Tuesday, June 16, 2015

ဥပဒေအတိုင်း လှေလှည့်ပြန်ခိုင်းတာလို့ Morrison ဆို


လှေတွေနဲ့ ဝင်လာသူကို သြစတြေးလျက ငွေပေးပြီး လှည့်ပြန်ခိုင်းသလားလို့ ဖိအားပေးရချိန်မှာပဲ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဟောင်း Scott Morrison ကတော့ သြစတြေးလျ အနေနဲ့ တရားဥပဒေအတိုင်းသာ ဆောင်ရွက်တယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့ပါတယ်။

သြစတြေးလျ ရေပိုင်နက်ထဲ ဝင်လာတဲ့ လှေကို သြစတြေးလျက ငွေပေးပြီး လှည့်ပြန်ခိုင်းသလား ဆိုတာကို ပြောပြဖို့ အင်ဒိုနီးရှား အစိုးရက တောင်းဆို နေသလို အတိုက်အခံပါတီတွေကလည်း အစိုးရကို အလားတူ ဖိအားပေးနေ ကြပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက မြန်မာနိုင်ငံသားအပါအဝင် သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ ရှ်နိုင်ငံသား ၆၅ ယောက် တင်ဆောင်လာတဲ့ လှေတစ်စီး နယူးဇီလန်ကို သွားဖို့ ရည်ရွယ်ခဲ့ပေမယ့် သြစတြေးလျ ရေပိုက်နက်ထဲ ဝင်လာခဲ့ပါတယ်။

အဲဒီလှေရဲ့ ကပ္ပတိန်နဲ့ အမှုထမ်းတွေကို သြစတြေးလျက တစ်ယောက်ကို ဒေါ်လာ ၅၀၀၀ စီပေးပြီး လာရာလမ်းအတိုင်း ပြန်လှည့်ပြန်ခိုင်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီလှေက အင်ဒိုနီးရှားကို ပြန်လာတုန်း ကျောက်တန်းနဲ့ တိုက်မိရာက ဒုက္ခရောက်ပြီး အင်ဒိုနီးရှား တံငါသည်တွေက ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

လှေပေါ်ပါလာသူတွေရဲ့ ပြောပြချက်တွေ ဟုတ်မဟုတ် ဆိုတာကို အတည်ပြုပေးဖို့ အင်ဒိုနီးရှား အစိုးရက တောင်းဆိုနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားက စုံစမ်းမှုတွေလည်း လုပ်နေပါတယ်။

အတိုက်အခံ လေဘာပါတီနဲ့ ဂရင်းပါတီကလည်း အမှန်အတိုင်း ပြောပြဖို့ သြစတြေးလျ အစိုးရကို ဖိအားပေးနေကြပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကတော့ လူကုန်ကူးသူတွေကို ပိုက်ဆံ မပေးဘူးလို့ မငြင်းဆိုသလို ပေးတယ်လို့လည်း မဝန်ခံခဲ့ပါဘူး။

လှေတွေကို သြစတြေးလျနိုင်ငံထဲ မဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ပဲ ပြောဆိုနေပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ်ကလည်း အိမ်နီးချင်းတွေအနေနဲ့ သူတို့ရဲ့ နယ်စပ်ကိုသာ လုံခြုံစွာ စောင့်ကြည့်သင့်တယ်လို့ ပြောဆိုထားပါတယ်။

ABC


No comments:

Post a Comment

My Blog List