ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ကျူးလွန်သူအား ဖမ်းဆီးဖော် ထုတ်နိုင်ခြင်း မရှိသေးသည့် အမှုကြီးဖြစ်စဉ် အများအပြား ကျန်ရှိနေကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ မတ် ၂၈ ရက်တွင် စုံစမ်းသိရှိ ရသည်။
ယင်းအမှုများစွာထဲမှ တစ်နှစ်နှင့် ငါးလနီးပါး ကြာမြင့်နေပြီဖြစ်သည့် မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်မှ သားအမိနှစ်ဦး လည်လှီးအသတ်ခံရ သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ညပိုင်းက မင်္ဂလာဒုံ ဘောဂရပ်ကွက်နေ မွန်လေး (ခ) လွင်မျိုးသူက အဆိုပရပ်ကွက်အတွင်း နေထိုင်သော သားအမိနှစ်ဦးဖြစ်သည့် အသက် ၃၆ နှစ်အရွယ် မိခင်နှင့် အသက်ကိုးနှစ်အရွယ် သမီးဖြစ်သူတို့အား လည်လှီးသတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်သည်။
၎င်းအမှုကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၇၂၄/၁၃ ပြစ်မှု ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ထို့အတူ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆရာဝန်တစ်ဦး အသတ်ခံရမှုနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အဘွားအိုတစ်ဦး အသတ်ခံခဲ့ရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူများကိုလည်း
နှစ်လကျော်ကြာမြင့်သည်အထိ ဖမ်းမမိသေးကြောင်း သိရသည်။
ဖြစ်စဉ်များမှာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ဝ နာရီခန့်တွင် သာကေတမြို့နယ် ၂/ မြောက် ရပ်ကွက်၊ ဇင်္ဂမလမ်းရှိနေအိမ်၌ ဆေးခန်း ဖွင့်ထားသည့် ဒေါက်တာ ဦး.....(၅၇)နှစ်၏ အိပ်ခန်းအတွင်း အပေါ်နှုတ်ခမ်း ဖူးရောင်၊ ဝဲမျက်လုံး အပေါ်အောက် ပေါက်ပြဲဒဏ်ရာများ၊ ညာပါးပေါက်ပြဲ ဒဏ်ရာ၊ နဖူး ဖူးရောင်ဒဏ်ရာ၊ ဝဲနားရွက်ပေါက်ပြဲ ဒဏ်ရာများနှင့်အတူ သေဆုံးနေကြောင်း၊ အလောင်း၏ အနီးတွင် လည်း သွေးစွန်းနေသည့် မီးပူတစ်လုံးနှင့် ပွင့်နေသည့် မီးခံသေတ္တာကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို သာကေတမြို့မရဲစခန်းက (ပ)၆၄ဝ/၂ဝ၁၄ ပြစ် မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန် သူအား ဖမ်းဆီးရမိရန် ခရိုင်၊ မြို့နယ်၊ CID မှ တာဝန်ရှိသူများ ပူးပေါင်းစုံစမ်း ရှာဖွေစစ်ဆေးလျက်ရှိပြီး ကျူးလွန်သွားသူမှာ ယနေ့အချိန်အထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်က မြောက်ဥက္ကလာပမြို့နယ်ရှိ “တိမ်တံခွန်” တည်းခိုခန်း၌ လာရောက် တည်းခိုစဉ် အသတ်ခံခဲ့ရသည့် အမျိုးသမီးအမှုမှ ကျူးလွန်သူကို ယခုအထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း မြောက်ဥက္ကလာပ မြို့နယ်ရဲစခန်းမှ သိရသည်။
သေဆုံးသူ အမျိုးသမီးမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် နေထိုင်သည့် ၂၃ နှစ်အရွယ်ရှိ မမိမိစံ ဆိုသူဖြစ် ပြီး နိုဝင်ဘာ ၁ ရက်က ၎င်းတည်းခိုသည့် အခန်းအတွင်းရှိ ခုတင်နံဘေးတွင် လည်ပင်းဝဲဘက် ထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ဝဲဘက်ပခုံး ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲမျက်ခုံးဖူးရောင် ဒဏ်ရာများဖြင့် သေဆုံး လျက် တွေ့ရှိခဲ့ကြောင်း ရဲမှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။
မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ အရာရှိတစ်ဦးက “ဒီလူသတ်မှုက ဘာမှမထူးခြားသေးပါဘူး။ ကျူးလွန်သူ ဘယ်သူလဲဆိုတာ စုံစမ်းစစ်ဆေးနေဆဲပါ” ဟု ဩဂုတ် ၂၃ ရက်က ဖြေကြားသည်။
အဆိုပါအမှုကို မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၈၈၉/ ၂ဝ၁၃၊ ပြစ်မှု ပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
ထို့ပြင် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက် ညနေပိုင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်၊ (၁၂၃)လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် တစ်ဦးတည်းနေထိုင်သည့် ဒေါ်...(၇ဝ)အရွယ် အဘွားအိုတစ်ဦး၏ လက်နှစ်ဖက်အား ကြိုးတုပ်၍ ပါးစပ်တွင် အဝတ်ဆို့လျက် ရိုက်သတ်ခံထားရပြီး သေဆုံးသူဝတ်ဆင် ထားသော ရွှေလက်ကောက်နှစ်ကွင်း၊ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေဆွဲပြားတစ်ခု၊ ရွှေလက်စွပ်တစ်ကွင်းတို့ ပျောက်
ဆုံးနေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ အမှုဖွင့်စစ်ဆေးနေပြီး တာဝန်ရှိ ရဲအရာရှိ တစ်ဦးက “ကျူးလွန်တဲ့သူကို ဖမ်းဆီးရမိဖို့က သက်သေအထောက်အထား အစုံအလင်ရှိမှ ဖမ်းလို့ရမှာပါ။ အခုလက်ရှိတော့ ကျူးလွန်သူကို ဖမ်းမိဖို့ စုံစမ်းနေဆဲပါပဲ” ဟု ပြောကြားသည်။
အဆိုပါ လူသတ်မှုများအပြင် လှိုင်မြို့နယ်၊ အင်လျားကန်ပေါင်အနီး ရပ်ထားသည့် လင်ခရူဆာယာဉ်ပေါ်ရှိ လူငယ်နှစ်ဦးအား အမျိုးသားငါးဦးက ခြိမ်းခြောက်ကာ လက်ဝတ်ရတနာများနှင့်ယာဉ်အား လုယူမောင်းနှင် သွားမှုဖြစ်စဉ်မှ ကျူးလွန်သူများနှင့်ယာဉ်ကို တစ်နှစ်နီးပါးကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို လှိုင်မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးဆဲ အဆင့်သာ ရှိနေသေးကြောင်း ရဲအရာရှိတစ်ဦးက မတ် ၂၆ ရက်တွင် ပြောကြားသည်။
အလားတူ တာမွေမြို့နယ်ရှိ နေအိမ်တစ်အိမ်အား အမျိုးသားသုံးဦးက မျက်နှာဖုံးစွပ်၍ အနုကြမ်းစီးကာ ရွှေ ထည်နှင့်ပိုက်ဆံများ ယူဆောင်သွားသည့်ဖြစ်စဉ်မှာ ငါးလကျော် ကြာမြင့်ပြီဖြစ်သော်လည်း ကျူးလွန်သူများ ကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၄ ရက် နံနက် ၇ နာ ရီခွဲခန့်တွင် တာမွေမြို့နယ် ဗျိုင်းရေအိုး စင်လမ်းရှိ အိမ်ရှင်များမရှိဘဲ အိမ်ဖော်နှစ်ဦးသာ ရှိနေစဉ် မျက်နှာဖုံးစွပ် အမျိုးသားသုံးဦး ရောက်ရှိလာပြီး အိမ်ဖော်နှစ်ဦးအား ကြိုးတုပ်ကာ အိမ်အတွင်းမှ စုစုပေါင်းငွေကျပ် ၈၉၃ဝဝဝ တန်ဖိုးရှိ ငွေစက္ကူများနှင့် ရွှေ ထည်ပစ္စည်းများ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်အား တာမွေမြို့မ ရဲစခန်းက(ပ) ၆ဝဝ/၁၄ ပြစ်မှု ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းနေသော် လည်း ကျူးလွန်သူအား ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း၊ ဖော်ထုတ်နိုင်ရန်လည်း အခက်အခဲများ ရှိနေကြောင်း တာမွေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဖြစ်စဉ်များအပြင် မတ် ၁၁ ရက် ညနေ ၆ နာရီခန့်တွင် အင်း စိန်မြို့နယ် ရွာမရပ်ကွက်ရှိ နေအိမ် တစ်အိမ်အား အမျိုးသားသုံးဦးက အနုကြမ်းစီးကာ ငွေကျပ် ၆ဝဝဝဝဝ၊ အမေရိကန်ဒေါ်လာ ၂ဝဝဝ နှင့် ဖုန်းကတ်နှစ်ကတ် ယူဆောင်သွားသည့်ဖြစ်စဉ်မှ ကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိပြီ ဖြစ်သော်လည်း အခြားနှစ်ဦးကို တစ်ပတ်ကျော်ကြာသည်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ မတ် ၂၈ ရက်တွင် စုံစမ်းသိရှိရသည်။
ထို့ပြင် ၂ဝ၁၄ ခုနှစ် ဇန်နဝါ ရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် မှော်ဘီမြို့နယ် အမှတ် (၅ဝ၁ဝ) တင့်ကားတပ် အတွင်းရှိ လက်နက်တိုက် ဖောက်ထွင်းခံရမှုဖြစ်စဉ်မှ ကျူးလွန်သူကိုလည်း ၁၄လကျော်ကြာသည်အထိ ဖော် ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယင်းလက်နက်တိုက် ဖောက်ထွင်းခံရမှုတွင် MA 1 အမျိုးအစား သေနတ်နှစ်လက်၊ ခဲယမ်းသေတ္တာ အတွင်းမှ ၉ မမ ယမ်းပြင်းကျည် စုစုပေါင်း ၅ဝဝ တောင့်၊ အမ်အေ- ၁၃ ကျည်ကတ်ငါးခု ပျောက်ဆုံးသွား ခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အမှုကြီး ၁ဝ မျိုး တွင် မုဒိမ်းမှုဖြစ်စဉ်များသာ လျော့ကျသွားခဲ့ပြီး အဓိကအမှုကြီး ဖြစ်စဉ်များဖြစ်သည့် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု ဖြစ်စဉ်များမှာ ၂ဝ၁၃ ခု နှစ်ကထက် ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမှုခင်းဖြစ်စဉ် အမှုကြီး ၁ဝ မျိုးထဲမှ အဓိကမှုခင်းဖြစ်စဉ်ကြီး လေးခုမှာ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ မုဒိမ်းမှုတို့ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် လူသတ်မှု ၁၃ဝ မှု၊ ဓားပြ မှုလေးမှု၊ လုယက်မှု ၃၃ မှု၊ ဖောက် ထွင်းမှု ၂၃ မှုနှင့် မုဒိမ်းမှု ၁၅၂ မှု တို့ ဖြစ်ပွားခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် ၂ဝ၁၃ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဖြစ် စဉ်ပမာဏ ထက် မုဒိမ်းမှုဖြစ်စဉ် ၂၂ မှုလျော့ကျကာ လူသတ်မှု ၅၆ မှု၊ ဓားပြမှု နှစ်မှုနှင့် လုယက်မှု ၁၅မှု၊ ဖောက်ထွင်း မှုနှစ်မှု ပိုမိုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ မှုခင်းဖြစ်စဉ်များမှ ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ဆန္ဒပြကျောင်းသားများအား အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခြင်းများ ပြုလုပ်နေ သည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ပြည်သူများက ဝေဖန် လျက်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment