Thursday, April 02, 2015

ဧပရယ်ဖူးအကြိုနေ့မှာ ငြိမ်းချမ်းရေးတံခါး တကယ်ပွင့်တာလား


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မ တီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အပစ်ရပ်မူကြမ်းကို ပဏာမ သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ 


မတ်လ ၃၁ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်ပြီး ဧပြီ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါမူ ယုံကြည် မည့်သူ မရှိလောက်အောင် အံ့သြစရာကောင်းခဲ့မည့် အောင်မြင်မှု ပင် ဖြစ်လိမ့်မည်။

အစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ရက်က ဖိတ်ခေါ်ခဲ့ပြီး လေးနှစ်ကျော် ကြာမြင့်သည် အပစ်ရပ်မူကြမ်းသည် တရားဝင်တွေ့ဆုံသော တွေ့ဆုံပွဲ ၇ ခုနှင့် အလွတ်သဘောတွေ့ဆုံမှု အကြိမ် နှစ်ဆယ်ကျော် တွေ့ဆုံခဲ့ပြီးနောက် ရရှိလာသည့် အောင်မြင်မှုဟု ဆိုရမည်။

ခုနှစ်ကြိမ်မြောက် ဆွေးနွေးပွဲ၏ ခုနှစ်ရက်မြောက်နေ့တွင် အခန်း (၇၀)၊ အပိုဒ် (၃၃)ပိုဒ်ပါ အချက်အားလုံး ကို နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့များ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ ဒီ NCA လက် မှတ် ရေးထိုးပြီးတာနဲ့ ရှေ့ဆက်သွားမယ့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် တံခါးပေါက် ပွင့်သွားပြီ ဖြစ်ပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ချုပ်ဆိုနိုင်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၏ ပထမအဆင့် အမှန်တကယ် အောင်မြင်ပြီဖြစ်သည်။ သို့သော် မတ်လ ၃၁ ရက်က ရေးထိုးခဲ့သော စာချုပ် သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အချောသတ်နိုင်ခဲ့ခြင်း သာ ဖြစ်သည်။

ထိုစာချုပ်ပါ အချက်များကို ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့က ရေးဆွဲသဘောတူညီပြီးစီးကြောင်း လက်မှတ်ရေး ထိုးခြင်းသာ ဖြစ်သည်။ ထိုသို့ရေးထိုးခြင်းကို "NCA ပဏာမ လက်မှတ်ရေးထိုးခြင်း"ဟု ဝန်ကြီးဦးအောင်မင်း က ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် အမှန်တကယ် လက် မှတ်ထိုးရမည်မှာ ယခု ဆွေးနွေးနေသော UPWC နှင့် NCCT တို့ မဟုတ်သေးပေ။ ထိုအဖွဲ့ နှစ်ခုသည်စာချုပ် ကို ပုံဖော်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။

UPWC သည် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသို့ ပြန်လည်တင်ပြရဦးမည် ဖြစ်သကဲ့သို့ NCCT သည်လည်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ များကို ညီလာခံခေါ်ယူ၍ NCA ကို လက်မှတ် ထိုးနိုင်ရန် တိုက်တွန်းရဦးမည်ဖြစ်သည်။ "ကျွန်တော်တို့ ပြည်ထောင်စုအစိုးရကို တင်ပြတာ တစ်ပတ်အတွင်းဆို ပြေ လည်နိုင်ပါတယ်" UPWC ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

သို့သော် အမှန်တကယ် လက်မှတ်ထိုးနိုင်ရေး အတွက် ကွဲလွဲမှုများ ရှိနေသေးသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကမူ တပ်ပေါင်းစုတွင် ပါဝင်သော အဖွဲ့ ၂၂ ဖွဲ့လုံးကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ်ထိုးနိုင်ရန် မျှော်မှန်းထားသည်။

"တစ်ဖွဲ့ကျန်နေခဲ့ရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလို့ ပြောလို့မရဘူး၊ ဒါက NCA လက်မှတ်ထိုးရေး အတွက် ကြီးမားတဲ့ စိန်ခေါ်ချက်ဖြစ်နိုင်တယ် "ဟု NCCT ၏ ပထမခေါင်းဆောင် ဦးနိုင်ဟံသာက ဆိုသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီသည်လည်း တိုင်းရင်းသားအဖွဲ့ အရေ အတွက်နှင့် ပတ်သက်၍ ယင်းတို့၏ သဘောထားကို ဦးအောင်မင်းက "ပထမ အဆင့်အနေနဲ့ ဒီ ၁၆ ဖွဲ့နဲ့ ပဲဆောင်ရွက် ပါမယ်။ ထပ်တိုးလာရင် ထပ်ဆွေးနွေးရရင် ပိုပြီး ကြာနေမယ်၊ ကျွန်တော်တို့ အစိုးရလက်ထက်မှာ မမီနိုင် ဘူး" ဟုဆိုသည်။

အပစ်အခတ်ရပ်စဲရေး စာချုပ် ဆွေးနွေးပွဲများတွင် လေ့လာသုံးသပ်သူ အဖြစ်ပါဝင်ခဲ့သည် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ထိုဆွေးနွေးပွဲများတွင် အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန် အကြေအလည် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း လက်နက်ကိုင် တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ရေး ထိုးမှသာ ပိုခိုင်မာမည်ဟု ထောက်ပြခဲ့သည်။

"စာချုပ်အရ ခိုင်မာပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ကျွန်တော်တို့ ဆွေးနွေးနေတာဖြစ် တယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်မှ ပိုပြီး ခိုင်မာမယ်လို့ ထင်ပါတယ်" ဟု ပြောသည်။ အပြီးသတ် ရေးဆွဲနိုင်ခဲ့သော အပစ်ရပ်စာချုပ်တွင် ဆွေးနွေးရန် ခက်ခဲခဲ့သော အချက်အချို့ ကို အစည်းအဝေးမှတ်ချက်အဖြစ် မှတ်တမ်းတင်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲရောက်မှသာ ထပ်မံဆွေးနွေး ရန်ထားရှိခဲ့သည်။

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း၊ တပ်နေရာချထားခြင်း၊ တပ်သားစုဆောင်းခြင်း စသော အချက် များ အပါအဝင် အချက်အချို့ကို ထပ်မံဆွေးနွေးရမည်ဖြစ်သည်။ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော်က ချမှတ်ထားသော ငြိမ်းချမ်းရေးမူ ခြောက်ချက်ကိုလည်း ဆက်လက်ဆွဲကိုင်သွားမည်ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ထိုမူ ခြောက်ချက်တွင် နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေ စီ လျှောက်လှမ်းမှုတွင် လိုက်ပါလုပ်ဆောင်ရန် ဟူသည့် အချက်နှစ်ချက်လည်း ပါဝင်သည်။ 

ထိုမူဝါဒများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ပြုသော မူများဖြစ်ပြီး ဖက်ဒရယ် တောင်း ဆိုထားသော တိုင်းရင်းသား လက်နက်ကိုင်များ၏ သဘောထားနှင့် ကွဲလွဲနေသည်။

ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးမူကြမ်း ပြီးစီးခဲ့သော်လည်း သမ္မတ၏ မိန့်ခွန်းစကားတွင် ပါဝင်သည့် ငြိမ်းချမ်းရေးတံခါးသည် တစ်ကယ်ပွင့်ခဲ့သလား မေးစရာ ဖြစ်နေသေးသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List