Monday, March 30, 2015

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှု ကန့်ကွက်ရှုတ်ချပွဲ အင်အား ၂၀၀ ခန့်ဖြင့် မုံရွာ၌ ပြုလုပ်


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ဆန္ဒပြနေကြသော ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းမှ ကျောင်းသားများ ရန်ကုန်သို့ဝင်ရန်လာစဉ် ရဲတပ်ဖွဲ့မှ တားဆီးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့မှုကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ဆန္ဒထုတ်ဖော်မှုအား လူအင်အား ၂၀၀ ခန့်ဖြင့် မတ် ၂၉ ရက် နံနက် ၉ နာရီတွင် မုံရွာမြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“ဘာလက်နက်မှမရှိတဲ့ ကျောင်းသားတွေကို ရက်ရက်စက်စက် တုတ်နဲ့ရိုက်ပြီး ဖြိုခွင်းဖမ်းဆီးခံရတာကို မကျေနပ်လို့ပါ။ ဒီမိုကရေစီနိုင်ငံမှာ ဒီလိုမျိုးအကြမ်းဖက်တာတွေ မရှိသင့်ပါဘူး။ အခုထိ ကျောင်းသားတွေက ပုဒ်မတွေမျိုးစုံတပ်ပြီး တရားစွဲဆို ခံနေရပါတယ်။ ဒါကို ပြည်သူတွေက ရှုတ်ချတယ်ဆိုတာသိအောင် ဆန္ဒပြ တာပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် မုံရွာမြို့ခံတစ်ဦးက ဆိုသည်။

ဆန္ဒပြသူများသည် မုံရွာပြည်သူ့အား ကစားကွင်းစုရပ် နေရာမှတစ်ဆင့် ဗိုလ်ချုပ်လမ်း၊ ဈေးလမ်း၊ ကမ်းနား လမ်း၊ ဇက်ဆိပ်၊ ညောင်တပင်လမ်းအတိုင်း ချီတက်ပြီးနောက် ဗိုလ်ချုပ်လမ်းမကြီး ဗိုလ်ချုပ်မြင်းစီးကြေးရုပ် တွင် အလေးပြု အခမ်းအနားပြုလုပ်ကာ ဖမ်းဆီးခံကျောင်းသားများနှင့် ပြည်သူများအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်ဖြင့် တစ်မိနစ်ငြိမ်သက်စွာ ဆုတောင်းခဲ့ပြီး နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုခဲ့ကြသည်။

၎င်းဆန္ဒပြပွဲကို မုံရွာမြို့နယ် ကြေးမုံရွာမှ ဦးစည်ကဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့သို့ ခွင့်ပြုမိန့်လျှောက်ထား ကာ ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေး၊ မုံရွာ၊ မင်းကင်း၊ ကနီ၊ စစ်ကိုင်း၊ ချောင်းဦးမြို့တို့မှ ပြည်သူများ၊ ရွှေဝါရောင် သံဃာတော်များကွန်ရက်၊ ကျောင်းသားသမဂ္ဂအဖွဲ့များ၊ ကျောင်းသားမိဘများ ပါဝင်ခဲ့ပြီးအင်အား ၂၀၀ ခန့်ရှိကြောင်း သိရသည်။

ဆန္ဒပြသူများသည် လက်ပံတန်မြို့တွင် အကြမ်းဖက်ဖြိုခွင်းစဉ်က ဓာတ်ပုံများနှင့် ဖမ်းဆီးတရားစွဲဆိုခံထား ရသော မုံရွာမြို့မှ ဗကသကျောင်းသား ကိုဟိန်းဇော်ဝင်းတို့၏ ဓာတ်ပုံများကို ကိုင်ဆောင်၍ ကျောင်းသားများ အပေါ် အကြမ်းဖက်မှု အလိုမရှိ၊ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ချက်ချင်းပေး၊ဖမ်းဆီး ထားသော ကျောင်းသားပြည်သူများအားချက်ချင်းလွှတ်၊ ကျောင်းသားပြည် သူများအား ဥပဒေမဲ့ အကြမ်းဖက် မှု ချက်ချင်းရပ်၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။


Eleven Media Group

No comments:

Post a Comment

My Blog List