Friday, June 19, 2015

ရေကူးအသံလွှင့်ရုံ မြေနေရာစီမံကိန်းနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက်သည်ဟု ထင်ပါက စွဲချက် တင်နိုင်ကြောင်း၊ သာမန်ဥပဒေတစ်ခု သာမန်လူတစ်ယောက် လိုက်နာရမည့် ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်မိသည်ဆိုလျှင် မည်သူမျှပြောစရာ မလိုဘဲ ...







ရေကူးအသံလွှင့်ရုံ မြေနေရာစီမံကိန်းနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက်သည်ဟု ထင်ပါက စွဲချက်တင် နိုင်ကြောင်း၊ သာမန်ဥပဒေတစ်ခု သာမန်လူတစ်ယောက် လိုက်နာရမည့် ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်မိသည်ဆိုလျှင် မည်သူမျှပြောစရာ မလိုဘဲ နုတ်ထွက်သွားဖို့ အသင့်ရှိကြောင်း လွှတ်တော်သို့ ဦးရဲထွဋ် စိန်ခေါ်

ရေကူးအသံလွှင့်စက်ရုံဝင်း မြေနေရာ စီမံကိန်းကို လွှတ်တော်က ဆိုင်းငံ့ရန် ဆုံးဖြတ်ထားသော်လည်း ပြည်ထောင်စုအစိုးရမှ ဆက်လက်စီမံ ဆောင်ရွက် သွားမည်ဟု ပြန်ကြားချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်နေ ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဇွန် ၁၈ ရက်က ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

ရေကူးစက်ရုံဝင်းစီမံကိန်းနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် သည်ဟုထင်ပါက စွဲချက်တင်ပါဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ရှင်းလင်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်ဌေးက “အဓိက တင်ပြလိုတာကတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်သည် ပြည်ထောင်စု အစိုးရအဖွဲ့ဟာ လိုက်နာရမယ့် တာဝန်ရှိပါတယ်။ ဒါကို မလိုက်နာဘဲ ဆက်လက်စီမံ ဆောင်ရွက်သွားမယ်လို့ဆိုခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေပါ တယ်” ဟု ဆွေးနွေးခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်မေ၀င်းမြင့်က ပြည်ထောင်စု အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ ပြန်ကြားစာတွင် တင်ဒါခေါ်ယူခြင်း၊ တင်ဒါစိစစ်ခြင်း လုပ်ငန်းများသည် ၀န်ကြီးဌာန၏ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ရန် ဆုံးဖြတ်ထားသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရန် စီမံဆောင်ရွက်သွားမည်ဟု ဖော်ပြထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၂၈ အရ ပြည်ထောင်စု လွှတ်တော်မှ အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် ဖြစ်သည်ဟု သိရှိဝန်ခံထား ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် အကောင်အထည် ဖော်ထားမှုအား ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာဖြစ်ပါတယ်။ အဲဒါကိုမလိုက်နာဘဲ ဆန့်ကျင်ကာ နိုင်ငံတော် အကျိုးအတွက် စီမံဆောင်ရွက်မည်ဟု ဖြေကြားချက်ဟာ အလွန်အံ့သြဖွယ် ဖြစ် ပါတယ်။ တင်ဒါခေါ်ယူမှုဟာ ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အရဆိုရင် ဒီစီမံကိန်းကြီး တစ်ခုလုံးကို ပြည်ထောင် စု လွှတ်တော်ကို အသိမပေးဘဲ ဆောင်ရွက်ခြင်းဟာ ဖွဲ့စည်းပုံကို ဆန့်ကျင်ရာ ရောက်နေပါတယ်။ ဥပဒေကို မျက်ကွယ်ပြုရာလည်း ရောက်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ပြည်ထောင်စု အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို ချမှတ်ရမည်။ ယင်းမူဝါဒများနှင့်အညီ စီမံကိန်းများကို ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ယခုကဲ့သို့သော စီမံကိန်းကြီးများကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုဖြင့် ဆောင်ရွက်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခဲ့သည်။

ဒေါက်တာဒေါ်မေ၀င်းမြင့်က “ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ပါက ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအား စွပ်စွဲပြစ်တင်မှုတွေ ပြုလုပ်နိုင်တယ်လို့  ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထား ပါတယ်။ ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြည်ထောင်စု လွှတ်တော်ရဲ့ ဆိုင်းငံ့ရန် ဆုံးဖြတ်ချက်ကို ဆန့်ကျင် ကာ စီမံဆောင်ရွက်သွားမည်ဟု အကြောင်းပြန် ကြားချက်ဟာ ဥပဒေအရ မည်မျှအထိ တာဝန်ကြီးတယ် ဆိုတာကို စဉ်းစားသုံးသပ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ရေကူးအသံလွှင့်ရုံ (ဧက ၉၀) အား ပုဂ္ဂလိကသို့ လွှဲပြောင်းမည့် ကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးသည့် ကိုယ်စားလှယ်အများစုမှာ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ချက်ကို လိုက်နာသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

“တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၈ ကို ရည်ညွှန်းပြီး ပြောဆိုဆွေးနွေးရမှာ ဖြစ်သလို ပုဒ်မ ၂၂၀ ကို ရည်ညွှန်းဆွေးနွေး ပြောဆိုကြရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို ချမှတ်ရမည်။ 

ယင်းမူဝါဒများနှင့်အညီ လိုအပ်သော စီမံကိန်းများကို ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီ ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၂၂၈ မှာလည်း  ပြည် ထောင်စုအစိုးရသည် ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်အစီရင်ခံ ရမယ်လို့ပါ,ပါတယ်။ ကျွန်တော်တို့ဖွဲ့စည်းပုံ  အခြေခံ ဥပဒေဟာ ဥပဒေများထဲမှာအချုပ် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွန်ဆန်လို့တော့ ဘယ်ပြည် ထောင်စု အဖွဲ့အစည်း ဌာနဖြစ်စေ လွန်ဆန်လို့မရပါဘူး...” ဟု ဦးခိုင်မောင်ရည်က ဆွေးနွေးခဲ့သည်။

ဦးခိုင်မောင်ရည်က “ပြည်ထောင်စုဝန်ကြီး ပြောသွားသလို အမှားအယွင်း ရှိနိုင်ပါတယ်။ အတွေ့အကြုံအရ ချို့ယွင်းမှု ရှိနိုင်ပါတယ်။ ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ၀န်ခံရပါမယ်။ ၀န်ခံရဲတဲ့သတ္တိရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘယ်သူမှ အမှားမကင်းပါဘူး။ ကျွန်တော်တို့ လုပ်ရပ်မှားရင် မှားတာကို ၀န်ခံရပါမယ်။ ပြီး တော့ ပြန်တည့်အောင် လုပ်ရပါမယ်။ ရှေ့ဆက်သွားရမယ့်ခရီးမှာ ဒါဟာ ပထမဆုံးခရီးကြမ်း ဖြစ်ပါတယ်။ အင်မတန်မှ နူးညံ့တယ်လို့ ထင်ပေမယ့် ကြမ်းတမ်းပါတယ်။ နောက်လာမယ့်ဟာကို နူးညံ့စွာနဲ့ ကူးပြောင်း နိုင်အောင် ဆောင်ရွက်ဖို့လို ပါတယ်။ ဒီအတွက် ပြည်ထောင်စုလွှတ်တော်က ထိန်းကျောင်းပေးခြင်းကို အုပ်ချုပ်ရေးက အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ပါစေလို့ ကျွန်တော်အနေနဲ့ တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။

ဦးတင်မောင်ဦးက ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အတိုင်း ဆောင်ရွက်သင့်ကြောင်း၊ အစိုးရ အဖွဲ့အနေနဲ့ လုပ်ငန်းကိုဆိုင်းငံ့ပြီး လွှတ်တော်ကို ဥပဒေနဲ့အညီ ပြန်လည်အစီရင်ခံ တင်ပြသင့်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာသင့်ကြောင်း၊ မဏ္ဍိုင်သုံးရပ်အနေဖြင့် အပြန်အလှန် ဟန်ချက်ညီညီ ညှိနှိုင်းနား လည် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် အချိန်တိုအတွင်း လျင်မြန်စွာ ရောက် ရှိနိုင်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။

ဦးတင်မောင်ဦး ဆွေးနွေးမှုအပြီး ဦးရဲထွဋ် ဖြေကြားမှု

“ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား လုံးဝမရှိပါဘူး။ ကျွန်တော့် ဇနီးရော ကျွန်တော့်သားသမီး ရော မီဒီယာလုပ်ငန်းလုပ်တာ မရှိပါဘူး။ ပြန်ကြားရေးမှာ လာပြီးတော့ ပစ္စည်းလာရောင်းတဲ့ အထဲမှာလည်း ကျွန်တော့်ဇနီး၊ သားသမီးတွေမပါ ပါဘူးခင်ဗျ။ ဒါ့ကြောင့်မို့လို့ ကျွန်တော့်မှာ ကျွန်တော့်ရဲ့ အတွေ့အကြုံ နုနယ်မှုကြောင့် ဆုံးဖြတ်မှုတွေမှာ လွဲချော်ကောင်း လွဲချော်နိုင်ပါတယ်။ ထောက်ပြစရာ ရှိကောင်းရှိနိုင်ပါ တယ်။ သို့သော် သေချာတာကတော့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်ရင်တော့ ကျွန်တော် မှတ်ကျောက်တင် ခံနိုင်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ရဲ့ နည်းဥပဒေပုဒ်မ ၆၃ (ခ) (စ) ဖြစ်ပါတယ်။ ဒါက ဒီအဆိုက အဆိုလည်းမဟုတ် အမေးအမြန်းလည်း မဟုတ်ပေမယ့်လည်း စာကိုဆွေးနွေး တာ ဖြစ်တဲ့အတွက်ကြောင့် သီးခြားပြဋ္ဌာန်းခြင်း မရှိပေမယ့်လည်း ဒီ ၆၃ (စ) ဟာ ဆွေးနွေးချက်တွေနဲ့ ဆီလျော်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်ပြန်ပြီးတော့ ညွှန်းလိုပါတယ်။ ဒီမှာ ပြဋ္ဌာန်းထားတာကတော့ ကျွန်တော်တို့သည် ဆွေးနွေးတဲ့ကိစ္စတွေဟာ ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ပဲ သက်ဆိုင်ရမယ်လို့ ၆၃ (စ) မှာ ပြဋ္ဌာန်းထား ပါတယ်။

ခုန ဦးတင်မောင်ဦး ဆွေးနွေးသွားတဲ့ ကျွန်တော်တို့ သတင်းစာပါ ဆောင်းပါးကိစ္စဟာ ဒါဟာဒီကိစ္စနဲ့ မဆိုင် ပါဘူး။ ဘာကြောင့် ဒီဆောင်းပါးတွေ ထည့်ရလဲလို့ သိချင်ရင် ကျွန်တော့်ကို နည်းဥပဒေများနဲ့အညီ မေးမြန်း၊ မေးလို့ရှိရင် ကျွန်တော်သီးခြား လာပြီးတော့မှ ကျွန်တော်တို့ ဖြေနိုင်ပါတယ်။ နောက်ဒီလိုပါပဲခင်ဗျ။ ကျွန်တော်တို့ ပြည်သူ့ရင်ပြင်ကိစ္စ။ ဒါဆိုလည်း ကျွန်တော်တို့ ကျွန်တော်တို့ ဆွေးနွေးနေတဲ့ကိစ္စနဲ့ မဆိုင် ပါဘူး။ စာနဲ့ မဆိုင်ပါဘူး။ စာမှာတကယ်တော့ ဆွေးနွေးသင့်တာက ဒီစာသည် ဘာအဓိပ္ပာယ်ဆောင်သလဲ၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြောကြားချက်ကို ငြင်းပယ်ရာများ ရောက်သလား၊ ဘယ်လိုများ စဉ်းစားထား တယ်ဆိုတဲ့ ကိစ္စကိုပဲ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ဒ်ီနှစ်ချက်ကိုတော့ ကျွန်တော်ကန့်ကွက်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်ထောက်ပြချင်တာက မီဒီယာကို ကျွန်တော် တို့က ပစ်ပယ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ဆွေးနွေးတဲ့သူ ဆိုတာက မီဒီယာတစ်ခုတည်းကိုပဲ ယူလို့မရပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ တပ်မတော်မှာ တာဝန်ထမ်းဆောင် ဖူးတဲ့သူတွေ ဒီသတင်းအချက်အလက်ကို ခိုင်မာအောင် စိစစ်ဖို့ဆိုတဲ့ကိစ္စကို ပိုပြီးတော့ နားလည်ဖို့လိုမယ်လို့ ကျွန်တော် ထင်ပါတယ်ခင်ဗျ” ဟု ဦးရဲထွဋ်ကဆိုသည်။

တင်ဒါနဲ့ပတ်သက်လို့ ၀င်ကြည့်နိုင်သည်ဟု ဦးရဲထွဋ်ပြောကြား

“နောက်တစ်ခုကတော့ ကျွန်တော်က ဦးတင်မောင်ဦးက ပြောသွားပါတယ်။ ၀န်ထမ်းတွေကို မေးလို့ရှိရင် မရပါဘူး။ ကျွန်တော်တို့ တင်ဒါကိစ္စတွေက တကယ်တော့ စာရေးမေးစရာတောင် မလိုပါဘူး။ ရိုက်ပြီး တော့မှ ၀က်ဘ်ဆိုက်မှာ ၀င်ကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့ရဲ့ တင်ဒါစည်းမျဉ်း အသေးစိတ်တွေအားလုံး ကျွန်တော်တို့ပါ,ပါတယ်။ ပြီးရင်ကျွန်တော်တို့ အခုန ကျွန်တော်တို့ရဲ့ တင်ဒါစည်းမျဉ်းမှာ ကျန်စရာအ ကြောင်းလည်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Eleven က ရေးတဲ့အခါမှာ သူတို့ရဲ့ ၀က်ဘ်ဆိုက်မှာ ကျွန်တော်တို့ဆီက ယူသွားတဲ့၊ ၀ယ်သွားတဲ့ဟာကိုလည်း အပြည့်အစုံ တင်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်က မီဒီယာတစ်ခုတည်းကို ပြောတယ်ဆိုခြင်းသည် မီဒီယာကို အားမကိုးရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ဆွေးနွေးတဲ့ အကြောင်းအရာ ကြီးမားလာတာနဲ့အမျှ ပိုမိုကျယ်ပြန့်တဲ့ သတင်းအချက်အ လက်တွေက ရှာဖွေဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုပဲ ကျွန်တော်တို့ ထောက်ညွှန်ပြလိုခြင်း ဖြစ်ပါတယ်။

နောက်တစ်ခါ ကျွန်တော်တို့ ပုဒ်မ ၂၂၁ မှာ ညွှန်းပြီးတော့ ပြောသွားတာရှိ ပါတယ်။ ပုဒ်မ ၂၂၁ ဆိုတာ ကတော့ ဘဏ္ဍာငွေ အစိုးရ ရသုံးထဲတွင်ထည့်ပြီး လုပ်ရမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ကိုပိုက်ထွေး ဦးပိုက်ထွေး လာရှင်းပြတုန်းကလည်း ပါပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဒါကိုလုပ်တဲ့အခါ လုပ်ငန်းပမာဏ အရမ်းကြီးမားတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့သည် နိုင်ငံတော်က ငွေကြေးကို ထည့်စရာမလိုဘဲနဲ့ ဟိုဘက် သည်ဘက် လုပ်ပိုင်ခွင့်နဲ့ ကျွန်တော်တို့ရမယ့် အဆောက်အအုံ အသစ်တွေကို ပြောင်းပြီးတော့ လုပ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်အနေနဲ့ ငွေကြေးထည့်ဝင်စရာ မလိုပါဘူး။ ဒါကြောင့်မို့လို့ ဒါက လည်း ၂၂၁ ကို ညွှန်းမယ်ဆိုရင် ကျွန်တော်တို့ လုပ်တဲ့စနစ်နဲ့ ၂၂၁ နဲ့ လို၊ မလိုဆိုတာလည်း ပြန်ပြီးတော့ စဉ်းစားရမယ့်ကိစ္စလို့ ကျွန်တော် မြင်ပါတယ် ခင်ဗျ။ နောက်တစ်ခါ ပုဒ်မ ၂၂၈ မှာ ကျွန်တော်တို့ ပြောသွား တဲ့အခါမှာ အုပ်ချုပ်ရေးဆိုတဲ့ စာသားရှိပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်။ အဲဒီတော့ ဒီမှာလည်း ကျွန်တော်တို့က ကျွန်တော့် အနေနဲ့ကတော့ ဒါဖွဲ့ စည်းပုံ အခြေခံဥပဒေကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုဖို့လည်း တာဝန်မရှိပါဘူး။ သို့သော် ကျွန်တော်တို့အနေနဲ့ အုပ်ချုပ်ရေးဆိုတဲ့ စကားရပ်နဲ့ စီမံခန့်ခွဲရေးဆိုတဲ့ စကား ရပ်ကိုတော့ ကျွန်တော်တို့ ပြန်လည်စဉ်းစား သင့်တယ်လို့ ထင်ပါတယ်ခင်ဗျ” ဟု ဦးရဲထွဋ်က ပြောကြား သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဦးရဲထွဋ်၏ ပြောစကားများကို ကန့်ကွက်

“လွှတ်တော်မှာ ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးချက်ကို ကန့်ကွက် ပိုင်ခွင့် ရှိသူဟာ လွှတ်တော်ကိုယ်စားလှယ်သာ ဖြစ်ပါတယ်။ ကန့်ကွက်ခြင်း၊ ထောက်ခံဆန္ဒမဲပေးခြင်း၊ ကန့်ကွက်ဆန္ဒ မဲပေးခြင်း၊ ကြားနေမဲပေးခြင်း အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ဆွေးနွေး ချက်ကို ကန့်ကွက်လိုလျှင် လွှတ်တော်ကိုယ်စားလှယ်ကပဲ ကန့်ကွက်ခွင့် ရှိပါတယ်။ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ က လွှတ်တော်ကိုခေါ်တဲ့ အခါမှာ လာရောက်ရှင်းလင်းဖို့ပဲ တာဝန်ရှိပါတယ်။ ဒီအတွက် ကျွန်တော်အခုလို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ ပြောဆိုချက်ကို ကန့်ကွက်ပါတယ်လို့ ပြောတဲ့အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းကို ကျွန်တော့်အနေဖြင့် ကန့်ကွက် ပါသည်ဟု ပြောလိုပါတယ်” ဟု ဦးခိုင်မောင်ရည်က ကန့်ကွက်ခဲ့သည်။

ဦးရဲထွဋ်က ပြန်လည်ချေပမှု

“ကျွန်တော်ကတော့ ကန့်ကွက်တယ်ဆိုတာ မဲပေးတဲ့ သဘောမဟုတ်ပါဘူး။ ကျွန်တော်က ထောက်ပြချင် တာက သိပ်မကြာခင်ကလည်း ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရှင်းပြတဲ့အခါမှာ ကျွန်တော်တို့ အဲဒီတုန်းက ဦးနန္ဒကျော်စွာက နာယကနေရာမှာထိုင်ပြီး လုပ်တဲ့အချိန်မှာ ထင်ပါတယ်ခင်ဗျ။ အဲဒီမှာလည်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးချက်တွေက အဲဒီမှာကျတော့ ကျွန်တော်ထင်ပါတယ်။ ဂုဏ်သိက္ခာတွေ နဲ့ ပတ်သက်ပြီး ပြောတဲ့အတွက် မသင့်လျော်သော အသုံးအနှုန်း ရှိသည်ဆို၍ ပြောကြားသွားသည့် အတွက် ကြောင့်မို့လို့ ကျွန်တော်က ဒီအတိုင်း လိုက်ပြောတာ ဖြစ်ပါတယ်။ ကန့်ကွက်တယ်ဆိုတဲ့ စကားမသုံးရဘူး ဆိုရင်လည်း ထောက်ပြတယ်ဆိုတဲ့ စကားကို ကျွန်တော်သုံးချင် ပါတယ်ခင်ဗျ။

နောက်တစ်ခုကတော့ ဆက်ပြီးတော့ ကျွန်တော်ဆွေးနွေးရမယ် ဆိုရင်တော့ နောက်ဆုံးတစ်ခု ပါပဲခင်ဗျာ။ ၂၂၈ ကိစ္စပါပဲ။ ၂၂၈ ကိုတော့ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး။ သို့သော် ကျွန်တော်အနေဖြင့် ပြောချင်တာက အုပ်ချုပ်ရေးဆိုတဲ့ စကားလုံးနဲ့ စီမံခန့်ခွဲခွင့်ဆိုတဲ့ စီမံခန့်ခွဲမှုဆိုတဲ့ နှစ်ခုကြားမှာတော့ ကျွန်တော်တို့ မတူညီတာတွေ ရှိနိုင်ပါတယ်လို့ မြင်ပါတယ်။ ကျွန်တော် တစ်ဦးချင်း ကျွန်တော်တာဝန် ယူနေရသော ၀န်ကြီးဌာန အနေဖြင့် ကျွန်တော်နားလည်တာကို ပြောရရင်တော့ စီမံခန့်ခွဲမှုဆိုတာဟာ ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်များကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ၀န်ကြီးနဲ့ဌာနဆိုင်ရာ အကြီးအကဲပါဝင်တဲ့ အလုပ်အမှုဆောင်အဖွဲ့က ဆောင်ရွက်ရတဲ့ ကိစ္စလို့ နားလည်ပါတယ်” ဟု ဦးရဲထွဋ်က ပြောပါသည်။

အဂတိလိုက်စားရင် အရေးယူခံဖို့အသင့်ဟု ဦးရဲထွဋ်ဆို

“တကယ်လို့စီမံခန့်ခွဲမှုကို ကျွန်တော် ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်သည် ပုဂ္ဂိုလ်ရေး အကျိုးစီးပွားပါ တယ်၊ ကျွန်တော်ဟာ အဂတိလိုက်စားမှု ရှိတယ်ဆိုရင် ကျွန်တော်တို့ အချိန်မရွေး ကျွန်တော်အရေးယူ ခံနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် နာယကကြီးကို တင်ပြချင်တာက ကျွန်တော့်ပြန်ကြားရေး ၀န်ကြီးဌာ နရဲ့ လုပ်ငန်းများကို လုပ်တဲ့အခါမှာ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်တွေသည် မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်၊ အားနည်းမှုများ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် သေချာတာ တစ်ခုကတော့ ကျွန်တော့်မှာ ကိုယ်ရေး ကိုယ်တာ အကျိုးစီးပွား လုံးဝ မရှိပါဘူး။ ကျွန်တော့်ဇနီးရော၊ ကျွန်တော့် သားသမီးရော မီဒီယာလုပ်ငန်း လုပ်တာ မရှိပါဘူး။ ပြန်ကြားရေးမှာ လာပြီးတော့ ပစ္စည်းလာရောင်းတဲ့ အထဲမှာလည်း ကျွန်တော့်ဇနီးတွေ သားသမီးတွေမပါ,ပါဘူးခင်ဗျ” ဟု ဦးရဲထွဋ်က ဆိုသည်။

“ဒါ့ကြောင့်မို့လို့ ကျွန်တော့်မှာကျွန်တော့်ရဲ့ အတွေ့အကြုံနုနယ်မှုကြောင့် ဆုံးဖြတ်မှုတွေမှာ လွဲချော်ကောင်း လွဲချော်နိုင်ပါတယ်။ ထောက်ပြစရာ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် သေချာတာကတော့ ကိုယ်ကျင့်တရား နဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်ရင်တော့ ကျွန်တော်မှတ်ကျောက်တင် ခံနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံကို ဆန့်ကျင်နေသည်ဟု ကိုယ်စားလှယ် ဦးကျော်နိုင်ဌေး၏ ဆွေးနွေးချက်

“နိုင်ငံပိုင်မြေဧက ၉၀ ကို ပုဂ္ဂလိက အပြီးအပိုင် လွှဲပြောင်းပေးပို့ရာ အတွက်ကို ပြန်ကြားရေး ၀န်ကြီးဌာနက စီစဉ်ပါတယ်။ ဒါကိုကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်က အဲလိုအပြီးအပိုင် လွှဲပြောင်းမယ့် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ အဆိုတင်သွင်း ဆုံးဖြတ်ထားခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ရပ်ဆိုင်းဖို့ ဆုံးဖြတ် ချက်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် သက်ဆိုင်ရာ ၀န်ကြီးဌာနဟာ ၁၀ ရက်ကျော်ကြာတဲ့ အချိန်အထိ အဆိုဆုံးဖြတ်ခဲ့တာ ကျွန်တော်တို့ ၅ လပိုင်း ၂၂ ရက်နေ့ ဖြစ်ပါတယ်။ ၀န်ကြီးဌာနကတော့ အဆိုကို ဆုံးဖြတ်ပြီးပြီ၊ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ပြီးပေမယ့် ခြောက်လပိုင်း ၃ ရက်နေ့ရောက်တဲ့အထိ နောက်ဆုံး Myanmar Media United ကုမ္ပဏီလီမိတက်ကို တင်ဒါရောင်းချ ပေးလိုက်ပါတယ်။ အဓိပ္ပာယ်ကတော့ ပြည်ထောင် စုလွှတ်တော်က ရပ်ဆိုင်းဆုံးဖြတ်သော်ငြား ၀န်ကြီးဌာနသည် ဆက်လက်လုပ်ဆောင်တယ်ဆိုတဲ့ အဓိပ္ပာယ် ပါ။ ခြောက်လပိုင်း ၄ ရက်မြောက် နေ့မှာတော့ ကျွန်တော်တို့ လွှတ်တော်ကို တရားဝင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက စာပြန်ပါတယ်။ ဆက်လက် စီမံဆောင်ရွက် သွားမယ်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီကိစ္စဆွေးနွေး ရန် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ဒါဆိုရင် ပြည်ထောင်စုလွှတ်တော်က စီမံကိန်းကိုရပ်ဆိုင်းဖို့ ဆုံးဖြတ် ချက်ကို  ပြည်ထောင်စု အစိုးရအဖွဲ့က လိုက်နာစရာ မလိုဘူးလားလို့ မေးစရာ ရှိလာပါတယ်။ အဓိက တင်ပြလိုတာကတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်သည် ပြည်ထောင်စု အစိုးရအဖွဲ့ဟာ လိုက်နာရမယ့် တာဝန်ရှိပါတယ်။ ဒါကိုမလိုက်နာဘဲ ဆက်လက်စီမံ ဆောင်ရွက်သွားမယ်လို့ ဆိုခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေပါကြောင်း တင်ပြလိုက်ရပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ဌေးက ဆိုသည်။

ရေကူးစက်ရုံ လွှဲပြောင်းရေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ချိန်၌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပြီးချိန်တွင် ရွေးကောက်ခံ အခြားလွှတ်တော် ကိုယ်စားလှယ်များက လက်ခုပ်တီးထောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ရှင်းလင်းပြောကြားချိန်တွင်မူ ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သား ကိုယ်စားလှယ်များက  လက်ခုပ်တီးကာ ထောက်ခံခဲ့ကြသည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့လွှတ်တော်တွင်း အပြန်အလှန် ထောက်ခံမှုများဖြင့် ဆွေးနွေးနေသည့် မြင်ကွင်းအား တီဗွီမှသာ ကြည့်ရှုရကြောင်း၊ ထို့အတွက် ထောက်ခံအားပေး မှုများကို မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့ကြောင်း သတင်း ထောက်များက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်

တင်ဒါစည်းမျဉ်းများတွင် ကန့်သတ်ထားချက်များမှာ အစုအဖွဲ့ တစ်စုစုမှသာ လုပ်ကိုင်ခွင့်ရမည့် အချက်များ ပါဝင်နေပြီး တင်ဒါစည်းမျဉ်း အမှတ်စဉ်(၁၂) တွင်လည်း “တင်ဒါတင်သွင်းသူများ၏ အဆိုပြုလွှာများကို တင်ဒါစိစစ်ရေး အဖွဲ့မှ စိစစ်ရာတွင် ဈေးနှုန်းတစ်ခုတည်းကို အခြေခံ၍ အဆုံးအဖြတ် ပြုမည်မဟုတ်ပဲ တင်ဒါတင်သွင်းသူ၏ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အသွေး၊ တည်ဆောက်ပေးနိုင်သည့် စီမံကိန်း အရည်အသွေး တို့ကိုလည်း ထည့်သွင်းစဉ်းစားပြီး မီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ အပြုနိုင်ဆုံး တင်ဒါကိုသာ စိစစ်ရွေးချယ်မည် ဖြစ်ပါသည်” ဟု ကန့်သတ်ထားသည့်အတွက် နိုင်ငံတော်အ တွက် မည်မျှကောင်းအောင် လုပ်ပေးနိုင်သည့် ကုမ္ပဏီများပေါ်လာလျှင်လည်း နောက်ဆုံး၌ တင်ဒါစိစစ်ရွေး ချယ်ရေး အဖွဲ့မှ ရွေးသည့်ကုမ္ပဏီကသာ ရရှိသွားမည့် ကန့်သတ်ချက်မျိုး ပါဝင်နေကြောင်း တင်ဒါစည်းမျဉ်း များအရ သိရသည်။

မီဒီယာလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများသာ လုပ်ကိုင်ခွင့်ပြုမည်ဟု ဆိုသော်လည်း ဘဏ်ရုံးခွဲ၊ ဟိုတယ်၊ အပန်းဖြေ ရိပ်သာများကိုလည်း ထည့်သွင်းလုပ်ကိုင်ခွင့်ကို တင်ဒါစည်းမျဉ်းများထဲတွင် ထည့်သွင်း ထားပြန်သည်။

ရေးကူးအသံလွှင့်ရုံဝင်း တင်ဒါပုံစံအား ကုမ္ပဏီခြောက်ခုမှ ၀ယ်ယူထားပြီး အဆိုပါ ကုမ္ပဏီများထဲတွင် ရွှေသံလွင်မီဒီယာ ကုမ္ပဏီသည်လည်း ပါဝင်သည်။

ကျန်ကုမ္ပဏီများမှာလည်း နောက်ကွယ်တွင် လုပ်ပိုင်ခွင့် အမျိုးမျိုးရခဲ့သည့် ခရိုနီကြီး အချို့နှင့်ပတ်သက် သည့် ကုမ္ပဏီများ ပါဝင်နေကြောင်းလည်း သိရသည်။

ရေကူးအသံလွှင့်ရုံဝင်းဟောင်းနေရာ မြေဧက ၉၀ ဆိုသည်မှာ ကာလတန်ကြေးအရ ကျပ်ဘီလျံပေါင်း ၃၅၀ မှ ၅၀၀ ၀န်းကျင်အထိ တန်ကြေးရှိသည့် နေရာဖြစ်ပြီး အဆိုပါ မြေဧက ၉၀ ကို တင်ဒါအောင်မြင်သူသို့ အပြီးအပြတ်ပေးမည့် တင်ဒါလည်းဖြစ်သည်။

ယခုတင်ဒါ စည်းမျဉ်းအရ ဆိုပါက နိုင်ငံတော်အတွက် ပြန်လုပ်ပေးမည့် ကုန်ကျငွေမှာ ကျပ်ဘီလျံ ၅၀ ၀န်း ကျင် တန်ဖိုးလောက်သာ ရှိသည့်အတွက် ဧက ၉၀ အား လုပ်ပိုင်ခွင့် ရရှိသွားသူသည် ကျပ်ဘီလျံပေါင်း ၃၀၀ နှင့်အထက် အကျိုးအမြတ် ရရှိသွားမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ကျပ်ဘီလျံ ၃၀၀ နှင့် အထက် နစ်နာသွားမည့် တင်ဒါဖြစ်သည်။

အကယ်၍ ယခုအတိုင်း တင်ဒါခေါ်ပြီးနောက် နိုင်ငံတော်အနေဖြင့် ကျပ်ဘီလျံ ၃၀၀ ကျော်နစ်နာခဲ့သည်ဆိုပါက တင်ဒါခေါ်ယူခဲ့သူများ အားလုံးသည် အများပြည်သူနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့် ရှောက်ရေး ဥပဒေပုဒ်မ ၃ ဖြင့် ငြိစွန်းနိုင်သည်ဟု ဥပဒေပညာရှင်များက သုံးသပ်သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆေးနွေးမှုများနှင့် ပတ်သက်၍ ဦးရဲထွဋ်၏ Facebook တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ထိုသို့ဖော်ပြ ထားရာ၌ “အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက်တယ်လို့ ထင်လို့ရှိရင် စွဲချက်တင်ပါ” ဟူ၍လည်းကောင်း၊ “သာမန်ဥပဒေတစ်ခု သာမန်လူ တစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်မိ တယ် ဆိုရင်တောင်မှ ဘယ်သူမှ ပြောစရာ မလိုဘဲနဲ့ နုတ်ထွက်သွားဖို့ အသင့်ရှိပါတယ်” ဟူ၍လည်းကောင်း စသည့် စာသားများ ဖော်ပြထားသည် ကို တွေ့ရသည်။

Eleven Media Group


No comments:

Post a Comment

My Blog List