Wednesday, April 01, 2015

လီကွမ်ယူကို စော်ကားပြောဆိုမှုဖြင့် စင်ကာပူ ဆယ်ကျော်သက် အဖမ်းခံရ


ကွယ်လွန်သွားခဲ့ပြီဖြစ်သော ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူနှင့် ဘာသာရေး အယူဝါဒတခုကို လူမှုမီဒီယာ တွင် စော်ကား ပြောဆိုခဲ့သော စင်ကာပူနိုင်ငံသား ဆယ်ကျော်သက် လူငယ်တဦးကို တရားစွဲဆိုထား သည်ဟု စင်ကာပူ တာဝန်ရှိ သူများက မတ်လ ၃၁ ရက် နေ့တွင် ပြောကြားလိုက်သည်။
အသက် ၁၆ နှစ် အရွယ်ရှိပြီဟု ရဲတပ်ဖွဲ့က ဆိုသော Amos Yee ကို YouTube တွင် တင်ခဲ့သော ဗီဒီယို အတွက် မကြာသေးမီကမှ ပြဌာန်းခဲ့ သည့် နှောက်ယှက်မှု ကာကွယ်ရေး ဥပဒေအရ တရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။

၈ မိနစ်ခန့် ကြာမြင့်သည့် အဆိုပါ ဗီဒီယိုထဲတွင် ခေတ်သစ် စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့သူဖြစ်သော လီကွမ်ယု ကွယ်လွန်ခြင်း အတွက် သူက အောင် ပွဲခံခဲ့သည်။ အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွား ခဲ့သော လီကွမ်ယုကို မတ်လ ၂၉ ရက်နေ့က နိုင်ငံတော် အခမ်းအနားဖြင့် သင်္ဂြိုလ်ခဲ့ပြီးဖြစ်သည်။

Amos Yee ၏ အမှုကြောင့် အာရှ၏ ဘဏ္ဍာရေး အချက်အချာ နေရာ တခု ဖြစ်သည့် စင်ကာပူနိုင်ငံတွင် စိစစ်ဖြတ်တောက်ရေးနှင့် လူမှုရေး ထိန်းချုပ်မှုအပေါ် စိုးရိမ်မှုများ ပေါ်ပေါက်လာပြီး နိုင်ငံတကာ မီဒီယာ လွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့အစည်းတခုကလည်း ဝေဖန်ခဲ့သည်။

Amos Yee ကို တင်ထားသည့် စွဲချက်များထဲတွင် တခြားသူတို့၏ ဘာသာရေးနှင့် လူမျိုးရေးကို နိုင်ငံတကာ သိအောင် စော်ကားဝေဖန်ခြင်းလည်း ပါဝင်ပြီး အဆိုပါ ပြစ်ချက်အတွက် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခြင်း ခံရနိုင်သည်။

အကယ်၍ စော်ကားနှောက်ယှက်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခဲ့ပါက Amos Yee အနေဖြင့် ဒဏ်ငွေ စင်ကာပူ ဒေါ်လာ ၅၀၀၀ ပေးဆောင် ရန်လည်း ရှိနေသည်။

YouTube တွင် တင်ခဲ့သည့် ဗီဒီယိုထဲတွင် Amos Yee ၏ လီကွမ်ယူနှင့် ပတ်သက်သော မှတ်ချက်စကား များနှင့် ခရစ်ယာန် ဘာသာနှင့် ပတ်သက်၍ ပြောဆိုမှုများကို လူအမြောက်အများ ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ဗီဒီယိုကို ဖယ်ရှားခြင်း မပြုမီ ကြည့်ရှုသူသိန်းနှင့် ချီ၍ ရှိခဲ့သည်။

တရားရုံးသို့ Amos Yee က သူ၏ မိဘများနှင့်အတူ ရောက်ရှိလာခဲ့သည်။ တရားရုံးအပြင်ဖက်တွင် သူ၏ ဖခင်က လီကွမ်ယု၏ သား လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းကို တောင်းပန်ချင်ကြောင်း သတင်းထောက် များကို ပြောကြား ခဲ့သည်။

Amos Yee ကို စင်ကာပူဒေါ်လာ ၂၀၀၀၀ ဖြင့် အာမခံပေးခဲ့ပြီး လက်ထောက် အစိုးရရှေ့နေ Hon Yi က အမှုစစ်ဆေး ကြားနာနေစဉ်အတွင်း စာသား၊ ရုပ်ပုံ၊ ဗီဒီယို အစရှိသဖြင့် မည်သည့် အရာကိုမျှ အွန်လိုင်းပေါ် တင်ခြင်း၊ ဖြန့်ဝေခြင်း မပြုလုပ်ရန် တောင်းဆိုခဲ့သည်။အမှုကို ဧပြီလ ၁၇ ရက်နေ့တွင် ထပ်မံကြားနာမည်ဟု သိရသည်။

Amos Yee ၏ ဗီဒီယိုနှင့် ပတ်သက်၍ တိုင်ကြားမှု ၂၀ ကျော် ရရှိခဲ့သည်ဟု ရဲအဖွဲ့က ပြောသည်။ ဗီဒီလိုထဲ တွင် ခရစ်ယာန် ဘာသာကို ဆန့်ကျင် သရော်သော စကားလုံးများပါဝင်ကြောင်း တိုင်ကြားခဲ့ကြသည်ဟု လည်း ဆိုသည်။

“စင်ကာပူနိုင်ငံရဲ့ ဘာသာရေး ဟန်ချက်ညီမျှမှုကို ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေလို့ ရဲအဖွဲ့က ယူဆပါတယ်” ဟု စင်ကာပူ ရဲအဖွဲ့မှ စုံစမ်းစစ်ဆေးရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ လက်ထောက်ရဲမင်းကြီး Tan Chye Hee က ကြေညာချက် တစောင်တွင် ပြောကြားခဲ့သည်။

“အွန်လိုင်းပေါ်မှာ တခြားသူတဦးတယောက်ရဲ့ လူမျိုးရေးနဲ့ ဘာသာရေးကို ထိခိုက်နစ်နာအောင် ရည်ရွယ် ချက်ရှိရှိနဲ့ စော်ကားပုတ်ခတ်တဲ့ အရာတွေ တင်တဲ့သူ မှန်သမျှကို ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါ တယ်” ဟု Tan Chye Hee ကပြောသည်။

Amos Yee ကို ဖမ်းဆီးခြင်းအတွက် စိုးရိမ်ကြောင်းနှင့် ၎င်းကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို လိုက်ကြောင်း စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီ (The Committee to Protect Journalists - CPJ) က ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

“ဗီဒီယို တခုမှာပြောတဲ့ စကားတွေကြောင့် လူငယ် ဘလော့ဂ်ဂါ တယောက်ကို ဖမ်းဆီးလိုက်ခြင်းက စင်ကာပူနိုင်ငံသား စာနယ်ဇင်း သမားတွေ ဖိအားနဲ့ အလုပ်လုပ်နေရတဲ့ တင်းကျပ်တဲ့ အခြေအနေ ကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်” ဟု CPJ ၏ အာရှ အစီအစဉ်မှ Bob Dietz က ပြောသည်။

စင်ကာပူနိုင်ငံသည် စိစစ်ရေးအတွက် တင်းကျပ်သော ဥပဒေများ ချမှတ်ထားပြီး ၀က်ဘ်ဆိုက် အများ အပြားကို ပိတ်ပင်ထားသကဲ့သို့ Playboy မဂ္ဂဇင်းမှသည် ကလေးစာအုပ်နှင့် ကာတွန်းအချို့အထိ ဖြန့်ချိခြင်း မပြုရန် တားမြစ်ထားသည်။

Source: Reuters
ဓာတ်ပုံ - The Straits Times
ဧရာဝတီ

No comments:

Post a Comment

My Blog List