Monday, March 30, 2015

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ဆက်လက်ထားရှိရန် UN အတည်ပြု


ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မလိုအပ်ကြောင်း မြန်မာအစိုးရ အဖွဲ့က ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီထံ အကြိမ်ကြိမ် တင်ပြ ထားသော်လည်း မတ်လ ၂၇ ရက် ကျင်းပသော အဆိုပါကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms.Yanghee Lee ကို သက်တမ်းတစ်နှစ် ထပ်တိုးရန် သဘောတူညီခဲ့ကြောင်း ကုလထုတ်ပြန်ချက်အရ သိရသည်။
ယင်းသက်တမ်းတိုးမည့် အစီအစဉ်အတွက် ထောက်ခံမဲ ၂၀ နှင့် ကန့်ကွက်မဲ ၁၁ မဲ ရရှိပြီးမှ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာနှင့် ပတ်သက်၍ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ ရုရှားဖက် ဒရေးရှင်းနှင့် အိန္ဒိယနိုင်ငံတို့က လက်မခံကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် တင်သွင်း ခဲ့သော်လည်း နိုင်ငံအများ စုက ဆက်လက်ထားရှိရန် ထောက်ခံခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဗီယက်နမ်နိုင်ငံကလည်း မြန်မာနိုင်ငံသည် အပြု သဘောဆောင်သော ပြုပြင်ပြောင်းလဲရေးသို့ ဦးတည်နေကြောင်း ထောက် ခံဆွေးနွေးခဲ့သည်။

ဂျပန်အစိုးရက မြန်မာနိုင်ငံတွင် မီဒီယာ လွတ်လပ်ခွင့် အပါအဝင် သတင်း မီဒီယာသမားများ၏ အခြေအနေ ကို ထောက်ပြဝေဖန်ခဲ့ပြီး လက်ရှိပဋိပက္ခ ဖြစ် ပွားနေသော မြန်မာနိုင်ငံမြောက်ပိုင်း ဒေသကို စိုးရိမ်ပူပန် မိကြောင်း ပြောကြား ခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပံ့ပိုးမှု ဆက်လက်လိုအပ်နေကြောင်း ၎င်းတို့က ထပ်တောင်းဆိုသည်။

လူ့အခွင့်အရေးကောင်စီတွင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ရုံးအဖွဲ့က သက်တမ်းတိုး အဆုံးအဖြတ်နှင့် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေး အစီရင်ခံစာကို ကန့်ကွက်ခဲ့သလို ကုလသမဂ္ဂ၏ “ရိုဟင်ဂျာ” အသုံးအနှုန်း သုံးစွဲမှုအပေါ်ကိုလည်း ပြန်လည်ချေပခဲ့သည်။

အလားတူ လက်ရှိ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် Ms.Yanghee Lee တင်သွင်းသော မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာသည် လွတ်လပ်သော အစီရင်ခံစာ မဟုတ်ဘဲ အဖွဲ့အစည်း တစ်ခုခု၏ လွှမ်းမိုးမှုဖြင့် ရေးဆွဲထားခြင်းကြောင့် အဆိုပါ အစီရင်ခံစာကို ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

“လက်ရှိ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေအပေါ်မှာ ကုလသမဂ္ဂက အားရကျေနပ်လောက်တဲ့ အနေအထားမျိုး မရှိသေးဘူးပေါ့။ အဲဒါကြောင့် ကုလသမဂ္ဂက လူ့အခွင့်အရေး ကိုယ်စားလှယ် ဆက်ပြီး ထားဖို့ လိုတယ်လို့ ယူဆပြီး သတ်တမ်းတိုးတာပါ”ဟု မြန်မာလူထုဖိုရမ် ဖြစ်မြောက်ရေး ကော်မတီဝင် ဦးကျော်လင်းဦးက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် Ms.Yanghee Lee ကို လာမည့်ရွေးကောက် ပွဲနှင့် ရွေးကောက်ပွဲ အလွန်ကာလ အစီအစဉ်များကို အစီရင်ခံစာများ ဆက်လက်တင်သွင်းရန် မတ်လ ၂၇ ရက် အစည်းအဝေးတွင် ဖိတ်ကြားခဲ့သေးသည်။

The Voice Weekly

No comments:

Post a Comment

My Blog List