Tuesday, March 31, 2015

နယ်သာလန်ဘုရင်မ ယနေ့မိန့်ခွန်းပြောမည်


ယမန်နေ့ (မတ်လ ၃၀ ရက်)က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော နယ်သာလန်ဘုရင်မ မက္ကဆီမာသည် ယနေ့(မတ်လ ၃၁ ရက်)တွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဘဏ္ဍာရေးဆိုင်ရာ မိန့်ခွန်း ပြော ကြားမည်ဖြစ်သည်။

မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် လာရောက်လည်ပတ်သော ဘုရင်မ မက္ကဆီမာ၏ မြန်မာနိုင်ငံ ခရီးစဉ်မှာ မတ်လ ၃၀ ရက်မှ ဧပြီ ၁ ရက်ထိ သုံးရက်ကြာမြင့်မည်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူး၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှုများ အထူးကိုယ်စားလှယ် (UNSGSA) ဖြစ်သူ နယ်သာလန်ဘုရင်မသည် မတ်လ ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ ဘဏ်လုပ်ငန်းများ၊ အသေးစားချေးငွေ လုပ်ငန်းများနှင့် ဆက်သွယ်ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

မတ်လ ၃၁ ရက် ရန်ကုန်တက္ကသိုလ်တွင် ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိရေး အရေးကြီးကြောင်း မိန့်ခွန်းပြောပြီးနောက် မှော်ဘီမြို့နယ်ရှိ ဒေသခံစီးပွား ရေးလုပ်ငန်းရှင်များ၏ ချေးငွေ အနည်းငယ်ဖြင့် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နေ မှုများအား သွားရောက်လေ့လာမည်ဖြစ်သည်။ ထို့နောက် ဧပြီ ၁ ရက် တွင် နေပြည်တော်၌ ကျင်းပသော ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ် သည်။ နေပြည်တော်တွင် မြန်မာအစိုးရ၊ ဗဟိုဘဏ်နှင့် လွှတ်တော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ၍ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရန် ဘဏ္ဍာရေးဝန်ဆောင်မှုရရှိရေး အရေးကြီးမှုကို ဆွေးနွေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က သတင်းထုတ်ပြန်ထားသည်။

အာဂျင်တီးနားနိုင်ငံ၊ ဗျူနို အေးရိစ်မြို့တွင် မွေးဖွားခဲ့သူ အသက် (၄၃) နှစ်အရွယ် နယ်သာလန်ဘုရင်မ မက္ကဆီမာသည် ဘုရင်ဝီလျံအလက်ဇန္ဒား၏ ကြင်ရာတော်ဖြစ်သည်။ ၁၈၉၀ပြည့်နှစ်နောက်ပိုင်း ပထမဆုံး နယ်သာလန်(ဟော်လန်)ဘုရင်မအဖြစ် ၂၀၁၃ ဧပြီ ၃၀ ရက်တွင် ရောက်ရှိခဲ့သည်။

ဘုရင်မ မက္ကဆီမာသည် ၁၉၉၅ က Pontifical Catholic University of Argentina မှ စီးပွားရေးဘွဲ့ရရှိ ခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌ မာစတာဘွဲ့ရယူခဲ့သည်။ အာဂျင်တီးနား၊ နယူးယောက်၊ ဘရပ်ဆဲလ်တို့ရှိ နိုင်ငံတကာ ဘဏ္ဍာရေးကုမ္ပဏီလုပ်ငန်းကြီးများတွင် လုပ်ကိုင်ဖူးပြီး အင်္ဂလိပ်ဘာသာဆရာမအဖြစ်လည်း လုပ်ကိုင်ခဲ့သလို အထက်တန်းကျောင်းသားများနှင့် မောင်မယ် သစ်လွင်များအတွက် သင်္ချာဘာသာဆရာမအဖြစ်လည်း လုပ်ကိုင်ခဲ့သူဖြစ်သည်။ မက္ကဆီမာသည် ၂၀၁၁ ဇွန်လကတည်းကပင် ဂျီ -၂၀ ဘဏ္ဍာရေးဝန်ဆောင်မှု ကမ္ဘာလုံး ဆိုင်ရာ မိတ်ဖက်အဖွဲ့ကြီး (GPFI)၏ ဂုဏ်ထူးဆောင် နာယကလည်း ဖြစ်သည်။

၂၀၀၉ စက်တင်ဘာတွင် ယခုလက်ရှိရာထူး UNSGSA အဖြစ် ကုလအထွေ ထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ခန့်အပ်ခဲ့သည်။ ၎င်း၏ တာဝန်မှာ ဆင်းရဲ နွမ်းပါးမှုလျော့ပါးရေး၊ စားနပ်ရိက္ခာလုံခြုံရေး၊ ပညာရေးကဲ့သို့သော စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ ရောက်ရှိ အောင်မြင်ရေး အတွက် ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာစနစ်များ၏ အရေးပါမှုအပေါ် လူထုနားလည်သဘောပေါက်သိရှိမှု မြှင့်တင် ရန် ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List