Tuesday, March 31, 2015

NCA လက်မှတ်ထိုးရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိပ်သီးညီလာခံခေါ်ယူပြီး ဆွေးနွေးဆုံးဖြတ်မည်


နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA)ကို လက်မှတ်ထိုးရန် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ ထိပ်သီးညီလာခံတစ်ခုခေါ်ယူ ပြုလုပ်ပြီးမှသာ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်သည်ဟု တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)ခေါင်းဆောင် နိုင်ဟံသာက ယမန်နေ့က ပြောဆို လိုက်သည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်းရေး အဖွဲ့များ၏ (NCCT)နှင့် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ(UPWC)တို့ (၇)ကြိမ်မြောက် အစည်းအဝေး ၇ရက်မြောက်နေ့တွင် အပစ်ရပ်စာချုပ် မူကြမ်းပါ အချက် အားလုံးကို သဘောတူညီမှုရရှိပြီသော်လည်း လက်မှတ်ထိုးမည့်ကိစ္စကိုမူ ညီလာခံခေါ် ယူပြီးမှသာ ဆုံးဖြတ်မည် ဖြစ်သည်ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ဟံသာ က ပြောဆို လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့နှစ်ဖက် စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းလာတာ အခုကတော့ သဘောတူပြီးသွားပြီလို့  ပြောလိုပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာက ကျနော်တို့ NCCT နဲ့ အဆုံးအဖြတ်ပေးလို့ မရသေး ဘူး၊ ကျနော်တို့က အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီးတော့မှာ အစည်းအဝေးလုပ်ရ မယ်၊ အဲ့မှာ တင်ပြရမယ်။ သူတို့ကနေပြီးတော့မှ အဆုံးအဖြတ်ပေးရမယ်။ သူတို့ပြင်ချင်တာ ဖြည့်စွက်ချင် တာ ရှိကောင်း ရှိနိုင်တယ်။ အတည်ပြုမှုတွေ ရပြီးတော့မှ တရားဝင် သူတို့ ကိုယ်တိုင်လက်မှတ် ထိုးဖို့ ရည်ရွယ်ထားပါတယ်” ဟု နိုင်ဟံသာက ပြောသည်။

NCA ကို လက်မှတ်ထိုးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့များ ထိပ်သီးညီလာခံကို မည်သည့် အချိန်၊ မည်သည့် နေရာတွင် ပြုလုပ်မည်ကို ဆွေးနွေးညှိနှိုင်းမူ မလုပ်ရသေးသော်လည်း လာမည့် ဧပြီလအတွင် ကျင်းပရန် မျှော်မှန်းထားသည်ဟု NCCT က ဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ၂၆ ဖွဲ့ရှိကာ NCCT အဖွဲ့ဝင်များ၊ အဖွဲ့ဝင် မဟုတ်သူများလည်းရှိကာ ညီလာခံတွင် အဖွဲ့အားလုံးကို ဖိတ်ခေါ်ဆွေးနွေးပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ကို အဖွဲ့များအားလုံးအတူတစ်ကွ တပြိုင်တည်းလက်မှတ်ထိုးရန်မိမိတို့ ဆန္ဒရှိသည်ဟု NCCT အဖွဲ့ဝင် ဒေါက် တာ ဆလိုင်းလျန်မုန်းဆာခေါင်က ပြောသည်။

UPWC အဖွဲ့ပြောဆိုခွင့်ရှိသူ ဦးလှမောင်ရွှေကလည်း ၎င်းတို့အဖွဲ့ဝင်များ အနေဖြင့် NCA ဆွေးနွေးပွဲ နေ့ စဉ် ဆွေးနွေး ဆုံးဖြတ်မှုများကို သက်ဆိုင်ရာ အဖွဲ့အလိုက် ထိပ်ဆုံးခေါင်းဆောင်များအား နေ့စဉ် အသိပေး တင်ပြထားပြီး ဖြစ်သည့်အတွက် လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သည်ဟု ယခုလို ပြောသည်။

၎င်းက “NCA မှာ အခန်းပေါင်း ၇ ခန်းနဲ့၊ အပိုဒ်ပေါင်း ၃၃ ပိုဒ်နဲ့၊ အပိုဒ်ငယ် ပေါင်း ၈၆ ပိုဒ်ပါပါတယ်။ ကျနော် တို့ UPWC အနေနဲ့ကတော့ အားလုံးကို တင်ပြပြီးဖြစ်တဲ့အတွက် အစိုးရဘက်ပိုင်းမှာ အခက်အခဲမရှိပါဘူး ။ ဆွေးနွေးဖို့ မကျန်တော့ဘူးဆိုတာတော့ တင်ပြချင်တယ်။ ကျနော်တို့ဘက်ကတော့ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်ပြီးဆိုတာကို အသိပေးချင်တယ်”ဟု ပြောသည်။

NCCT နှင့် UPWC တို့ အနေဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလဆန်း ပိုင်းမှ စတင်ကာ တစ်နိုင်ငံလုံး အပစ် ရပ်စာချုပ်မူကြမ်းကို စတင်ဆွေးနွေး ခဲ့ပြီး တရားဝင် ၇ ကြိမ်မြောက်ဆွေးနွေးမှုအပြီးတွင် ယခုလို သဘောတူညီ ခဲ့ခြင်းဖြစ်ကာ အလွတ်သဘောဆွေးနွေးပွဲများလည်း အများအပြားပြုလုပ် ခဲ့ရကြောင်း နှစ် ဖက်ကိုယ်စားလှယ် များက ပြောဆိုသည်။

KIC News

No comments:

Post a Comment

My Blog List