Friday, April 03, 2015

NCCT ဒုခေါင်းဆောင်၊ KIO ဗဟိုကော်မတီဝင်၊ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံခြင်း


သမ္မတဦးသိန်းစိန်၊ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် တို့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ နေပြည်တော်တွင် ပထမဆုံးကြိမ် မတ်လ ၁၆ ရက်က သီးခြားစီတွေ့ဆုံခဲ့သည်။ ထို့အတူ တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ပဏာမသဘောတူ လက်မှတ်ကိုလည်း မတ်လ ၃၁ ရက်က ရေးထိုးခဲ့သည်။ 


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ၏ ဆွေးနွေး ဖက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များဘက်မှ တစ်နိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ဒုတိယခေါင်းဆောင်ဖြစ်ပြီး အပစ်ရပ် ဆွေးနွေးပွဲများ တစ်လျှောက်လုံး ပါဝင်ဆွေးနွေးခဲ့ သည့် ကချင် လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ကို ရန်ကုန်မြို့၌  ဧပြီ ၁ ရက်တွင် 7Day Daily က တွေ့ဆုံမေးမြန်း ထားသည်များမှ    ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ပထမဆုံးအနေနဲ့ သမ္မတပြောသွားတဲ့ ဧပြီလအတွင်းမှာ NCA ကို ရေးထိုးနိုင်ဖို့ဆိုတာ ဖြစ်နိုင်သလား။ ခန့်မှန်းခြေဆိုရင် ဘယ်တော့လောက် လက်မှတ်ရေးထိုးနိုင်မယ်လို့ ထင်ပါသလဲ။

ခန့်မှန်းဖို့တော့ ခက်တယ်။ ဒါပေမဲ့ ဧပြီအတွင်းမှာတော့ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာက ကျွန်တော်တို့ EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ) ဘက်ကလည်း အခုမှ ခေါင်းဆောင်တွေကို ထိပ်သီး ညီလာခံ ခေါ်ရမယ်။ အဲဒီမှာ ကျွန်တော်တို့ ချပြရမယ်။ ပြီးရင်အစိုးရနဲ့ ဆွေးနွေးဖို့ ကိစ္စတွေလည်း ကျန်သေး တယ်။ မနေ့ကကျွန်တော်တို့ ဆောင်ရွက်ခဲ့တာကတော့ စာချုပ်မူကြမ်းပဲ ဖြစ်တာကိုး။ အဲဒီမူကြမ်းမှာ ဘယ် လို ဆက် လုပ်ရမလဲ၊ ဘာတွေ ထပ်ညှိရမ လဲ ဆိုတဲ့အပိုင်းက ကျန်သေးတယ်ဆိုတော့ ဧပြီလအတွင်း မှာတော့ မဖြစ်နိုင်ပါဘူး။

NCA မှာ ဘယ်သူတွေ လက်မှတ်ရေးထိုးမလဲရှင့်။

ဘယ်သူထိုးမလဲ ဆိုတဲ့အပိုင်းက ထပ်ဆွေးနွေးဖို့ လိုပါသေးတယ်။ UPWC ဘက်ကနေ၊ နိုင်ငံတော်အစိုးရ ဘက်ကနေ စာချုပ်ထဲမှာ ပါဝင်လက်မှတ် ရေးထိုးချင်သူများ စာရင်းပေးထားတယ်။ ကျွန်တော်တို့ဘက်ကနေ ဘယ်သူတွေ လက်မှတ်ထိုးမလဲ စာရင်းပေးထားပါတယ်။ အခုကတော့ UPCC က ဒီကိစ္စတွေ သုံးသပ် ပြီးတော့ ပြန်ပြီး ညှိနှိုင်းဖို့ ဖြစ် ပါတယ်။

ဗိုလ်ချုပ်တို့ဘက်က စာရင်းမှာကျတော့ NCCTအဖွဲ့ဝင်တွေပဲ လားရှင့်။ ဘယ်သူတွေ ဘယ်နှဖွဲ့ ရှိသလဲရှင့်။

ကျွန်တော်တို့ကတော့ ဒီလိုပေါ့။ NCCT ဘက်က လူတွေပါ မယ်။ နိုင်ငံတော်အစိုးရဘက်က လူတွေပါမယ်။ ပြီးရင် တခြားပါဝင်သင့်တဲ့ နိုင်ငံခေါင်းဆောင်များ စာရင်းတွေ ပေးထားတာ ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရ ကနေပြီး ဒါကိုစိစစ်ပြီး ကျွန်တော်တို့နဲ့ ပြန်ညှိနှိုင်းဖို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကော ဒီလက်မှတ်ထိုးပွဲမှာ ဖိတ်ခေါ်လက်မှတ်ထိုးဖို့ ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်သင့် တဲ့ ခေါင်းဆောင်များကို ဖိတ်ခေါ်ဖို့ ကျွန်တော်တို့ အစီအစဉ် ရှိပါတယ်။

အပစ်ရပ် လက်မှတ်ထိုးတဲ့ အဆင့်ကနေပြီးတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ အကောင်အထည် ဖော်မှု အဆင့်အထိကို ခန့်မှန်း ဘယ်လောက်လောက်ကြာ မယ်လို့ ထင်သလဲ။ ပြီးတော့ အခုရောက်နေတဲ့ အနေ အထားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဘယ်နှရာခိုင် နှုန်းလောက် ခရီးပေါက်နေပြီလို့ ဗိုလ်ချုပ်သုံးသပ်ချင်လဲ။

အခု ဒီစာချုပ်မူကြမ်း အဆင့်ကတော့ တော်တော်အရေးပါ တယ်။ ဒါပေမဲ့ လက်တွေ့လုပ်ငန်း စတင်ဆောင် ရွက်ပြီလား ဆိုရင်တော့ အဲဒီလို မဟုတ်ဘူး။ လက်တွေ့လုပ်ငန်းအတွက် အခုမှ စပြီးဆောင်ရွက်ရမှာ ဖြစ် တယ်။ ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ခုက လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်တဲ့ အပိုင်းမှာက ဘယ်လောက်ကြာမလဲဆိုတာက နှစ်ဖက်ရဲ့ ဆောင်ရွက်နိုင်မှု အပေါ်မှာ မူတည်ပါတယ်။ တချို့နိုင်ငံတွေမှာ ၂ နှစ်ကြာတယ်။ သုံးနှစ်ကြာတယ်။ လေးနှစ်ကြာတယ်။ တချို့ဟာတွေ ပျက်စီးသွားတယ်။ အဲဒီတော့ ဟိုဘက်မှာ ဆက်ပြီးလုပ်ရမယ့် အပိုင်းမှာက အပြန်အလှန် နားလည်မှုနဲ့ CSO (အရပ်ဘက် အဖွဲ့အစည်း များ)များ၊ လူထုများရဲ့ ထောက်ခံမှုကလည်း သိပ်အရေးကြီးတယ်။ လူထုနဲ့ CSO များက မထောက်ခံ လို့ရှိရင် ဒီ Process က ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ ဒါကြောင့်မို့လို့ အချိန်ဆိုတာကတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ ဘယ်လောက် ပါဝင်ဆောင်ရွက်နိုင် မလဲဆိုတဲ့ အပေါ်မှာလည်း အဓိက ကျပါတယ်။

အဲဒီတော့ တိကျတဲ့ Time−frame (အချိန်ကာလ) သတ်မှတ်မှု မရှိသေးတော့ အခုဒီ NCA ကကော ဘယ်လောက်ထိ စိတ်ချလို့ရနိုင်ပါမလဲ။

NCA  ကတော့ အခုအချိန်မှာ Timeframe မချသေးဘူး။ အခု ကျွန်တော်တို့ပြောတာက လက်မှတ်ထိုးမယ်။ ပြီးလို့ရှိရင်ရက်ပေါင်း ၆၀ အတွင်းမှာ Framework ရေးဆွဲမယ်။ ရက်ပေါင်း ၉၀ မှာ နိုင်ငံရေးဆွေးနွေးပွဲ တွေ စမယ်။ အဲဒီနိုင်ငံရေးဆွေး နွေးပွဲနဲ့ Frameworkတွေ ချတဲ့အခါမှပဲ Timeframe တွေ ပေါ်လာမှာ ဖြစ်ပါ တယ် ။ အဲဒီတော့ဒီအချိန်မှာတော့ ဟိုဘက်ပိုင်းကို ကျော်ပြီးတော့ Timeframe ချလို့ မရသေးဘူး။ ဒါပေ မဲ့ သေချာတာကတော့ အမြန်ဆုံး နိုင်ငံရေးမူဘောင် ရေးဆွဲမယ်။ ဆွေးနွေးပွဲတွေ စတင်မယ်ဆိုတော့ အဲဒီနိုင်ငံရေးမူဘောင် ရေးဆွဲတဲ့ အခါမှာတော့ Timeframeတွေ ပေါ်လာမှာဖြစ်ပါတယ်။

အခု နားလည်မှုလွဲနေကြ တာ တချို့ ရှိပါတယ်။ အခုအ ခြေအနေကို သူတို့က NCA စာချုပ်မှာ လက်မှတ် ထိုးလိုက်ပြီ။ တိုက်ပွဲတွေ မဖြစ်တော့ဘူး။ ငြိမ်းချမ်းရေးရတော့မယ် ဆိုပြီးတော့ နားလည်မှု တချို့တွေက လွဲနေကြတာပေါ့။ အဲဒီအနေအထားကို ဗိုလ်ချုပ်အနေနဲ့ ဘယ်လိုပြန်ပြီးတော့ ရှင်းပြချင်သလဲ။ အားလုံး နားလည်သွားအောင် အခုအခြေအနေက ဘယ်လိုပါဆိုပြီးတော့ ရှင်းပြချင် လဲ။

ပြောချင်တာကတော့ အဓိကကျွန်တော်တို့က အခုက စာချုပ်ချုပ်တာ မဟုတ်သေးဘူး။ ဒီစာချုပ်ချုပ်နိုင်မယ့် မူကြမ်းကို နှစ်ဖက် UPWC နဲ့ NCCT က အတတ်နိုင်ဆုံး ရေးသားပြုစုထားပြီး ဖြစ်တယ်။  UPWC  ကလည်း UPCC ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး ဗဟိုကော်မတီ နိုင်ငံတော်အစိုးရကို တင်ပြမယ်။ ကျွန်တော်တို့ NCCTကလည်း ကျွန်တော်တို့ရဲ့ ထိပ်သီးခေါင်းဆောင်များကို တင်ပြမယ်။ အဲဒီတော့ စာချုပ်မူကြမ်းကတော့ အဆင်သင့်ဖြစ်ပြီ။ ဒီလုပ်ငန်းစဉ် တွေနဲ့ ဒီနှစ်ဖက်ရဲ့ ခေါင်းဆောင် များရဲ့ ဆုံးဖြတ်ချက်အရပဲ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်။ ဒါ ကြောင့်မို့လို့ မနေ့က ပြုလုပ်တဲ့ မူကြမ်းရရှိလို့ တိုက်ပွဲတွေ မရှိ တော့တာ မဟုတ်ဘူး။ ဒါပေမဲ့ လျော့ကျသွားရမယ်ဆိုတာတော့ သေချာတယ်။ မကြာခင်မှာ လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေး ထိုးတဲ့အဆင့် ရောက်လာမှာ ဖြစ် ပါတယ်။

မနေ့က လက်ရှိ ဒီအစိုးရသက်တမ်း လေးနှစ်တင်းတင်းပြည့်တဲ့နေ့။ ဝေဖန်တာတွေ ထွက်လာတာ က လေးနှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီသဘောတူစာချုပ်ကို လက်မှတ်ထိုးချင်တဲ့အတွက်ကြောင့်မို့လို့ ဆိုပြီးတော့။ ဒါကြောင့် အစည်းအဝေး အတောအတွင်းမှာ ဗိုလ်ချုပ်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘက်ကို ဖိအားတစ်စုံတစ်ရာပေးတာ ရှိလား။

ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ အစည်းအဝေး ဆိုတာ နှစ်ဖက်က အမြဲတမ်း ဖိအားပေးနေကြ တာပဲ။ အစိုးရက ကျွန်တော်တို့ကို ပေးသလို ကျွန်တော်တို့ကလည်း အစိုးရကို ပေးနေတာပဲ။ အဲဒါကြောင့် ဘယ်သူက ဘယ်သူ့ကို ဖိအားပေးသလဲ လို့ပြောရင် နှစ်ဖက်စလုံးကတော့ ဖိအားပေးပြီး ဆွေးနွေးကြတာ ပဲ။ ဒါက အစည်းအဝေးရဲ့ သဘာဝ ပါ။

နောက်တစ်ခုကတော့ ဒီလေးနှစ်ပြည့်တဲ့အချိန်မှာ အစိုးရက လုပ်ချင်တယ်ဆိုတာ မှန်ကောင်း မှန်ပါလိမ့် မယ်။ သို့သော်လည်းပဲ အဓိကကတော့ အစိုးရအနေနဲ့ သူ့ရဲ့ဒီသက်တမ်းအတွင်းမှာ အမြန်လုပ်ချင်တယ် ဆိုတဲ့ သဘောအဲဒီလိုပဲ ယူဆပါတယ်။  လေးနှစ်ပြည့်မှာ အဓိကလုပ်တယ်ဆို တဲ့ သဘောကတော့ အတိအကျ မဟုတ်နိုင်ဘူးလို့တော့ မြင်ပါ တယ်။ ဒါကတော့ သိပ်ပြီးမှ အခြေခံမကျဘူး။

အပြင်မှာ ပြောနေကြတာ တော့ အခုလိုလုပ်လိုက်တာ အချိန်အခါသင့်ရဲ့လား။ အလောသုံး ဆယ် ဖြစ်နေ လား။ အဲဒီလို လုပ်လိုက်လို့ နောက်ပိုင်းမှာများ တစ်ခုခု အပြောင်းအလဲဖြစ်သွားမလားဆိုပြီးတော့ စိုးရိမ်ပူ ပန်မှု တွေကိုကော ဗိုလ်ချုပ်အနေနဲ့ ဘယ်လိုပြန်ပြီးတော့ တုံ့ပြန်ချင် လဲ။

တကယ်တော့ UPWC နဲ့ NCCT ရဲ့ ခုနစ်ကြိမ်မြောက်မှာ ကျွန်တော်တို့က မူကြမ်းတစ်စောင် ရရှိဖို့နဲ့ UPWC နဲ့ NCCT ရဲ့ လုပ်ငန်းပိုင်းကို တစ်ပိုင်းအနေနဲ့ အပြီးသတ်ဖို့ ကျွန်တော်တို့ အစည်းအဝေး အစပိုင်းမှာပဲ ကြို တင်သဘောတူထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီခုနစ်ကြိမ်ကို အချိန်ယူပြီးတော့ နှစ်ဖက်ကနေ အတတ်နိုင်ဆုံး ဆောင်ရွက်ပြီးတော့ အပိုင်းတစ်ပိုင်းမှာ အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။

အရင်   အစိုးရလက်ထက် ရော၊  အခုလက်ထက်မှာ .. အရင်တုန်းကဆိုရင်လည်း ငြိမ်းချမ်းရေး ဆွေးနွေး တယ်။ ဒါပေမဲ့ လည်း တိုက်ပွဲတွေပြန် ဖြစ်တယ်။ အပစ်အခတ် ရပ်တယ်။ လက်မှတ်တွေ ထိုးတယ် ။ နောက်တိုက်ပွဲတွေပြန် ဖြစ်တယ် ။ လူတွေကအရှေ့က ဥပမာတွေ အများကြီးရှိထားတဲ့အခါမှာ သိပ်မ ယုံကြည် ကြဘူး။ အဲဒါကြောင့် အခု အကြိမ်က ဘယ်လောက် ပိုမျှော်လင့်နိုင်ပါသလဲ။

အရင်တုန်းက ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကတော့ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဥပမာကျွန်တော်တို့ ၉၄ ခုနှစ်မှာ စာချုပ်ချုပ်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံးက ဘယ်သူမှ မသိကြဘူး။ နောက်ပိုင်း တိုက်ပွဲတွေပြန်ဖြစ် တဲ့ အခါကျမှသာ စာချုပ်ချုပ်ခဲ့တယ်လို့ သိတဲ့လူတွေက များလာတယ်။ အဲဒီလိုပဲ တခြားအဖွဲ့တွေနဲ့ စာချုပ်ချုပ် ခဲ့တယ်ဆိုတာ ဘယ်လိုပုံစံချုပ်သလဲ။ ဘာတွေပါသလဲဆိုတာ ဘယ်သူမှ မသိခဲ့ဘူး။

အဲဒီတော့ အခုဒီတစ်ကြိမ် NCCT နဲ့ UPWC ဆွေးနွေးမှုကနေ အခုချိန်ထိ လူထုက တော်တော်များများ သိနိုင်ပါတယ်။ အချက်အလက်တွေ သိနိုင်တယ်။ ဆွေးနွေးနေကြတာ သိတယ်။ အခက်အခဲတွေ သိတယ်။ အဲဒီတော့ ပွင့်လင်းမြင်သာမှုရှိလာတယ်။ ဒါက တစ်ပိုင်း။

နောက်တစ်ခုကတော့ အရင်စာချုပ်တွေမှာ အပစ်အခတ်ရပ် ကြတယ်ဆိုတဲ့ စာချုပ်ပဲဖြစ်တယ်။ ဒီတစ်ကြိမ် စာချုပ်မှာကတော့ အပစ်ရပ်မယ်။ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်။ ဒီစည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့ အတွက် ကျွန်တော်တို့က သတ်မှတ်ချက်တွေထားမယ်။ စောင့်ကြည့်သူတွေ ထားမယ်။ ပြီးတော့ နိုင် ငံရေးဆွေးနွေးပွဲကို ဘယ်လိုပုံစံနဲ့လုပ်မလဲ။ နောက်အရေးကြီးတဲ့အ ချက်က ကျွန်တော်တို့ ဆွေးနွေးပွဲမှာ ရရှိလာတဲ့ နောက်ဆုံးပြည်ထောင်စု သဘောတူညီချက်များ ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်း ရှိတယ် ဆိုတာအထိ ပါလာတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတစ်ကြိမ် ကျွန်တော်တို့ စာချုပ် ချုပ်ပြီးလို့ ဒီဖြစ်စဉ်တွေကို တောက်လျှောက် လုပ်သွားမယ်ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ ရဲ့တစ်နိုင်ငံလုံး မှာရှိတဲ့ လူထု များရဲ့မျှော်လင့်ချက်ကို ပေးနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါ တယ်။

တကယ်လို့များ အပစ်အခတ် ရပ်စဲရေး စာချုပ်နောက်ပိုင်း မှာ တိုက်ပွဲတွေပြန်ဖြစ်လာဦးမယ် ဆိုရင်တော့ ဘယ်လို အာမခံချက် မျိုးများ ရထားတယ်လို့ ဗိုလ်ချုပ် ပြောနိုင်မလဲ။

အခု ကျွန်တော်တို့ မူကြမ်းမှာ ရေးထားတာကတော့ တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းမယ်ပေါ့။ တကယ် လို့ ဖြစ်လာပြီ ဆိုရင် ကျွန်တော်တို့က စောင့်ကြည့်ရေးတွေထားမယ်။ ပြည်နယ်အဆင့်မှာရော၊ ဒေသအဆင့် မှာရော၊ ဗဟိုအဆင့်မှာရော စောင့်ကြည့်ရေးတွေ ထားမယ်။ ပြီးလို့ရှိရင် နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ထားမယ် စသဖြင့်ပေါ့။ ဒီစည်းကမ်း ချက်တွေ ရှိပါတယ်။ အဲဒီတော့ ဒီဟာမျိုးနဲ့ ထိန်းသိမ်း သွားမယ်။ နောက်တစ်ခုက ပြဿနာတစ်ခုခု ပေါ်လာလို့ရှိရင် ကျွန်တော်တို့က ပြေလည်တဲ့အထိ ညှိနှိုင်းဆောင် ရွက်မယ် ဆိုတဲ့ အချက်ပါပါတယ်။ နှစ်ဖက် မဲနဲ့ ဆုံးဖြတ်တာမျိုး၊ နှစ်ဖက်ကနေ တားဆီးတာမျိုး၊ မပြေလည် လို့ရှိရင် ပြဿနာပြန်ဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ပြေလည်တဲ့အထိ ကျေကျေလည် လည် ဆွေးနွေးမယ်ဆို တဲ့ အချက်တွေ ပါရှိပါတယ်။ ဒါကြောင့် ဒီ တစ်ခေါက်လုပ်တဲ့ စာချုပ်မှာ ရှေ့လုပ်ငန်းစဉ်တွေကို စဉ်းစား ပြီး တော့ အတတ်နိုင်ဆုံး ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ လုပ်ထားပါ တယ်။

သမ္မတနဲ့ ကာချုပ်နဲ့ ဗိုလ်ချုပ်တို့ နေပြည်တော်မှာ ပထမဆုံး တွေ့ခဲ့တယ်။ ပြီးတဲ့အခါမှာ ဗိုလ်ချုပ် ရန်ကုန်မှာ အစည်းအဝေးတက်တယ်။ အစည်းအဝေးတက်နေတဲ့ ကာလအတွင်းမှာပဲ ကာချုပ်နဲ့ တွေ့ပြီးတဲ့ ရက်ပိုင်း အတွင်း မှာပဲ တိုက်ပွဲပြန်ဖြစ်တဲ့အခါမှာ ဗိုလ်ချုပ်အနေနဲ့ ဒီမှာ ကိုယ်စားပြုဆွေးနွေးနေတဲ့ လုပ်ငန်းစဉ်မှာ ဘယ်လောက်ထိ အခက်အ ခဲဖြစ်ခဲ့လဲ။

ဟုတ်ကဲ့။ ဒီကိစ္စကတော့ အဟန့်အတား ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ပွင့်ပွင့်လင်းလင်းပြောပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေဟာ စစ်တပ်ရဲ့လှုပ်ရှားမှုတွေ ဟာ တစ်ခါတလေမှာ ချက်ချင်းရပ်တန့်ရတာ ခက်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေကတော့ တော်တော်များများ ဆက်ဖြစ်တယ်။ ဒီတိုက်ပွဲတွေကြောင့် လည်း ကျွန်တော် တို့က ဆွေး နွေးပွဲမှာ အဟန့်အတား ဖြစ်ပါ တယ်။ သို့သော်လည်းပဲ ဒါတွေကိုထောက်ပြပြီးမှ နှစ်ဖက် ပြန် ပြီး ညှိနိုင်တဲ့ အပိုင်းလည်း ရှိပါတယ်။

တောက်လျှောက်ဆွေးနွေး လာတဲ့အခါမှာ အဓိကကျတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စက ဆွေးနွေးတဲ့ အထဲမှာ ပါပြီလား။ ပြီးတော့ တပ်နေရာချထားရေးကို ဘယ်အဆင့်မှာဘယ်လိုဖြေရှင်းသွားမယ်လို့ ရည်မှန်းထားလဲ။

တပ်ပိုင်းဆိုင်ရာမှာ ကျွန်တော်တို့ မျှော်လင့်သလောက် တော့ မဆွေးနွေးနိုင်ဘူး။ အခြေခံမူလောက်ပဲ ကျွန်တော်တို့ ဆွေးနွေးနိုင်တယ်။ ဥပမာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးတာနဲ့ ကျွန်တော်တို့က တစ်လ အတွင်းမှာ Code of Conduct တို့ ၊ JMC (Joint Monitoring Committee) တို့ ရေးဆွဲမယ်။ နောက်တစ်ခု ကတော့ တပ်နေရာချထားရေးကို ပတ်သက်တဲ့အခြေခံ လိုက်နာရမယ့် မူတွေ ချတယ်။ ဘယ်လို တပ်များ ကို ရွှေ့မလဲ။  ပြီးရင် နှစ်ဖက်တပ်တွေက ဘယ်လိုဝင်ထွက်သွားလာမလဲ။  ဘယ်လိုညှိနှိုင်းမလဲ ဆိုတဲ့အ ချက်တွေ ကို ကျွန်တော်တို့ ဒီအထဲမှာ ထားပါတယ်။ ဒါကြောင့်မို့လို့ ဒီအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးတာ နဲ့ တစ်ပြိုင်နက် ကျွန်တော်တို့က ဒီဟာတွေကို အကောင်အ ထည်ဖော်ဖို့ ဖြစ်ပါတယ်။

ကိုးကန့်ဆိုလို့ရှိရင် NCCT အဖွဲ့ဝင် ဖြစ်တယ်။ အစည်းအဝေးရက်တွေအတွင်းမှာ NCCT ဘက်ကပြော တာက ကိုးကန့်က NCCTအဖွဲ့ဝင်ဖြစ်တာကြောင့် NCA လက်မှတ်ထိုးတဲ့အခါမှာ ပါစေချင် တယ်။ ပါအောင်ကြိုးစားနေတယ်လို့ပြောပါတယ်။ တစ်ဖက် မှာလည်း တပ်မတော်နဲ့ တိုက် ပွဲဖြစ်နေတယ်။ ပြီးတော့ ဆွေး နွေးဖက်အဖြစ်လည်း အစိုးရက မသတ်မှတ်ထားဘူး။ အဲဒီတော့ ဒီအခြေအနေကို NCCT ဘက်က ဘယ်လိုများကိုင်တွယ် မလဲ နောက်ပြီးတော့အစိုးရရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ ကို NCA ရေးထိုးလိုက်ပြီဆိုရင် အဲဒီနောက်မှာ ကိုးကန့်နဲ့တိုက်ပွဲ ဖြစ်တယ်ဆိုရင် ဒီ NCA လက်မှတ်ထားတဲ့ အဖွဲ့တွေက ကိုးကန့်တိုက်ပွဲတွေကို ဘယ်လိုကိုင်တွယ်မလဲ။

ကျွန်တော်တို့အခု NCCT  အနေနဲ့ တောင်းဆိုတာက နှစ် ပိုင်းပေါ့လေ။ ပထမအချက်က တော့ နိုင် ငံရေးဆွေးနွေးပွဲတွေကို အားလုံးသွားရမှာဖြစ်တဲ့အတွက် ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအင်အားစု တွေအကုန်လုံးက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးစေချင် တယ်။ သို့ သော်လည်းပဲ ဒါကတော့ အစိုးရ ဘက်ကသဘောထားရယ်။ ကျွန်တော်တို့သဘောထားရယ် အပြင် အဲဒီ တခြား NCCT မှာ မပါတဲ့အဖွဲ့တွေရဲ့သဘောထား ကလည်းအရေးကြီးတယ်။ ဒါ ကျွန်တော် တို့သေချာမညှိနိုင်သေး ဘူး။

နောက်တစ်ခုကတော့ NCCT အဖွဲ့ဝင် ၁၆ ဖွဲ့ပါတယ်။ ကိုးကန့်ပါတယ်။ AA ပါတယ်။ အခု အစိုးရကနေ အသိအမှတ်ပြု ဖို့ခက်ခဲနေဆဲအချက်တွေထဲမှာ WNO ပါတယ်။ အားလုံးလေးဖွဲ့ ပေါ့။ လေးဖွဲ့ကိုအစိုးရက အခု အချိန်မှာ ဆွေးနွေးဖက်အနေနဲ့ အသိအမှတ်မပြုသေးဘူး။

ကျွန်တော်တို့အနေနဲ့ တောင်းဆိုနေတာကတော့ ဒီ NCCT မန်ဘာ ၁၆ ဖွဲ့စလုံးကို အသိအမှတ်ပြုပေး ဖို့တောင်းဆို နေတယ်။ နောက်တစ်ခုကတော့ ကိုးကန့်အဖွဲ့ဟာ NCCT မန်ဘာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခု ဖြစ်နေတဲ့တိုက်ပွဲများကို ဆွေးနွေးပြီး ဖြေရှင်းတဲ့နည်းနဲ့ဖြေရှင်းပေးပါလို့ ကျွန်တော်တို့က သမ္မတ ကို ရော ၊ တပ်ချုပ်ကိုရော NCCT အစည်းအဝေးတွေမှာ တောင်းဆို နေတာဖြစ်ပါတယ်။ တကယ်လို့ အစိုးရဘက်ကနေပြီးမှ ကျွန်တော် တို့ NCCT မန်ဘာများကို ဆွေးနွေးဖက်အနေနဲ့ မသတ်မှတ်ဘူးဆိုရင် တခြားနည်းလမ်းအစိုးရဆီမှာ စဉ်းစားထားတဲ့နည်းလမ်းတွေ၊ အစိုးရဘက်ကနေ သူ့ရဲ့အခြေ အနေနဲ့ကိုက် ညီတဲ့နည်းလမ်းတွေ ဘာရှိမလဲဆိုတာ ကျွန်တော်တို့က ဆက်ပြီးဆွေးနွေးသွားဖို့ဖြစ်ပါ တယ်။ ဒီအနေအ ထားပေါ်မှာပဲ အဓိကထားပြီး ကျွန်တော်တို့ ပြန်ပြီးတော့  သုံးသပ်ရမှာဖြစ်ပါ တယ်။

အခုလို ဗိုလ်ချုပ်တို့ဘက်က ဆွေး နွေးတဲ့အပေါ်မှာ တပ်မတော်ဘက်ကနေပြီးတော့ ဘယ်လိုများ တုံ့ပြန်ပါ သလဲရှင့်။

အခုအချိန်ထိတော့ တုံ့ပြန် တာမရှိသေးဘူး။ ဒါပေမဲ့ သူတို့ စဉ်းစားမှာဖြစ်ပါတယ်။

နောက်တစ်ခုက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ခြင်း။ အခုက လူအများစိုးရိမ်နေကြတာက အခုဒီ ကိစ္စကို ကျေလည်အောင်ညှိနှိုင်းတဲ့ အဆင့်မရှိသေးဘူး။ အဲဒီတော့ နောက်ပိုင်းမှာ ဒီကိစ္စက ရှည်လျားပြီး ရှုပ်ထွေးတဲ့အချိန်ကိုရော၊ ရှုပ်ထွေးမှုတွေကိုရော ကြုံပြီးတော့ PoliticalDialo Gues တွေကျမှ  ဒီကိစ္စကြောင့် ပဲ နှောင့်နှေးသွားမလား၊ဒီဟာမကျေလည်လို့ပဲ NCA အပေါ်မှာ ပြန်သက်ရောက်မှုရှိမ လား စိုးရိမ်နေကြ တယ်။

ဟုတ်တယ်။ ဒီလုံခြုံရေး ဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း ဆိုတဲ့စကားလုံးက တော်တော် ရှုပ်ပါတယ်။ အခု အစိုးရနဲ့ ကျွန် တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာလည်း ဒီနှစ်ခု က တော်တော်လေးကွဲပြား နေတုန်းဖြစ်ပါတယ်။ အစိုးရက ပြောတာကတော့ ဖျက်သိမ်းရေး။ လက်နက်တွေဘယ်လိုဖျက်သိမ်း မလဲ၊ တပ်ဖွဲ့တွေဘယ်လိုဖျက် သိမ်းမလဲဆိုတဲ့အပိုင်းဖြစ်ပါ တယ်။ ကျွန်တော်တို့ဘက်ကနေ ပြန်ပြီးတင်ပြတာကတော့ တချို့ ဟာတွေဖျက်သိမ်းရမယ်။ တချို့ ဟာတွေပူးပေါင်းရမယ်။ အဲဒီ တော့ ဘယ်လိုပူးပေါင်းမလဲဆိုတဲ့ အပိုင်းမှာကတော့ နိုင်ငံတကာမှာ တော့ SSR နဲ့ DDR ကိုတစ်ပါ တည်းပြောတယ်။ အစိုးရအပိုင်း က အခု DDR ကိုအဓိကပြောနေ တယ်။ တစ်နေ့က တပ်ချုပ်ရဲ့ မိန့်ခွန်းမှာလည်း DDR လို့ညွှန်း လိုက်တဲ့အခါမှာ ကျွန်တော်တို့က ဒီ NCCT မှာ လုံခြုံရေးဆိုင်ရာပြန် လည်ပေါင်းစည်းခြင်းကို အသေး စိတ်မဆွေးနွေးတော့ဘဲနဲ့ သီးသန့် ပြန်ဆွေးနွေးဖို့ ကျွန်တော်တို့က ဒါကိုဆုံးဖြတ်တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကို ဒီအဆင့်မှာဆွေးနွေးနေလို့ ရှိရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် ချုပ်တဲ့အဆင့်ကို ရောက်ဖို့မလွယ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့ တွေအနေနဲ့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်တဲ့ အဆင့်ကိုရောက်ရှိနိုင်ဖို့ ကျွန်တော်တို့က အဓိကဦးတည် ပြီးတော့ဒီကိစ္စကိုစာချုပ်ချုပ်ပြီး နောက်ပိုင်း မှာ ဆွေးနွေးမယ်လို့ အလျှော့အတင်းလုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ တော်တော် ဆွေးနွေးရဦးမယ့် ကိစ္စဖြစ်တယ်။

သို့သော်လည်းပဲ ဒီဟာ ကြောင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး ကတော့ နောက်ဆုတ် မသွား အောင် ကျွန်တော်တို့ထိန်းသိမ်း သွားဖို့ကျွန်တော်တို့ဆီမှာ အဓိက ရည်မှန်းချက်ရှိပါတယ်။

ပြီးခဲ့တဲ့အစည်းအဝေးရက် တွေ အတွင်းမှာတော့ စာချုပ်မှာနှစ်ဖက် DDR ,SSR ဆိုပြီး နှစ်ခုစလုံး ကို ထည့်ပြီးချုပ်လိုက်မယ်။ အဲဒီ ပုံစံလိုပုံစံမျိုးကြားခဲ့ရတယ်။ ဒါပေမဲ့ ခုနကဗိုလ်ချုပ်ပြောသွား သလိုပဲ တပ်ချုပ်က တပ်မတော် နေ့မိန့်ခွန်းမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်း စဉ် DDR ဆိုပြီးတော့ ပြော သွား တယ်။ အဲဒီ DDR, SSR ဆိုပြီးရှိ တဲ့အထဲမှာ တပ်ဘက်က DDR ကိုပိုပြီး ဦးစားပေးနေတယ်၊ အလေးပေးနေတယ်ဆိုတဲ့ပုံစံမျိုး ပေါက် သလိုပေါ့။ သူတို့ရဲ့ concept တွေကိုကြည့်လိုက်ရင်လည်း တစ်ဖက်ကတော့ လက်နက်ဖျက် သိမ်းရေး၊ အရပ်သားအဖြစ် ပြန်လည်ပေါင်းစည်းရေး ဆိုတာမျိုး၊

7Day News Journal

No comments:

Post a Comment

My Blog List