Wednesday, April 01, 2015

တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း သဘောတူညီချက်ရသွားသည့်အပေါ်










သတင်းစာဆရာကြီး ဖိုးသောကြာ

“ကျနော် ပြောနိုင်တာ တခုတော့ရှိတယ်ပေါ့ဗျာ ဒါ ကျနော့်အတွေ့ အကြုံပေါ နော်။ ကျနော်တို့ ၁၉၆၃ ခုနှစ် တုန်းက ပြည်တွင်းငြိမ်းချမ်းရေး ၁ ခါ ခေါ်ဖူးပါတယ်ဗျာ။ အဲဒီတုန်းက ငြိမ်းချမ်းရေး ခေါ်တယ်။ သို့သော် ငြိမ်းချမ်းရေး ပျက်သွားတယ်ဗျာ။ အဲဒီတုန်းက လက်နက်ကိုင်အဖွဲ့ အစည်းတွေ အဲသလောက် မများ ဘူးပေါ့ဗျာ။ မများပေမယ့် တကယ့် ဒိတ်ဒိတ်ကြဲ တောတွင်းလက်နက်ကိုင် နိုင်ငံရေးပါတီတွေ လာကြ တာပေါ့ဗျာ။ 

သို့သော်လည်းပဲ ငြိမ်းချမ်းရေး ပျက်သွားတယ်ဗျာ။ ပျက်သွားတဲ့အပေါ်မှာ ၂ ဘက်စလုံးက ဘာတွေ စွပ်စွဲလဲဆိုတော့ ပရိယာယ်တွေ များတယ်ပေါ့ဗျာ။ ကလိန်ကကျစ်တွေ များတယ်ပေါ့ဗျာ။ မရိုးသားဘူးပေါ့ဗျာ အဲလိုမျိုးတွေ ပြော တယ်ဗျ။ ဒါ ၂ ဖက်စလုံးက တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲကြတာပေါ့ ဗျာ။ ကျနော်တခု ပြောနိုင်တာက ဒီကနေ့ရတဲ့အချက်အလက်တွေအားလုံး အပေါ်မှာ လက်မှတ်ထိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေ အားလုံးက တိုင်းပြည်ကို တကယ်တိုးတက်ကြီးပွားစေချင်တဲ့သူတွေ၊ တိုင်းရင်းသားပြည်သူ လူထုကို တကယ်တိုးတက်စေချင် တဲ့ စေတနာတွေပေါ့ဗျာ အဲဒီဟာတွေကို ရိုးရိုးသားသားပေါ့ ရိုးရိုးရှင်းရှင်း ရိုးရိုးသားသား နိုင်ငံနဲ့ တိုင်းရင်းသားတွေ အပေါ်မှာ ရိုးရိုးရှင်ရှင်းနဲ့ အကောင်းဆုံးသော စေတနာထား မလုပ်နိုင် ရင်တော့ ဘယ်လောက်ပဲ အချက် အလက်တွေ ရေးထားရေးထား၊ ဘယ်လောက်ပဲ လက် မှတ်တွေ ထိုးထိုး အလကားဖြစ်သွားမှာပဲဗျ။ အဲဒီငြိမ်းချမ်းရေးကို အခုဖော်ဆောင်နေတဲ့ တကယ့် အဓိက လူတွေ ပုဂ္ဂိုလ်တွေ အားလုံးက ရရှိထားတဲ့အချက်အလက်တွေပေါ်မှာ တိုင်းပြည်ကို စေတနာထားရမယ်။ တိုင်းရင်းသား ပြည်သူတွေ အပေါ်မှာ စေတနာ စစ်စစ်မှန်မှန် ရိုးရိုးသားသား ထားပြီးလုပ်ရင်တော့ ကျနော် ထင်ပါတယ် ငြိမ်းချမ်းရေးက တိုးတက်မှုရှိလိမ့်မယ်။ ပြည်သူတွေ အုန်းအုန်းကြွက်ကြွက်ပျော်နေတာ မမြင် ရဘူးဗျ။ ကျနော် ရိုးရိုးသားသားပြော တာ။ ပြည်သူတွေက ခံရပေါင်းများလာတဲ့ အခါကျတော့ သိပ်မယုံ ကြတော့ဘူးဗျ။ အဲဒီထဲမှာ ကျနော်လည်း ပါတယ်။ မယုံကြတော့ဘူးဗျ။ ကျနော်လည်း သိပ်မယုံဘူးဗျ။ ဒါ ရှင်းရှင်းပြောတာ။ တကယ်ရိုးသားတယ် ဆိုရင်တော့ ငြိမ်းချမ်းရေးက အောင်မြင်မှာပဲ။ ရိုးသားပါလို့ ဆုတောင်းနေရတယ်၊ မျှော်လင့်နေရတယ်ပေါ့ဗျာ။ တခုတော့ ရှိတာပေါ့ဗျာ ပြည်သူတွေအားလုံးဟာ ငြိမ်းချမ်းရေးကို နေလို လလို တောင်းတနေကြတာတော့ အမှန်ပဲဗျ။ သမိုင်းစာမျက်နှာသစ်ဖွင့်ပြီလို့ စကားလုံး ကို သုံးဖို့ နည်းနည်းစောသေးတယ်ထင်ပါတယ်ဗျ။ လက်တွေ့လုပ်ပြဖို့လိုတယ်ဗျ။ ကျနော်တို့ ဗမာပြည်သူတွေ လေကြော ထဲမှာ မျောခဲ့တာ ကြာပြီဗျာ။ တကယ်လုပ်ပြတာကို လိုချင်ပါတယ်ဗျ။”

ဒေါက်တာအေးမောင် ( ဥက္ကဋ္ဌ – ရခိုင်အမျိုးသားပါတီ)

“ကျနော်ကတော့ ကြိုဆိုပါတယ်ခင်ဗျ။ ပထမ ခြေလှမ်းတော့ အောင်ပြီပေါ့။ ဒါဟာ အရေးကြီး တဲ့ခြေ လှမ်း ဖြစ်ပါ တယ်။ ဒီရလဒ်ဟာ အကျိုးမဲ့ ရလဒ် ဖြစ်မ သွားအောင် ရှေ့ဆက်လှမ်းသွားဖို့ ဘဲဖြစ်ပါတယ်။ ၂ ဖက် ခေါင်းဆောင်တွေဟာ ဒီရလဒ်ကို အကျိုးရှိရှိ အသုံးပြု သွားမယ်လို့လဲ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီကနေတဆင့် အင်မတန် အရေးကြီးတဲ့ခြေလှမ်းဖြစ် တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲမှာ စစ်မှန် တဲ့ ပြည်ထောင်စု ပုံသဏ္ဍာန် ဖြစ်အောင် ဆောင်ရွက်နိုင်တယ် ဆိုရင်တော့ အင်မတန် အားရစရာကောင်း မှာပေါ့နော်။  နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ အောင်မြင်တဲ့အထိ အခုခြေလှမ်းကို ဆက်ပြီးတော့ ဆောင်ရွက် သွားစေချင် တာပေါ့။”

စိုင်းညွန့်လွင် (  ဒု ဥက္ကဋ္ဌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)

“ပထမဆုံးအနေနဲ့ ကြိုဆိုတယ်လို့ပဲ ပြောရမှာ ပေါ့ဗျာ။ ကျနော် ဖတ်လည်း ဖတ်ကြည့်ပြီးပါပြီ။ သူတို့မူ ကြမ်းလေ။ ကြိုဆိုပါတယ်ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ သမ္မတ ကိုယ်တိုင် ၀မ်းသာအားရ ဆင်းလာ ပြီးတော့ လာပြီး ထိုင်ပေးတယ် လက်မှတ်ထိုးတဲ့နေရာမှာ။ လူတော်တော် များများက ထင်ကြတာက သမ္မတကိုယ်တိုင်ဆင်း လာပြီးတော့ ဒီနေ့ပဲ အပြီးလက်မှတ်ထိုးမယ်ဆိုပြီးတော့ ထင်ကြတာ။ ကျနော်က သူတို့နဲ့မေးကြည့်ပြီးပြီ။ မဟုတ်ဘူးလေ။ အစိုးရဘက်ခြမ်းကတော့ ကြိမ်းသေ သွားပြီ။ အန်စီစီတီဘက် ကတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေကို ပြန်လည်အတည်ပြုချက်ရယူရမယ်။ အပြောင်းအလဲ နည်း နည်းပါးပါးလောက် ရှိချင်ရှိနိုင်တယ်။ အများကြီးရှိမယ့်သဘော မရှိဘူး။ ကျနော့် တယောက်တည်း အနေနဲ့ပြောရရင် စိတ်ပူနေတာက တချို့ကိစ္စတွေက ဒီမူကြမ်းမှာ သဘောတူညီချက် ရအောင် ဆိုပြီးတော့ မပြတ်တဲ့ဟာလေးတွေ ရှိတယ်။ မပြတ်တဲ့ဟာကို မူဘောင်မှာ ဆက်ပြီးဆွေးနွေး မယ်။ နိုင်ငံရေးဆွေးနွေး ပွဲကျမှ ဆက်ပြီး ဆွေးနွေးမယ်ဆိုပြီး သူတို့ အဲဒီလို ပို့လိုက်တာတွေ ရှိတယ်။ နိုင်ငံရေးဆွေးနွေးပွဲကျမှ ဆက်ပြီး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကတော့ ပြဿသနာမရှိဘူး။ အချိန်အကန့် အသတ်မရှိဘူး။ နိုင်ငံရေး မူဘောင် ရေးဆွဲစဉ်ဆိုတဲ့ အခါကျတော့ နည်းနည်းလေး အချိန်အကန့် အသတ် ရှိတယ်။ နိုင်ငံရေးမူဘောင် အပစ်ရပ်လက်မှတ်ထိုးပြီး လပိုင်းအတွင်း အပြီးရေးရမယ်ဆိုတော့ အဲဒီကောင်က ပြီးမှ ပြီးပါ့မလား။ စိတ်ပူတာပါပဲ။ ဒါပေမယ့် ကျော်လွှားကြရမှာပါ။ ဒီကနေ့ လက်မှတ်ထိုးပွဲဟာ အောင်ပွဲကြီးလို့ မပြောချင်ပေ မယ့် တော်တော်လေး ကောင်းတဲ့အခြေအနေပါ။ နောက်တခုက တပြည်လုံး အပစ်အခတ် ရပ်စဲရေးကြေ ညာမလား မကြေညာဘူးလားဆိုတာ ကျနော် စိတ်ဝင်စားနေတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်းမှာက ပြင်းပြင်းထန်ထန် ပစ်ကြ၊ ခတ်ကြ ရှိနေသေးတယ်လေ။ ဆိုတော့ တပြည်လုံး အပစ်အခတ်ရပ်စဲပါပြီလို့ ကြေညာလို့လည်းမရဘူးခင်ဗျ။ အဲဒီမှာ ဘယ်လို လုပ်ကြမလဲတော့ မသိဘူး။ တပြည်လုံးအပစ်ရပ်ရင်တော့ အစိုးရအတွက် တအားကောင်းပါတယ်။ အခုလို အပြစ်တင်ခံနေရတဲ့အချိန်မှာ ခုဟာလေး လုပ်နိုင်တယ်ဆို ကောင်းပါတယ်။ ”

ပဒိုနော်စီဖိုးရာစိန် (ဒု ဥက္ကဋ္ဌ – ကေအန်ယူ)

“ကျမတို့ကတော့ ဘယ်အချက်အလက်တွေ တစ်နေတယ်၊  ဘယ်အချက်အလက်တွေ လက်ခံပြီးတော့ သဘောတူညီထားတယ်ဆိုတာ ကျမတို့ကတော့ ဒီမူကြမ်း ကျမတို့ ဆီမှာ မရောက်သေးတဲ့အတွက် ဘယ် အချက်လက်တွေ လက်ခံနိုင်လဲဆိုတာ မသိသေးဘူး။ အန်စီစီတီ ကတော့ သူတို့ ဆွေးနွေးတဲ့ပေါ်မှာပဲ သူတို့လက်ခံနေတဲ့ အပိုင်းပဲရှိတာပေါ့လေ။  အန်စီအေ စာချုပ်တခုလုံး အပေါ်မှာတော့ သူတို့အနေနဲ့ လက်မှတ်ထိုးဖို့ ညွန်ကြားချက်မရှိဘူး။ သူတို့ဆွေးနွေးချက်အပေါ်မှာပဲ မူကြမ်းအနေနဲ့ ၂ ဖက်စလုံးက လက်ခံတဲ့အပိုင်းပဲ ရှိတယ်။ ဒါပေမယ့် အန်စီအေ တခုလုံးအနေနဲ့ ထိုးမယ်ဆိုရင် တိုင်းရင်း သားခေါင်းဆောင်တွေ အဖွဲ့စည်းအသီးသီးတွေ ပြန်ပြီးဆွေးနွေးပြီးမှပဲ  လက်မှတ်ထိုးလို့ရမယ်။ ဒါပေမယ့် အရေးကြီးတဲ့ တချက်ကတော့ ကျမတို့ ပြောနေတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးမှာကတော့ အခုမြောက် ပိုင်းမှာဖြစ်နေတဲ့  အဖြစ်အပျက်တွေပေါ့လေ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ခိုက်မှုတွေရှိနေဆဲ ပဲဖြစ်တဲ့အတွက် ဒါက အင်မတန်အရေးကြီးပါတယ်။ ဒါကို အန်စီအေက အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်လို့ ကျမပြောချင်ပါတယ်။ ”

ဒေါ်နန်းခင်ထွေးမြင့် ( ပြောရေးဆိုခွင့်ရှိသူ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် )

‘သဘောတူညီချက် ရသွားတာတော့ကောင်းပါတယ်။ အဲဒီသဘော တူညီမှုကလည်း ခိုင်မြဲစေချင်တယ်။ ခုက ပထမ အဆင့် မူကြမ်း အဆင့် သဘောတူတာပေါ့၊ တခါတလေကျရင် အဲ့ဒီမူကြမ်း အဆင့်သဘောတူ ညီရထားပြီးတာတောင်မှာ ပျက်ပြယ်သွားတာတွေ ရှိတတ်တယ်။ ခုသဘောတူထားတဲ့ အချက်တွေဟာ အမှန်တိုင်းပဲ တည်တည်မြဲမြဲနဲ့ နောက် တခေါက် ဆွေးနွေးတဲ့ အခါထိ ခိုင်မြဲတယ်ဆိုရင် ပိုပြီးသင့်တော် တယ်။ ၀မ်းသာပါတယ်။ သူတို့ အကြိမ်ကြိမ်တွေ့ပြီး ဆွေးနွေးပြီးမှာ ရတဲ့သဘောတူညီချက် ဆိုတော့ ၊ သေသေချာချာခိုင်မြဲ တယ်လို့ ယေဘုယျ အားဖြင့်သုံးသပ်လို့ရတယ်။ ထပ်ခါ ထပ်ခါ ဆွေးနွေးပြီးတော့မှ ဒါသေချာတဲ့ ခိုင်မာတဲ့ နောက်ဆုံး အဖြေတခုပေါ့။  ငြိမ်းချမ်းရေး အတွက်တော့ မျှော်လင့် ပါတယ်။  မျှော် လင့်တဲ့အတိုင်းလဲ ကြိုးစားနေကြတာတွေ့ ရပါတယ်”

ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

“၀မ်းသာချင်ပါတယ်ဗျာ။ ကျနော်ဒီအဆင့်ကိုရောက် ဖို့ မျှော်လင့်နေတာ တော်တော်ကြာပါပြီ။ ကျနော်တို့ နိုင် ငံရေး လုပ်တယ်ဆိုတာက ငြိမ်းချမ်းရေး မပါဘဲ နိုင်ငံရေး လုပ်မယ်ဆိုရင်တော့ ဆားမပါတဲ့ဟင်းကို စားရ သလိုပဲ။ ပြန်လည် ထူထောင်ရေးတွေ အမျိုးသားရင်ကြားစေ့ရေးတွေ၊ တိုင်းနဲ့ပြည်နယ်တွေမှာ ရှိတဲ့ ဒေသ ခံပြည်သူတွေရဲ့ စီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးတွေ၊ ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုကြီးပေါ်ပေါက်ရေးတွေ ဆိုတာက ငြိမ်းချမ်းရေးအပေါ်မှာပဲ မြစ်ဖျားခံနေပါတယ်။ ငြိမ်းချမ်းရေးကိုရောက်အောင်သွားနိုင်မယ်ဆို ရင်တော့ ကျနော်တို့ လိုအပ်တဲ့ဟာတွေ ပြီးပြီပေါ့ဗျာ။ ဒါကြောင့် ကျနော်တို့ ၀မ်းသာချင်တယ်။ အခုန ပြောသ လို တိုင်းရင်းသားဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ဒီဟာက ငါတို့သက်သက်သာမဟုတ်ဘူး၊ ပြည်သူတွေ အတွက်ပါ ဖြစ်တယ်ဆိုတာကို ဆွဲယူပြီးတော့ အပစ်ခတ်ရပ်စဲရေး လက်မှတ် ထိုးပွဲတွေ ရောက်အောင် သွားနိုင်မယ် ဆိုရင်တော့ ကျနော်တို့အားလုံးကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီးတော့ လက်ခုပ်လက်ဝါး တီးပြီး ပျော်ရွှင်တဲ့ဘ၀ကို ရောက်မယ်ထင်ပါတယ်ဗျာ။”

ဦးစောသန်းမြင့် (  ဒုဥက္ကဋ္ဌ – ၂ ဖက်ဒရယ်ပြည်ထောင်စုပါတီ )

“ဒီတခေါက် ၇ ကြိမ်မြောက်ဆွေးနွေးပွဲမှာ ခက်ခဲတဲ့ အခန်းကဏ္ဍတွေကို အောင်မြင်အောင် ဆွေးနွေး သွားနိုင်တဲ့ အတွက် ၀မ်းသာပါတယ်။ ဘယ်တော့လက်မှတ်ထိုးကြ မလဲတော့ မသိဘူး၊ ဒါပေမယ့် န၀တခေတ်ကလို လက်မှတ် ထိုးပြီးမှ တိုက်ပွဲပြန်ဖြစ်တာမျိုးတော့ မဖြစ်စေချင်ပါဘူး။ တိုက်ပွဲတွေကြောင့် ကျနော်တို့ပြည်သူတွေ တအား ဒုက္ခရောက်နေတယ်။ အခုကျနော် ကချင်ပြည်နယ် မိုးကောင်းမှာရောက်နေ တာ။  ပြည်သူတွေက တင်ပြလာတယ်၊ အစိုးရ ဘက်ကရော ကေအိုင်အေ ဘက်ကပါ  ၂ ဘက်လုံး နေရာ တိုင်းမှာ စစ်ရေးပြင်ပြီး တင်းမာတဲ့ အနေအထားမှာရှိတယ်လို့ ပြောတယ်။  တချို့နေရာတွေမှာ ပစ်ခတ်နေ ကြတယ်။ အဲဒါကြောင့် သူတို့မှာ လုပ်ငန်းကိုင်ငန်းအားလုံး ဘယ်ဟာမှ အဆင်မပြေဘူး။ ဘာ အလုပ် မှကောင်းကောင်းမ လုပ်ရတော့ ဒုက္ခရောက်နေတယ်တဲ့။  ဒီဒုက္ခတွေ လျောပါးသွားဖို့ ကျနော်တို့ အများ ကြီး မျှော်လင့်ပါတယ်”

ဒေါ်ဂျူလီယာ (အထွေထွေအတွင်းရေးမှူး- အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

“ကျမတို့ အမျိုးသမီးအနေနဲ့ရော ပြည်သူတွေအနေနဲ့ရော အများကြီး ၀မ်းသာကြိုဆိုပါတယ်။ ဒါပေမယ့် တကြိမ်ထဲမှာပဲ ကျမတို့စိုးရိမ်မိတာကလည်း အခုလက်ရှိမှာဆိုရင် ဆွေးနွေးပွဲပြန်လည် စတင်နေတဲ့အချိန် မှာတောင်မှ ထိုးစစ်ဆင်မှုတွေ၊ တိုက်ပွဲတွေက ဆက်လက်ပြီးဖြစ်ပွားနေတယ်လေ။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ကျမတို့ အမျိုးသမီးတွေ ပိုပြီးခံရတယ်ဆိုတော့ တိုက်ပွဲတွေဆက်ရှိနေတဲ့ အနေအထားမှာ စိုးရိမ်မှုတော့ ဆက်ရှိနေတယ်။ တဖက်မှာ ငြိမ်းချမ်းရေးနောက်ထပ် တလှမ်းလှမ်းနိုင်တဲ့အနေအထားကို စတင်မြင်နေရ တဲ့အတွက်ကြောင့် ကျမတို့ အနေနဲ့ ၀မ်းသာတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ ကျမတို့အနေနဲ့ စိုးရိမ်မိတာ ကတော့ တိုက်ပွဲတွေက လုံးဝရပ်တန့်မှုမရှိဘဲ ဆက်လက်ဖြစ်နေတယ်။ တချိန်ထဲမှာပဲ အမျိုးသမီးတွေကို ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာနိုင်ဖို့အတွက်က အများကြီးအဟန့်အတားတွေဖြစ်နေသေးတဲ့ဟာတွေ၊ ပိတ်ပင်မှုတွေ ရှိနေသေးတဲ့ဟာတွေကို ကျမတို့ စိုးရိမ်ပူပန်မှုတွေဖြစ်ပါတယ်။”

မိုးဃ်သွေး  (အထွေထွေအတွင်းရေးမှူး။ အမျိုးသားလူငယ်ကွန်ဂရက် )

“တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်အတွက် စာသားတွေအပေါ်မှာ သဘောတူညီချက် ရတယ်လို့ ကြား တယ်။ ဒါက ၀မ်းမြောက်ကြိုဆိုရမယ့်ကိစ္စတခုလို့ မြင်ပါတယ်။ အဆင့်တခုလို့ မြင်တယ်။ သို့သော်လည်း ဒါက စာရွက်ပေါ်မှာပဲ ရှိသေးတဲ့ကိစ္စဖြစ်တယ်။ နောက်တခုက ပြည်သူအားလုံး သိထားဖို့လိုအပ်တာက ဒါက အန်စီစီတီပေါ့နော် (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရဲ့ တပြည်လုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့) ဗိုလ်ချုပ် ဂွမ်မော်တို့၊ ဆရာနိုင်ဟံသာတို့ ပါနေတဲ့ အဖွဲ့က သူတို့ လုပ်ပိုင်ခွင့်က ကျနော်နားလည်ထား သလောက်က တိုင်းရင်းသားအဖွဲ့တွေ ကိုယ်စား အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးညှိနှိုင်းဖို့ သဘောတူ ညီတဲ့၊ လက်မှတ် ထိုးတဲ့ လုပ်ပိုင်ခွင့်တော့ ပါမထားဘူးလို့ ကျနော် နားလည်ထားတယ်။ ဆိုတော့ ကျနော်တို့ သိထားဖို့ လိုအပ်တာက ဒီနေ့ သဘောတူတယ်ဆိုတဲ့ စာသည် ဒီစာသားတွေပေါ်မှာ သဘောတူတာပဲ ရှိသေးတယ်။ အဲဒါကို တိုင်းရင်းသားအဖွဲ့တွေရဲ့ ဦးဆောင်ကော်မတီတွေ။ သူတို့ရဲ့ အမှန်တကယ် အပြည့် အ၀ ကိုယ်စားပြုထားတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ လက်မှတ်ထိုးတဲ့ အဆင့်တော့ မရောက်သေးဘူး။ ကြားထဲမှာ အဆင့်တဆင့် ကျန်သေးတယ်လို့ နားလည်တယ်။ နောက်တခုက ပြည်သူလူထုက သိရတာက၊ ထုတ်ပြ ထားတာက ညှိလို့သဘောတူတဲ့စာတခု ထွက်လာတယ်လို့ပဲ သိတာပေါ့နော်။ ဒါပေမယ့် အနီးကပ် သတင်းတွေ အရဆိုရင် အချို့တယောက်နဲ့တယောက် ညှိနှိုင်းလို့မရတဲ့အချက်တွေ ရှိနေသေး တယ်လို့ လည်း ကြားရတယ်။ အဲဒါတွေကိုကျတော့ သူတို့က အထက်အဆင့်ပေါ့နော်။ နောက်လာမယ့် အဆင့်တွေ မှာ ဆွေးနွေးမယ် တို့ဘာတို့ ပြောထားတယ်။ တခုရှိတာက ကျနော်တို့က ဒီထဲမှာပါတဲ့ သဘောတူပြီးသား အချက်တွေ အားလုံးကော။ သဘောမတူသေးတဲ့ နောက်ဆွေးနွေးပွဲတွေမှာ ဆွေးနွေးမယ် ဆိုတဲ့အ ချက်တွေကောကို ပြည်သူလူထုတွေအားလုံး တိုင်းရင်းသားတွေအားလုံး သိဖို့လို အပ်တယ်။ ပြောချင်တာ ကတော့ ကြိုဆိုတယ်။ သို့သော်လည်း အသေးစိတ် အချက်တွေကို ပြည်သူလူထုကို တရားဝင်ချပြ ပါ ဆွေးနွေးပါ။ ပြည်သူလူထုရဲ့ သဘောထားတွေကိုလည်း မေးမြန်းဖို့လိုတယ်။ စာသားကို သဘောတူတဲ့ အဆင့်ကနေ အမှန်တကယ် လက်မှတ်ထိုးတဲ့အဆင့် အမှန်တကယ် ကတိက၀တ်တွေ ကို စောင့်ထိန်းတဲ့ အဆင့်တွေကို ရောက်ဖို့ဆိုရင် ကျန်သေးတယ်။ အဲဒီအဆင့်တွေရောက်မှ သာလျှင် နိုင်ငံရေး ဆွေးနွေး တယ်။ ငြိမ်းချမ်းအမှန်တကယ် တည်ဆောက်နိုင်မှာဖြစ်တယ်။ ”

DVB

No comments:

Post a Comment

My Blog List