Monday, June 15, 2015

ပထမဆုံး အမေရိကန် အမျိုးသမီးသမ္မတ ဖြစ်ရေး ဟီလာရီကလင်တန် စတင်မဲဆွယ်


အမေရိကန်ပြည်ထောင်စုတွင် ညီညွတ်မျှတမှုနှင့် ချမ်းသာကြွယ်ဝမှု ရှိသော ခေတ်သစ်တစ်ခုကို ဖန်တီးပေးမည်ဟု ဟီလာရီကလင်တန်က ကတိကဝတ် ပေး ပြောဆိုပြီး လာမည့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ အတွက် တရားဝင် မဲဆွယ်စည်းရုံးမှုကို စတင်လိုက်ကြောင်း ပြည်တွင်း မီဒီယာများက ရေးသားဖော်ပြသည်။

New York Times သတင်းစာ ရေးသားဖော်ပြချက်အရ ဟီလာရီကလင် တန်သည် လူကြိုက်များ ရေပန်းစားမည့် စကားလုံးများဖြင့် မဲဆွယ်စည်းရုံး မှုများကို စတင်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

“အမေရိကန်နိုင်ငံသားတချို့ အတွက် ကျွန်မ ဝင်ရောက်ယှဉ်ပြိုင်တာ မဟုတ်ပါဘူး၊ အမေရိကန်တွေ အားလုံးအတွက် ဝင်ပြိုင်တာပါ” ဟု ဟီလာရီကလင်တန်က ဆိုသည်။

မဲဆွယ်စည်းရုံးမှုကို စနေနေ့က နယူးယောက်စီးတီး ရုစဗဲ့လ်အိုက်စလန်တွင် ပြုလုပ်ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် သမီးဖြစ်သူ ချယ်လ်ဆီးကလင်တန်တို့ အပါအဝင် ၎င်းကို ထောက်ခံသူ ရာပေါင်းများစွာ တက်ရောက်ကြသည်။

“ချမ်းသာကြွယ်ဝမှုဆိုတာ စီအီးအိုတွေနဲ့ ရန်ပုံငွေ မြောက်မြားစွာ ပိုင်ဆိုင်ကြတဲ့ မန်နေဂျာတွေအတွက်သာ မကပါဘူး၊ ဒီမိုကရေစီ ဆိုတာလည်း ဘီလျံနာတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေ အတွက်သာ မကပါဘူး။ ဒီမိုကရေစီနဲ့ ကြွယ်ဝချမ်းသာမှုဆိုတာ သင်တို့ နိစ္စဓူဝ အခြေခံဘဝထဲက အစိတ်အပိုင်း တွေပဲ ဖြစ်ပါတယ်။ 

ကျွန်မတို့ရဲ့ တိုင်းပြည်ကို ရှင်တို့ ပြန်ယူသွားတယ်၊ အခုဆိုရင် ရှင်တိုလုပ်ပြရမယ့် အချိန်ပါပဲ၊ ပန်းတိုင်ကို ရောက်ဖို့နဲ့ ရှေ့ဆက်သွားနိုင်ဖို့ ရှင်တို့ လုပ်ဆောင်ကြရမယ့်အချိန် ရောက်ပါပြီ” ဟု ဟီလာရီကလင်တန်က ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် လူလတ်တန်းစားများ အနေနှင့် ပိုမိုတိုးတက်ဖွံ့ဖြိုးမှု ရှိပြီး ပိုမိုမျှတမှုရှိသော လူမှုဘဝများ ရရှိရန် လိုအပ်ကြောင်း၊ တိုးတက်ဖွံ့ဖြိုးမှုနှင့် မျှတမှုဟူသည် အတူတကွရှိကြရန် လိုအပ်ကြောင်း ဟီလာရီကလင်တန်က ဆိုသည်။

“ထာဝရ ချမ်းသာကြွယ်ဝတာကို လိုချင်တယ်ဆိုရင် ညီညွတ်မျှတမှု မရှိဘဲ တိုးတက်ဖွံ့ဖြိုးမှု တစ်ခုတည်း ရှိထားလို့ မရနိုင်ပါဘူး”အကယ်၍ အမေရိကန်သမ္မတ အဖြစ် ၂၀၁၆ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရမည် ဆိုပါက ထိပ်ပိုင်းတွင်ရှိသည့် အီလစ်များအတွက် သာမက အမေရိကန် နိုင်ငံသား အားလုံးအတွက် စီးပွားရေး ကောင်းမွန်အောင် လုပ်ဆောင်သွား မည် ဖြစ်သည်ဟု ကတိကဝတ်ပြု ပြောဆိုသည်။

လက်ရှိ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ယခင်သမ္မတများ ဖြစ်ကြသော ဖရန်ကလင်းရုစဗဲ့လ်နှင့် ဘီလ်ကလင်တန်တို့သည် “စစ်မှန်ပြီး ထာဝရ တည်တံ့နိုင်သော ချမ်းသာကြွယ်ဝမှုကို အားလုံးက ပြိုင်တူတည် ဆောက်ယူမှ ရသလို၊ အားလုံး မျှဝေပေးနိုင်မှ ရနိုင်သည်” ဟူသော အိုင်ဒီယာကို လက်ခံယုံကြည်ကြသည်ဟု ဟီလာရီကလင်တန်က ပြောကြားသည်။

ထို့ပြင် မိမိအနေနှင့် လူနည်းစုသာ အထူးအခွင့်အရေး ရယူနေမှုများ အဆုံးသတ်ရေး၊ အများပြည်သူ လွတ်လပ်ခွင့်များ တည်တံ့နိုင်ရေး၊ လူနေမှုအဆင့်အတန်းများ အဆက်မပြတ် မြင့်တက်လာရေး အစရှိသည်တို့ အတွက်လည်း လုပ်ကိုင်ဆော်သြသွားမည် ဖြစ်သည်ဟု ပြောကြားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List