Friday, June 19, 2015

၄၃၆ (က) ပြင်ဆင်ရေး လာမည့်သီတင်းပတ် အပြီးဆွေးနွေးမည်ဟု သူရဦးရွှေမန်း ပြောကြား


ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် ပြုလုပ်နေသည့် အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းမှ ပုဒ်မ ၄၃၆ (က) နှင့် သက်ဆိုင်သော ပြင်ဆင်ချက် မူကြမ်းကို ဇွန်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ သုံးရက်အတွင်း အပြီးသတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြား သည်။

ပြင်ဆင်ရေးကိစ္စအပေါ် ဆွေးနွေးမည့် ရက်ကန့်သတ်ချက်ကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းမူကြမ်းတွင် ပုဒ်မ ၄၃၆ (က) နှင့်အတူ ပုဒ်မ ၅၉ (ဃ) တွင် နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး စသည့်အမြင်များ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်သတ်ထားသော ပုဒ်မ ၅၉ (စ) ပြင်ဆင်ချက်များလည်း ပါဝင်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ပြောကြားသည်။

ယင်းပုဒ်မပါ အချက်များကို ဆွေးနွေးရန် ကြံ့ခိုင်ရေးပါတီမှ ၃၃ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၆ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၃ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၂ ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ၂ ဦး၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊ ချင်းတိုးတက်ရေးပါတီမှ ၂ ဦးနှင့် ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၊ တအာင်းပလောင် အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ဖလုံစအော် ဒီမိုကရက်တစ်ပါတီတို့မှ တစ်ဦးစီ ဆွေးနွေးမည်ဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ် ဦး ပါဝင်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားသူများတွင် ကြံ့ခိုင်ရေးပါတီမှ ၁၁ ဦးသာ ဆွေးနွေးရန် စိစစ်သွား မည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အရေအတွက် လျှော့ချလိုပါက လျှော့ချနိုင်ကြောင်း ၎င်းကဆို သည်။

ကိုယ်စားလှယ်အားလုံး အတွက် ဆွေးနွေးချိန် ၁၀ မိနစ်စီ ကန့်သတ်ပေး ထားမည် ဖြစ်ကြောင်း ၎င်းက ထပ် လောင်းဆိုသည်။

ပြင်ဆင်ရေးမူကြမ်းပါ ပုဒ်မ ၄၃၆ (ခ) ကို ယင်းကိစ္စ ပြီးသည်နှင့် ဆက်လက်ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List