမှာပဲ” ဟု ၎င်းကဆို သည်။

ပြည်သူများအနေနှင့် ကြံ့ခိုင်ရေးပါတီမှ မဲဆွယ်စည်းရုံးရေး ကိစ္စများတွင် ထောက်ပံ့မှုများ ရှိလာပါက ယူနိုင် သော်လည်း မဲထည့်ရေးကဏ္ဍတွင် ပါတီရွေးချယ်ရေး မှန်ကန်စေလိုကြောင်း ၎င်းကဆိုသည်။

“ပေးရင်တော့ ယူလိုက်၊ ပေးနိုင်တဲ့ဘက်က ပေးတာ ယူလိုက်၊ မဲပေးတာ မှန်ကန်ဖို့ပဲ အရေးကြီးတယ်။ အဲဒီတော့ ကိုယ့်ရဲ့ စေတနာမှန်တယ်။ စိတ်ထားမှန်တယ်။ ကိုယ်ဟာ ညီညီညွတ်ညွတ်နဲ့ လုပ်တယ်ဆိုလို့ ရှိရင် ထူးထူးထွေထွေ တခြားဟာ မစဉ်းစားနဲ့” ဟု ၎င်းက ထပ်လောင်းပြော ကြားသည်။

နိုင်ငံတွင် ချမ်းသာနေသော စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေး လုပ်ကိုင်နေသော ပါတီများ၏ ငွေကြေး သည် နိုင်ငံ၏ အရင်းအမြစ်များဖြင့် ရရှိလာခြင်းသာ ဖြစ်သောကြောင့် ပြည်သူများ၏ ပိုင်ဆိုင်ခွင့်သာဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဒီပိုက်ဆံဆိုတာ ဘယ်သူ့ပိုက်ဆံလဲ၊ ပြည်သူ့ပိုက်ဆံပဲ၊ အဲဒါကို ပြည်သူတွေ နားလည်ရမယ်။ ဒီနိုင်ငံထဲက ရှိတဲ့ ပိုက်ဆံတွေက ဘယ်ကရောက်လာတာ လဲ။ ဒီနိုင်ငံ အရင်းအမြစ်တွေကနေ ထွက်လာတာ။ ပြည်သူ တွေရဲ့ ပိုင်ဆိုင် ခွင့်တွေပဲ။ ပြည်သူတွေအတွက် သုံးတယ်ဆိုတာ ဘယ်သူသုံးသုံး သုံးပါစေ ပေါ့” ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံခရီးစဉ်မှ ဇွန်လ ၁၄ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သော်လည်း ယင်းခရီးစဉ်မှ အကြောင်းအရာများကို လတ်တလောတွင် ထုတ်ဖော်ပြောဆိုမှု မပြုနိုင်ဘဲ NLD ပါတီ၏ CEC အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် အချိန်တွင်သာ ထုတ်ပြောသွားမည် ဖြစ် ကြောင်း ၎င်းက မီဒီယာများကို ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List