၁။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် သည် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ တောင်းဆိုချက်များ၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များနှင့် ကွဲလွဲနေသည်ကို ဝမ်းနည်းဘွယ် တွေ့ရှိရပါသည်။ ကွဲလွဲချက်များမှာ -
(က) ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားခွင့်ကို တက္ကသိုလ် ပဋိ ဥာဉ်၊ ပညာရေးဆိုင်ရာ အခြားဥပဒေများနှင့် ပြန်လည်ချုပ်ကိုင်ထားသဖြင့် ကျောင်းသားများနှင့် ဆရာများ၏ လွတ်လပ်ခွင့်ကို ချုပ်ကိုင်ရာရောက်ပါသည်။
(ခ) လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူခဲ့သည့် “ဒီမိုကရေစီပညာရေးလွတ်လပ်ခွင့်ကို အာမခံ ခြင်း” အခန်းအား အမျိုးသားလွှတ်တော်က ပယ်ဖျယ်ပြီး “အမျိုးသားပညာရေးမူဝါဒကော်မရှင်”နှင့် အစားထိုး လိုက်ခြင်းသည် ဒီမိုကရေစီပညာရေးစနစ်ကို ငြင်းပယ်ပြီး ဗဟိုချုပ်ကိုင်သည့်ပညာရေးစနစ် ကိုသာ ကျင့် သုံးခြင်းဖြစ်ပါသည်။ထို့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲက ပယ်ဖျက်ပြီးဖြစ်သည့် အဆင့်မြင့် ပညာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီကိုလည်း အမျိုးသားလွှတ်တော်က ပြန်လည်ထည့်သွင်းထား သဖြင့် တက္ကသိုလ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ချုပ်ကိုင်ရာရောက်ပါသည်။
(ဂ) ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက တောင်းဆိုပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူခဲ့သည့် “ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင် ပြဌာန်း ခွင့်”ကိုပယ်ဖျက်ပြီးဗဟိုချုပ်ကိုင်မှုစနစ်ကိုသာ ပြန်လည်အတည်ပြုထားပါသည်။ ဒေသအလိုက် နှင့် ကျောင်း အလိုက် သင်ရိုးညွှန်းတမ်းလွတ်လပ်ခွင့်ကိုလည်း ပယ်ဖျက်ပြီး ဗဟိုမှချမှတ်သည့် သင်ရိုး ညွှန်းတမ်းစနစ်ကို သာ ကျင့်သုံးထားပါသည်။
(ဃ) စာမေးပွဲစနစ်များနှင့်ပတ်သက်၍ ကျောင်းသားများ၏ သင်ယူမှုကို အားပေးသောစစ်ဆေးနည်း (Formative Assessment)ကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားပါသည်။
(င) လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်ဖြစ်သည့် “လွတ်လပ်စွာ တွေးခေါ်စဉ်းစားနိုင်ပြီး ကိုယ်ပိုင်လေ့လာသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ” မရရှိတော့ဘဲ အသင့်ရေးထားသည့် ဖတ်စာများကိုသာ အလွတ်ကျက်၊အလွတ်ဖြေရသည့် စာမေးပွဲစနစ်များသာ ပြန်လည်ကျင့်သုံးခြင်း ဖြစ်၍ အမျိုးသားလွှတ်တော်သည် အရည်အသွေးမရှိသည့် ပညာရေးကိုပေးရန် ဆုံးဖြတ်ခြင်းသာ ဖြစ်နေသည်။
(စ) တိုင်းရင်းသားလူမျိုးများ၏ ကလေးများအတွက် မိခင်ဘာသာစကားဆိုင်ရာကိစ္စတွင် မိခင် တိုင်းရင်းသား ဘာသာစကားကို သင်ကြားမှုဘာသာစကားအဖြစ် --- မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတို့နှင့် တွဲဖက်အသုံးပြုခွင့်ရှိသည်ဟု ပြောင်းလဲထားသဖြင့် ပညာရေးဆိုင်ရာ လိုအပ်ချက်ဖြစ်သော မိခင်ဘာသာ စကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်(Monther Tongue Based Multilingual Education)၏ အနှစ်သာရ ပျက်ယွင်းသွားပါသည်။ ထို့ပြင် မိခင်ဘာသာစကားကို ရွေးချယ်ရန်အတွက် ကျောင်းအလိုက် ဆုံးဖြတ်ခွင့်ကို ငြင်းပယ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်ဆုံးဖြတ်ရန် ထည့်သွင်းထားသဖြင့် တိုင်းရင်းသားဘာသာစကားများစွာရှိသော ဒေသများ အတွက် အခက်အခဲကြုံနိုင်ပါသည်။ လူဦးရေနည်း ပါးသော တိုင်းရင်းသားလူမျိုးကလေးများသည် သူတို့နားလည်သော ဘာသာစကားဖြင့် သင်ကြားခွင့်မရ သဖြင့် ပညာရေးအခွင့်အရေး ဆုံးရှုံးပါသည်။
(ဆ) မသန်စွမ်းကလေးများအပါအဝင် ကလေးများအားလုံး ပညာသင်ယူနိုင်ရေးကိစ္စတွင် လူတိုင်း အကျုံးဝင် ပညာရေးနှင့် ပတ်သက်၍ “အထူးပညာရေးအစီအစဉ်” အဓိပါယ်ဖွင့်ဆိုချက်ကို လေးပွင့် ဆိုင်သဘောတူ ချက်နှင့်ကွဲလွဲပြီး “အထူးအစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရန် ကျောင်းများတည်ထောင် ဖွင့်လှစ်၍---” ဟူ၍ ပြန်လည်ဖွင့်ဆိုထားသည့်အတွက် လူတိုင်းအကျုံးဝင်ပညာရေး၏ အယူအဆနှင့် လွဲချော်နေပါသည်။ ထို့ပြင် အထူးကျောင်းများနှင့် အခြားဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထား သော ကျောင်းများကို ပယ်ဖျက်ထားသဖြင့် ခွဲခြားဆက်ဆံသော ပညာရေးဥပဒေဖြစ်နေပါသည်။
(ဇ) ပညာရေးအသုံးစရိတ်ကို ၅နှစ်အတွင်း တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% အနည်းဆုံး သုံးစွဲ မည် ဟု လေးပွင့်ဆိုင်အစည်းအဝေးတွင် သဘောတူညီခဲ့ကြသော်လည်း အမျိုးသားလွှတ်တော်က “--- ငါးနှစ် အတွင်း သင့်လျော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့်သုံးစွဲရန် ရည်မှန်းဆောင်ရွက်ရမည်” ဟု ပြောင်းလဲ လိုက်သည်။ အမျိုးသားလွှတ်တော်သည် ပညာရေးအသုံးစရိတ် တိုးမြှင့်လိုစိတ်မရှိကြောင်း ၀မ်းနည်း ဖွယ်တွေ့ရသည်။ ထို့ပြင် အမျိုးသားလွှတ်တော်သည် ပညာရေးအသုံးစရိတ်နှင့် ပတ်သက်၍ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့တွင် သဘောတူညီခဲ့သည်ကိုလည်း ချိုးဖောက်ရာရောက်သည်။ UNESCO က ဦးဆောင်ခဲ့သည့် The Muscat Agreement (2014) တွင် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၅% မှ ၂၀% အထိသုံးစွဲရန် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက သဘောတူညီ ခဲ့ပြီးဖြစ်သည်။ ဤသဘောတူညီ ချက်သည် နိုင်ငံချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အသုံး စရိတ်အားလုံး၏ ရာခိုင်နှုန်း ကို ဖော်ပြခြင်းဖြစ်၍ လိုက်နာသင့်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၃(ခ) (၄)တွင် တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ အပြည်ပြည်ဆိုင်ရာ စာချုပ် တစ်ခုခုအရဖြစ်စေ ကျခံရမည့် အခြားအသုံးစရိတ် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊လျှော့၍ ခွင့်ပြုခြင်း မရှိစေရဟု ပါရှိသည်ကိုလည်း သတိပြုသင့်ပါသည်။ အာရှနိုင်ငံအသီးသီးရှိ အရပ်ဖက်ပညာရေး အဖွဲ့အစည်းများက ပညာရေး အသုံးစရိတ်ကို ၂၀% အထက်သုံးစွဲရန် တောင်းဆိုထားကြသည်။
(ဈ) လေးပွင့်ဆိုင်သဘောတူညီချက်တွင်ပါရှိသော “အခမဲ့ မသင်မနေရ အလယ်တန်းပညာရေး”ကို ပယ်ဖျက်ထားကြောင်း တွေ့ရှိရပါသည်။ ပညာရေးအသုံးစရိတ် တိုးမြှင့်လိုခြင်းမရှိ၍ ပညာရေးစနစ်ကို လည်း တိုးမြှင့်ခြင်းမရှိဟု ယူဆသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၆(ခ)တွင် ဥပဒေဖြင့် ပြဌာန်း သည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်ဟု ပါရှိပါသည်။ အမျိုးသား လွှတ်တော်၏ ဆုံးဖြတ် ချက်သည် အခြေခံဥပဒေနှင့်လည်း ကွဲလွဲလျက်ရှိပါသည်။
၂။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းအပေါ်တွင် စီစစ်တင်ပြခြင်း အစီရင်ခံစာ”သည် အမျိုးသားလွှတ်တော် ကြားနာပွဲများကို အခြေခံ ရေး သားကြောင်း ဖော်ပြထားပါသည်။ သို့ရာတွင် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက အခြေခံသော အချက်များမှာ ကျောင်းသားများ၏ တောင်းဆိုချက်များကို ဆန့်ကျင်ပြောဆိုသည့် ပုဂ္ဂိုလ်များ၏ ပြောဆိုချက်များဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကျောင်းသားများ၏တောင်းဆိုချက်သည် ကျောင်းသားထု အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြစ်ြပီး၊ သပိတ်စစ်ကြောင်းများ ချီတက်ရာလမ်းတစ်လျှောက်မှ ပြည်သူလူထု ၏ ထောက်ခံမှုကိုလည်း ရရှိထားပါသည်။ NNER မှတင်ပြသော မူဝါဒများသည်လည်း တိုင်းနှင့်ပြည်နယ် အသီးသီးရှိဒေသ(၂၅)ခု၌် ကျင်းပခဲ့သောဆွေးနွေးပွဲများတွင် ပြည်သူလူထု၏သဘောဆန္ဒများကို အခြေခံ ထားသော ရလဒ်ဖြစ်ပါသည်။ အမျိုးသားလွှတ်တော်သည် ကျောင်းသားနှင့် ပြည်သူများ၏ တင်ပြချက်ကို အလေးမထားဘဲ ကျောင်းသားနှင့် ပြည်သူများ၏တင်ပြချက်ကို ဆန့်ကျင်သောပုဂ္ဂိုလ်အချို့၏ တင်ပြချက်ကို သာ အခြေခံကြောင်း တွေ့ရှိရပါသည်။
၃။ အမျိုးသားလွှတ်တော်ကြားနာပွဲ၏ (၁၁.၃.၂၀၁၅)ရက်နေ့တွင် ပြုလုပ်သော “ဒီမိုကရေစီပညာရေး စစ် ကြောင်းများကို အားပေးထောက်ခံကူညီခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်(၂၀)ဦး” ကဏ္ဍတွင် တက်ရောက် ဆွေးနွေးသူ (၄)ဦးသာရှိပြီး အဆိုပါ(၄)ဦးသည်ဒီမိုကရေစီပညာရေးစစ်ကြောင်းနှင့် လေးပွင့် ဆိုင် သဘောတူညီချက်များကို ဆန့်ကျင်ပြောဆိုသွားခဲ့ကြပါသည်။ ဒီမိုကရေစီပညာရေး စစ်ကြောင်းများကို အားပေးထောက်ခံသူများမှ အမျိုးသားလွှတ်တော်သို့ အမည်စာရင်း တင်သွင်းထားကြသော်လည်း ဖိတ်ကြားခြင်းမရှိကြောင်းလည်း သိရှိရပါသည်။ အမျိုးသားလွှတ်တော်သည် ထောက်ခံသူများကြားနာရမည့် နေ့တွင် ဆန့်ကျင်သူများကို ကြားနာခဲ့ခြင်း အား ပြန်လည်ရှင်းလင်းရန် လိုအပ်ပါသည်။
၎။ ထို့ပြင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတွင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီနှင့် ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့သည်ဟု ဖော်ပြထားသည်ကိုလည်း တွေ့ရပါသည်။ အမျိုး သားလွှတ်တော်ကြားနာပွဲတွင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် (၁၅)ဦးအနက် (၆) ဦးသည် ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်ခံထားရသဖြင့် (၉)ဦးသာ တက်ရောက်နိုင်သည်ဟု သိရပါသည်။ ဦးဆောင်ကော်မတီဝင် (၁၅)ဦး စုံညီတက်ရောက်နိုင်ခြင်းမရှိဘဲ အမျိုးသားလွှတ်တော်က ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ညှိနှိုင်းသဘောတူခဲ့သည်ဆိုသည့် အချက်ကိုလည်း အမျိုးသား လွှတ်တော်က ရှင်းလင်းရန်လိုအပ်ပါသည်။
၅။ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်အဖွဲ့သည် လေးပွင့်ဆိုင်ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ပါသည်။ အဆိုပါ ကိုယ်စားလှယ်များသည် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များအပေါ် ရပ်တည်ခြင်း မရှိ ကြောင်းကိုလည်း တွေ့ရှိရပါသည်။
၆။ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်များကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်ဟု သိရပါသည် ။ လေးပွင့်ဆိုင်ဆွေးနွေးပွဲများ တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်များသည် လေးပွင့် ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များအတိုင်း ရပ်တည်မည်ဟု ယုံကြည်ပါသည်။ ပြည်သူ့လွှတ်တော် ကလည်း ကျောင်းသားနှင့် ပြည်သူလူထု၏ လိုလားချက်များအတိုင်း ဆောင်ရွက်မည်ဟု မျှော်လင့်ပါသည်။
ပညာရေးမူဝါဒဆိုင်ရာလုပ်ငန်းအဖွဲ့
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)
နေ့စွဲ။ ။ ၂၀၁၅ ဧပြီလ (၁) ရက်
National Network for Education Reform - NNER

No comments:
Post a Comment