Wednesday, April 01, 2015

ပုသိမ်မြို့မှ ဆင်ဖြူတော်ကို နေပြည်တော်ပို့မည်


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သလပ်ခွာ သစ်တောကြိုးဝိုင်း မှ ဖေဖော်ဝါရီလ ၂၇ ရက်က ရရှိခဲ့ သည့် ဆင်ဖြူတော်ကို ဧပြီလဆန်းပိုင်း သင်္ကြန်မတိုင်မီ နေပြည်တော်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း အဆိုပါ ဆင်ဖြူတော်အား ယဉ်ပါးလာစေရန် လေ့ကျင့်ပေးလျက် ရှိသည့် ဆင်ဆရာဝန် ဒေါက်တာဝမ်ထွန်းက ပြော ကြားသည်။
အမြင့် ခြောက်ပေသုံးလက်မ၊ လုံးပတ် ရှစ်ပေရှစ်လက်မရှိသော ဆင်ဖြူတော်(ဆင်မ)ကို မေ့ဆေးဖြင့် ပစ်ခတ် ဖမ်းဆီးရခြင်းဖြစ်ပြီး ထိမှန်ခဲ့သည့် ဒဏ်ရာမှာ အနာဖြစ်ခဲ့သောကြောင့် ဆေးကုသလျက်ရှိကြောင်း ဆင်ဖမ်းအဖွဲ့တွင် ပါဝင်သော ဒေသခံမုဆိုး ဦးမောင်မောင်စိုးက ပြောဆိုသည်။

“မေ့ဆေးကျည်ဆန် ဒဏ်ရာက ပျောက်နေပါပြီ။ ဆင်ဖြူမလေးကလည်း ယဉ်နေပြီဆိုတော့ နေပြည်တော်ကို ပို့မှာပါ။ ရက်အတိအကျ မသတ်မှတ်ရသေးဘူး။ ဧပြီလဆန်း သင်္ကြန်မတိုင်မီ ပို့ဖြစ်ဖို့များတယ်” ဟု ဒေါက် တာဝမ်ထွန်းက ဆိုသည်။

ပုသိမ်မြို့နယ်အတွင်း ဆင်ဖြူတော် ရရှိခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး အနေနှင့် နဝ မမြောက် ဆင်ဖြူတော် ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်က ပထမအကြိမ်ရရှိသော ဆင်ဖြူတော်ကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတွင် ဟေမဝတီ ဆင်ဖြူတော်အဖြစ်ထားရှိကြောင်း ဧရာဝတီ တိုင်းဒေသကြီး သစ်လုပ်ငန်း ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List