Wednesday, June 17, 2015

သပိတ်မှောက်ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား သာယာဝတီမြို့နယ်တရားရုံး၌ (၆) ကြိမ်မြောက် ရုံးထုတ်၊ မြို့နယ်တရားရုံးက အာမခံပယ်ချခဲ့သည့် ကျောင်းသား ၁၅ ဦးအနက် ကိုးဦး၏ အယူခံကို ခရိုင်တရားရုံးသို့ ပြင်ဆင်မှုတင်သွင်း


ဖမ်းဆီးခံကျောင်းသားများအား သာယာဝတီတရားရုံးတွင် ရုံးထုတ်စဉ် မိဘဆွေမျိုးများနှင့် တွေ့ဆုံခွင့် တားမြစ်ခြင်းကြောင့် ကိုသီဟ၀င်းတင်၏ မိခင်အပါအ၀င် မိဘဆွေမျိုးများက ကျောင်းသားများနှင့်တွေ့ ဆုံခွင့်ရရေး တောင်းဆိုစဉ်ဒီမို ကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသား များနှင့် ၀န်းရံပြည်သူများကို ဇွန် ၁၆ ရက်တွင် ရုံးထုတ်ပြီး သာယာဝတီမြို့နယ်တရားရုံးက အာမခံပယ်ချ သည့် ကျောင်းသား ၁၅ ဦးအနက် ကိုးဦး၏ အယူခံကို ခရိုင်တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့ကြောင်း သိရသည်။

ထိုသို့ အာမခံလျှောက်ထားရန် အမှုတွဲအား ခရိုင်တရားရုံးသို့ ပေးပို့ခဲ့သောကြောင့် သာယာဝတီမြို့နယ် တရားရုံးတွင် အမှုကို ဆက်လက်စစ်ဆေးခြင်း မပြုသေးကြောင်းသိရပြီး ဇွန် ၃၀ရက်တွင် နောက်တစ်ကြိမ် ရုံးချိန်းခေါ်ယူခဲ့သည်။

“အောက်ရုံးမှာက အာမခံ ၁၅ ယောက် လျှောက်ထားတယ်လေ။ လျှောက်ထားတဲ့ အထဲကနေပြီးတော့ ရှစ်ယောက်ကို ရှေ့နေ ဦးလှမျိုးမြင့်က ခရိုင်တရားသူကြီးရုံးမှာ အာမခံပြင်ဆင်မှုတင်ထားတယ်။ အဲဒါနဲ့ပတ် သက်ပြီး ဇွန် ၂၃ ရက်မှာ လျှောက်လဲချက်ပေးရမယ်။ နောက်ပြီးတော့ ဒီနေ့(ဇွန် ၁၆) ကျန်တဲ့ ခုနစ်ယောက် ထဲက တစ်ယောက်ကို အာမခံထပ်တင်တယ်။ ကျန်တာက ခြောက်ယောက်ကျန်မယ်။အဲဒီခြောက်ယောက် ကို နောက်အပတ်ထဲမှာ ကျွန်မကိုယ်တိုင် အာမခံဆက်လျှောက်မယ်” ဟုကျောင်းသားများနှင့်ဝန်းရံပြည်သူ များ ရှေ့နေ ဒေါ်ခင်ခင်ကျော်က  ပြောကြားသည်။

အာမခံလျှောက်ထားသူ ကျောင်းသားများမှာ အဝေးသင်တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး ၀န်းရံပြည်သူ များမှာမူ ကျောင်းသားသပိတ်ဖြိုခွဲခံရစဉ်က ရရှိခဲ့သော ဒဏ်ရာများကြောင့် ကျန်းမာရေးအခြေအနေအရ အာမခံလျှောက်ထားသူများဖြစ်ကြောင်း ကျောင်းသားများထံမှ သိရသည်။

“အဝေးသင်ကျောင်းသားလည်း ကျောင်းသားပဲလေ။ အဝေးသင်ကျောင်းသား မဟုတ်တာလည်း ကျောင်း သားပဲ။ ကျောင်းသားဆိုတာတော့ သူ့အခွင့်အရေးတော့ သူရသင့်တယ်။ အဝေးသင်ကျောင်းသားလည်း ဒီအစိုးရဖွင့်ထားတဲ့ကျောင်းမှာ တက်နေတဲ့ကျောင်းသားပဲ။ စာမေးပွဲဖြေခွင့်တော့ ရသင့်တယ်။ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိတက်နေတဲ့ ကျောင်းသားမှန်ရင် စာမေးပွဲဖြေခွင့်တော့ ပေးသင့်တယ်” ဟု မန္တလေးနိုင်ငံ ခြားဘာသာတက္ကသိုလ်တွင် ဒီပလိုမာတက်ရောက်နေသည့် ဖမ်းဆီးခံကျောင်းသူ မအိသဉ္ဇာမောင်က ပြောကြားသည်။

■ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသေးဟုဆို

ဒီမိုကရေစီပညာရေး ပင်မသပိတ်မှ ဖမ်းဆီးခံထားရသူ ၁၈ ဦးခန့်မှာ ကျန်းမာရေးချို့ယွင်းမှုများ ဖြစ်ပေါ် နေသောကြောင့် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် မလုံလောက်ဘဲ ၎င်းတို့ကို စနစ်တကျ ဆေးဝါးကုသခွင့်ပေးသင့်ကြောင်း ဖမ်းဆီးခံကျောင်းသားများက ရုံးထုတ်စဉ်အတွင်း ပြောကြားသည်။

“ကျွန်တော်ဆိုရင် ဒီအတိုင်းချောင်းဆိုးရင် သလိပ်ဟပ်ထုတ်လိုက်ရင် သလိပ်ထဲမှာ သွေးပါလာတယ်။ ထောင်ကိုတော့ ပြောထားပါတယ်။ နောက်တစ်ခုက အစာအိမ်ရောင်တာ ဘာမှစားလို့မရလို့ပြီးခဲ့တဲ့ရက် ကတောင် ဆေးသွင်းခဲ့ရတယ်။ ထောင်ကတော့ လာသွင်းပေးပါတယ်။ ဆေးက သိပ်ပြီး အဆင်မပြေဘူး။ အဆင်မပြေဘူးဆိုတာ လိုအပ်သလောက် ကုသခွင့်မရဘူး။ ရောဂါရဲ့အခြေအနေက ဘယ်လောက်ဖြစ်နေ တယ်ဆိုတာ ကျွန်တော်တို့ သိခွင့်မရှိဘူး။ မသိရဘူး။ အတွင်းဒဏ်ရာတွေ၊ အစာအိမ်တွေကတော့ အများ ဆုံးဖြစ်နေကြတယ်။ အရိုက်ခံရလို့ နားတစ်ဖက် မကြားတော့တာတွေ၊ ခေါင်းအမြဲတမ်း ကိုက်နေတာတွေ၊ ခြေတွေလက်တွေ ထုံနေတာတွေက ဖြစ်နေတယ်။ ရှေ့နေတွေကိုလည်း ဖြစ်တဲ့ရောဂါ နဲ့  ဖြစ်တဲ့သူတွေရဲ့ နာမည်တွေအကြောင်းကို ရေးပေးလိုက်တယ်။

အားလုံး ၁၈ ယောက်လောက်ရှိတယ်”ဟု ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းသွေးသစ်က ပြောကြားသည်။

“ထောင်တွင်း ကျန်းမာရေးအခြေအနေက ကျွန်မတို့ အမျိုးသမီးတွေဘက်မှာဆိုရင် မခိုင်မာငြိမ်းပေါ့။ သူက အာရုံကြောအားနည်းတဲ့ အနေအထားရှိတယ်။ သူက မကြာခဏ အန်တာတို့၊  ခေါင်းကိုက်တာတို့ ဖြစ် လေ့ဖြစ်ထရှိနေတယ်။ ဆရာဝန်ကိုတော့ အကြောင်းကြားထားပါတယ်။ ဆေးလည်း လောလောဆယ် သောက်နေရတယ်။ လောလောဆယ် ဆေးရုံတက်နေရတာ နှစ်ယောက်ရှိပေမယ့် ခေါင်းမူးတာတွေ အန်တာတွေဖြစ်နေတာကြောင့် ကျွန်မတို့အနေနဲ့ ဒီဝေဒနာတွေ ဘယ်တော့ပေါ်လာမလဲဆိုတာကို စိုးရိမ်နေရတယ်။ အမျိုးသားတွေကလည်း ကျွန်မတို့ရှေ့မှာတင် အရိုက်ခံခဲ့ရတာကြောင့် မမြင်ရတဲ့ ခန္ဒာကိုယ်အတွင်းပိုင်းက ဒဏ်ရာတွေကို သေသေချာချာ စိစစ်ကုသပေးသင့်တယ်”ဟုကျောင်းသားခေါင်း ဆောင် မဖြိုးဖြိုးအောင်က ပြောကြားသည်။

■ ပြည်သူ့ဂုဏ်ရည်ဆုကို မဖြိုးဖြိုးအောင် လက်ခံရယူ

အဆိုပါ ရုံးချိန်းတွင် အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူများကို ပြည်ပရောက် မြန်မာများက ရွေးချယ်ပေးအပ်သော ပြည်သူ့ဂုဏ်ရည်ဆုကို ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုး အောင်အား သူမ၏ဖခင်မှ လွှဲပြောင်းပေးအပ်ခဲ့သည်။

Eleven Media Group


No comments:

Post a Comment

My Blog List