Friday, June 19, 2015

ပင်မသပိတ်စစ်ကြောင်း ဖမ်းဆီးခံရသူများကို အမြန်လွှတ်ပေးရေးအဆို NNER ညီလာခံတွင် တင်သွင်း


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် သဘောတူညီထားသည့် အချက် (၁၁) ချက် အမြန် အကောင်အထည်ဖော်ရေးနှင့် ပင်မသပိတ်စစ်ကြောင်း ဖမ်းဆီးခံရသူများကို အမြန်လွှတ်ပေးရေး အဆိုကို ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် ဒုတိယအကြိမ် ညီလာခံတွင် ဒေါက်တာသိန်းလွင်က အဆိုတင်သွင်းခဲ့ကြောင်း ယင်းညီလာခံထံမှ သိရှိရသည်။ 

ရန်ကုန်မြို့တော် ခဝဲခြံ မျက်မမြင်ကျောင်းတွင် ဇွန်လ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်က ပြုလုပ်သည့် ပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအကြောင်း ဆွေးနွေးမည့် NNER ဒုတိယ အကြိမ် ညီလာခံ ကျင်းပစဉ် အဆိုပါ တောင်းဆိုချက်နှစ်ချက်ကို အဆိုတင်သွင်းကာ သဘောထားရယူခြင်း ဖြစ်သည်။ 

“နိုင်ငံရဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖို့နည်းနဲ့ အဖြေရှာဖို့ တိုက်တွန်းတယ်ဆိုရင် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့တဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒါကို ကျွန်တော် ခိုင်ခိုင်မာမာ ပြော ချင်ပါတယ်” ဟု ဒေါက်တာသိန်းလွင်က သဘောထားရယူရေးအဆို တင်သွင်းစဉ် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ 

ပညာရေး ဝန်ကြီးဌာန၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် NNER တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးစဉ် သပိတ်စစ်ကြောင်းများတွင် ပါဝင်သည့် ကျောင်းသားများနှင့် ဝန်းရံသူ များကို ဖမ်းဆီးအရေးယူခြင်း မပြုရေးကို အစိုးရနှင့် လွှတ်တော်က သဘောတူခဲ့သော်လည်း ယင်းကတိကို ဖောက်ဖျက်ကြောင်း ၎င်းက ပြောဆိုသည်။ 

ညီလာခံ ပထမနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အရပ်ဘက် ပညာရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားပြုတက်ရောက် သူ ၅၀၀ ဝန်းကျင်ခန့် ရှိပြီး ဇွန်လ ၁၉ ရက်တွင် အားလုံး၏ သဘောထားကို တစုတစည်းတည်း ရယူမည် ဖြစ်ကြောင်း၊ တက်ရောက်သူများက သဘော တူညီလျှင် ဒုတိယအကြိမ် ညီလာခံမှ ထပ်မံတောင်းဆိုမည် ဖြစ်ကြောင်း အဆိုပါ ညီလာခံထံမှ သိရှိရသည်။ 

“အန်တီတို့ကတော့ ဒါက NNER မူဝါဒဖြစ်တဲ့ အတွက် ဆက်လက်အကောင် အထည်ဖော် သွားရမှာပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ 

အလယ်တန်းအထိ အခမဲ့ပညာရေး စနစ်၊ ပညာရေးဘတ်ဂျက်ကို တစ်နိုင်ငံ လုံး အသုံးစရိတ်၏ ၁၅ ရာ ခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရေး၊ သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ဖမ်းဆီးအရေး မယူရေး၊ သမဂ္ဂများ တရားဝင် ဖွဲ့စည်းခွင့် စသည့် အချက် ၁၁ ချက်ကို ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လေးပွင့်ဆိုင်ဆွေးနွေးစဉ် အစိုးရနှင့် လွှတ်တော်က သဘောတူ ညီခဲ့ခြင်း ဖြစ်သည်။ 

“တိုင်းပြည်ကို ဦးဆောင်နေတဲ့ လူတွေက အနာဂတ်လူငယ်တွေကို ကောင်းမွေပဲပေးပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးစိုးထွန်းက မှတ်ချက်ပြု ပြောကြားသည်။ 

ယင်းသို့ လေးပွင့်ဆိုင်ဆွေးနွေးရန် သပိတ်စစ်ကြောင်းများ ရပ်နားရန် အစိုးရအဖွဲ့က ပြောကြား၍ လေးပွင့် ဆိုင် ဆွေးနွေးစဉ် သပိတ်ရပ်နားခဲ့ပြီး ပင်မသပိတ်စစ်ကြောင်းက ဆက်လက်ချီတက်ရာ မတ်လ ၁၀ ရက်က လက်ပံတန်းမြို့တွင် ရန်ကုန်မြို့တော်သို့ သပိတ်စစ်ကြောင်း ချီတက်ရေး ပဲခူးတိုင်း အစိုးရအဖွဲ့နှင့် ညှိနှိုင်းမှု မပြေလည်ရာမှ တားဆီးထားသည့် ရဲတပ်ဖွဲ့ကို ထိုးဖောက်ရာ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ 

ထို့နောက် ဗကသ ကျောင်းသားခေါင်းဆောင်များ အပါအဝင် ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၅၀ ဦးကို ပြန်လွှတ် ပေးခဲ့ကြောင်း၊ ကျန်သူများကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု စသည့် ပုဒ်မ (၅) ခုဖြင့် တရားစွဲဆိုကာ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ပြည်ထဲ ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။ 

အဆိုပါ ညီလာခံကို ဇွန်လ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ဆွေးနွေး မည်ဖြစ်ပြီး နောက်ဆုံးရလဒ် များကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ယင်းညီလာခံထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List