Wednesday, April 01, 2015

မစုပုံချစ်နှင့် တွေ့ဆုံခြင်း


အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်ရာတွင် ပါဝင်ခဲ့သူ မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ရာ စာရင်းဝင် အင်ဂျင်နီယာ မဟာတန်းကျောင်းသူ မစုပုံချစ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနက ပေးအပ်ထားသော တိုက်ခန်း ပြန်လည်သိမ်းဆည်း လိုက်သည်။ 


ယင်းသို့ တိုက်ခန်း ပြန်သိမ်းလိုက်ခြင်းမှာ ကျောင်းသား သပိတ်တွင် ပါဝင်ခြင်းကြောင့်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် မည်သည့်အတွက်ကြောင့် အခန်းဖယ်ပေးရသည်ကို သိရှိနိုင်စေရန် The Voice က မစုပုံချစ်ကို ဆက်သွယ်မေးမြန်း ဖော်ပြအပ်ပါသည်။

Voice: ရွှေဂုံတိုင်မှာရှိတဲ့ အစ်မတိုက်ခန်းကနေ ဖယ်ပေးရတယ်လို့ ကြားပါတယ်။ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါဦး။

SPC: ၂၀၁၄ ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး တိုင်းဦးစီးမှူး ဦးတင့်ကျော်မိုး လက်မှတ်နဲ့ တိုက်ခန်းပြန်အပ်နှံဖို့ စာထွက်တယ်။ စာထဲက အကြောင်းအရာက ရန်ကုန် တိုင်းဒေသကြီး အတွင်းမှာ ဝန်ထမ်းတွေ တိုးချဲ့ဖို့ရှိတဲ့ အတွက်ကြောင့်မို့ ဝန်ထမ်းအိမ်ရာတွေ မလုံလောက် လို့ လက်ရှိနေထိုင်နေတဲ့ တိုက် (အေ)၊ အခန်း ၂၀၃၊ လူမှုဝန်ထမ်းဦးစီးဌာနအိမ်ရာ ရွှေဂုံတိုင်ကနေ ၃၁ ရက်၊ ၃ လ၊ ၂၀၁၅ နောက်ဆုံးထားပြီးတော့ ပြန်လည်အပ်နှံပေးပါဆိုပြီး အစ်မကို ပြောတယ်။

Voice: အဲဒီစာမထွက်ခင် အစ်မနဲ့ လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ဘယ်လို အပြန်အလှန် ဆက်ဆံမှုတွေ ရှိခဲ့လဲ။

SPC: အဲဒီစာထွက်တာက ဒီဇင်ဘာလ ၈ ရက်နေ့နော်။ အဲဒီ ဒီဇင်ဘာ ၈ ရက်နေ့ မတိုင်ခင်မှာ ဒီဇင်ဘာ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့။ အဲ့ဒီနေ့မှာ လူမှုဝန်ထမ်း ဦးစီးဌာနကပဲ ဦးဆောင် ပြီး နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ၂၀၁၄ ခုနှစ်အတွက် ဆိုပြီး ကျင်းပတယ်။ နို ဝင်ဘာလ မကုန်ခင်မှာ အစ်မကို ဖိတ်ထားပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ မသန်စွမ်းသူတွေ ကိုယ်စား အဲ့ဒီအခမ်းအနားမှာ ကျေးဇူးတင်စကား ပြောကြားပေးဖို့ ဖိတ်ခံရပါတယ်။ အဲဒီတော့ အစ်မက လာခဲ့ပေးမယ်။ အစ်မကို ရုံးစာပို့ပေးပါလို့ ပြောတယ်။ ဘာလို့လဲဆိုတော့ အစ်မရဲ့ ကျောင်းက ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြန်တက်ရတယ်။ သူတို့ရဲ့ပွဲက ၃ ရက်နေ့ဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီဇင်ဘာ ၂ ရက်နေ့ တည်းက သွားရမယ်။ အဲဒါကြောင့်မို့ အစ်မက ကျောင်းကိုတက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအပြင် နောက် ထပ်ပွဲက ဘာတစ်ခု ရှိသေးလဲ ဆိုတော့ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ၂၀၁၄ ခုနှစ် Global Women Forum က နေပြည်တော်မှာ တစ်ရက်၊ ရန်ကုန်မှာ တစ်ရက် ကျင်းပတယ်။ အဲဒီနေ့အတွက် အစ်မက တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတယ်။ ဘာလို့လဲဆိုတော့ အစ်မက မြန်မာနိုင်ငံရဲ့ ထင်ရှားကျော် ကြားတဲ့သူ တစ်ရာထဲမှာပါလို့ ဖိတ်ကြားခံရတယ်။ ဒီပွဲနှစ်ခု တိုက်နေလို့ အစ်မက ကျောင်းတက်လို့ မရဘူး။ ပွဲနှစ်ပွဲလုံးရဲ့ ဖိတ်စာကို စာပို့ပေးလို့ ပြောလိုက်တယ်။ အဲဒါယူပြီး အစ်မ ကျောင်းမှာ ဒီဇင်ဘာ ၁ ရက်နေ့ ကျောင်းစတက်တဲ့နေ့မှာ ကျောင်းတက်လည်း တက်တယ်။ နောက်နေ့အတွက်လည်း ခွင့်တစ်ခါ တည်း တိုင်ခဲ့ရတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာ လူမှုဝန်ထမ်းစီစဉ်ပေးတဲ့ ကားနဲ့ နေပြည်တော်သွားတယ်။ ပြီးတော့ Rehearsal လုပ်တယ်။ ၃ ရက်နေ့ အခမ်းအနားတက်တယ်။ ၄ ရက်နေ့ နားရတယ်။ ၅ ရက်နေ့မှာ MICC မှာ ကျင်းပတဲ့ Global Women Forum တက်တယ်။ ညနေ ၆ နာရီမှာ သူတို့စီစဉ်ပေးတဲ့ကားနဲ့ ရန်ကုန်ကို ပြန်ထွက်တယ်။ အဲ့ဒီ ၅ ရက်နေ့ ညမှာ ရွှေဂုံတိုင် တိုက်ခန်းမှာ အိပ်တယ်။ ပြီးတော့ ၆ ရက်နေ့ မှာ Chatrium မှာ နောက်တစ်နေ့ ပွဲတက်တယ်။ အဲ့ဒီ ၆ ရက်နေ့ ညပိုင်းမှာ အစ်မ ရွှေဂုံတိုင် တိုက်ခန်းမှာပဲ အိပ်တယ်။ ၈ ရက်နေ့မှာ အစ်မ လက်ရှိနေတဲ့ တိုက်ခန်းကို ပြန်လည်အပ်နှံပါဆိုပြီး စာထွက်တယ်။ အဲဒီ အတွက်ကြောင့်မို့ အစ်မ နားမလည်နိုင်ဘူး။ အစ်မကို သူတို့က စာရောက်တယ် စာရောက်တယ်ဆိုပြီး ပြော တာ။ အစ်မက ဘာစာမှန်း မသိဘူး။ သူတို့က စာရောက်တယ် လာယူပါဆိုတော့ အဖေ့ကို ယူခိုင်းတော့ အိမ်ခန်းပြန်လည်အပ်နှံပေးဖို့ ကိစ္စ ဖြစ်နေတယ်ပေါ့။

Voice: ဒီလိုအခန်းပြန်အပ်ဖို့ စာထွက်ပြီးတဲ့နောက် အစ်မအနေနဲ့ တာဝန်ရှိတဲ့သူတွေကို စာတင်ခဲ့တာမျိုးရော ရှိလား။

SPC: ဒီဇင်ဘာ ၁၅ မှာ ညွှန်/ချုပ်ဆီ ဖုန်းဆက်တယ်။ ညွှန်ချုပ်နဲ့ မတွေ့ဘူး။ ညွှန်/ချုပ် ပီအေ (အတွင်းရေးမှူး) နဲ့ တွေ့တယ်။ ဘာလုပ်ရမလဲဆိုတော့ အစ်မ စာတင်လိုက်ပါဆိုပြီး ညွှန်/ချုပ် ပီအေက ပြောတယ်။ အဲဒါနဲ့ ဒီဇင်ဘာ ၁၇၊ ၁၈ လောက်မှာ ညွှန်ကြားရေးမှူးချုပ်ဆီ စာတင်တယ်။ ဇန်နဝါရီ ပထမပတ်နဲ့ ဒုတိယ ပတ်လောက်မှာ အစ်မက လှမ်းမေးတယ်။ ညွှန်/ချုပ် ပီအေက ညွှန်ကြားရေးမှူးက စီမံဘဏ္ဍာကို လွှဲထား ပါတယ်လို့ ပြောတယ်။ အဲ့ဒီတော့ ညွှန်ကြားရေးမှူး ဘဏ္ဍာကို ဖုန်းဆက်တယ်။ သူက ဘာပြောလဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရဲ့ တိုင်းဦးစီးမှူးလက်မှတ်နဲ့ ထုတ်ထားတဲ့ အမိန့်တစ်စုံ တစ်ရာကို နေပြည်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း မလုပ်ရပါဘူးတဲ့။ ဒီဟာသာ အတည်ဖြစ်ပါတယ် ဆိုပြီးတော့ ပြောပါတယ်။ အဲဒါကြောင့် အစ်မက ဆက်လုပ်လို့ မရလို့ ဇန်နဝါရီလ ၂၀ ဝန်းကျင် အခု လွှတ်တော်အစည်းအဝေး စချိန်မှာ လွှတ်တော်နာယက သူရဦးရွှေမန်းဆီ စာတင်လိုက်ပါတယ်။ စာတင် လိုက်ပြီး ဒီအတိုင်းပဲ ဆက်နေလိုက်ပါတယ်။ ပြီးတော့ ထူးခြားတာက ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ သပိတ် စစ်ကြောင်းနဲ့ လိုက်တယ်။ လိုက်ပြီးတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့ သတင်းစာတွေထဲမှာ အစ်မရဲ့ ဓာတ်ပုံနဲ့ အစ်မရဲ့ သတင်းတွေ ဖော်ပြခြင်းခံရတယ်။ ဖေဖော်ဝါရီ ၁၀ မှာ လူမှုဝန်ထမ်းဦးစီးဌာနက ဒုတိယအကြိမ် စာထပ်ထုတ်ပါတယ်။ အခုထိ ပြည်ထောင်စုလွှတ်တော် နာယကကြီးက အကြောင်းပြန် ကြားခြင်း မရှိတဲ့ အတွက်ကြောင့်မို့ အခုရက်ပိုင်းက စာမေးပွဲရက် ဖြစ်နေတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က စပြီး ဖြေနေရတဲ့ စာမေးပွဲက အခုထိ မပြီးသေးဘူး။ သူတို့ပြောထားတဲ့ ၃၁ ရက်က အစ်မ စာမေးပွဲရက် အတွင်းမှာ ရောက်နေတဲ့အတွက်ကြောင့်မို့ ကျောင်းပိတ်ရက်ဖြစ်တဲ့ တပ်မတော်နေ့ (၂၇ ရက်) နေ့မှာ အပြီးရွှေ့ပြီး အခန်းပြန်အပ်လိုက်ပါပြီ။

Voice: ကျောင်းသားသပိတ်ကြောင့် အခန်းပြန်အပ်ရတယ် ဆိုပြီး သတင်းထွက်နေတဲ့ အပေါ်မှာရော ရှင်းပြပေးပါဦးရှင့်။

SPC: အခု တိုက်ခန်းပြန်အပ်ရတာက သပိတ်စစ်ကြောင်းနဲ့ လိုက်လို့ဆိုပြီး ပြောနေကြတယ်။ တကယ် ဆိုရင် ကျောင်းသားသပိတ်တွေ မစခင်တည်းက အမျိုးသားပညာရေး ဥပဒေကို သဘောမကျခဲ့တာ။ ဘယ်မှာသိသာလဲ ဆိုရင် ဘီဘီစီနဲ့ အမေးအဖြေ အစီအစဉ်မှာ လွှတ်တော်အမတ် တစ်ယောက်ကို မေး ခဲ့တယ်။ အမျိုးသားပညာရေး ဥပဒေမှာ မသန်စွမ်းသူများနဲ့ ပတ်သက်ပြီး ဘာကြောင့် ပြည့်ပြည့်စုံစုံ ထည့်သွင်းထားခြင်း မရှိတာလဲဆိုပြီး မေးခဲ့ပါတယ်။ ဒါက သပိတ်တွေ မစခင်တည်းက အောက်တိုဘာ၊ စက်တင်ဘာ အဲဒီလလောက်တည်းက မေးခဲ့တာပါ။ ကျောင်းသားတွေ မြို့ကို ရောက်လာတဲ့ အချိန်မှာ လည်း အစ်မက အိမ်ရှင်ဝတ္တရားအရ လိုက်လုပ်ပေးခဲ့တယ်။ ပြီးတော့ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက်တွေကလည်း အစ်မတို့အတွက် လိုအပ်တဲ့ လူတိုင်းအကျုံးဝင် ပညာရေးကို ထည့်ပြီး တောင်းထား တဲ့အတွက် သဘောတူတဲ့ အတွက်ကြောင့်မို့ ကျောင်းသားသပိတ်မှာ ပူးပေါင်းပါဝင်ခြင်း ဖြစ်ပါတယ်။ ဒီကိစ္စ (အိမ်ခန်း) နဲ့ ဘာမှမဆိုင်ပါဘူး။ ဒီကိစ္စက အစ်မပြောချင်ရင် အစောကြီးတည်းက မီဒီယာကို ထုတ်ပြော မှာပေါ့။ အခုမီဒီယာတွေ သိသွားတာက အစ်မ ပြောလို့မဟုတ်ဘူး။ အစ်မနဲ့တူတူနေတဲ့ ရွှေဂုံတိုင်တိုက်ခန်း က အိမ်ခန်း ပြန်အပ်လိုက်ရတဲ့သူတွေထဲက အစ်မဘက်က မကျေနပ်နိုင်တဲ့သူတွေက ဘယ်သူမှန်း မသိဘူး။ သူတို့က သတင်းထောက် တစ်ယောက်ကို ပြောတယ်။ အဲ့ဒီသတင်းထောက်က Facebook မှာ တင်ထားတဲ့စာကို Messenger က သတင်းထောက်က တွေ့ပြီး လှမ်းဖုန်းဆက်ပြီး အတည်ပြုတာ။ အစ်မ ကလည်း ဟုတ်ပါတယ်လို့ အခုမှ ဖွင့်ပြောတာ။ အစ်မက ပြောချင်စိတ်ကို မရှိလို့ မပြောတာ။ ကျောင်းသား သပိတ်နဲ့လည်း မဆိုင်ပါဘူး။ အဲဒီအချိန်မှာ ပြည်ထောင်စုလွှတ်တော် နာယကဆီကိုလည်း တင်ပြထားပြီး ဒီအိမ်ခန်းကို အစ်မက မက်မောနေစရာ မရှိဘူး။ ကျောင်းသားသပိတ်ကို ပါလိုက်ရင် ဖယ်ရမယ်ဆိုတာ ကျိန်းသေနေပြီ။ အစ်မလုပ်ချင်လို့ လုပ်လိုက်တာ။

Voice: ဒီတိုက်ခန်းမှာ အစ်မ ဘယ်အချိန်ကစပြီး နေထိုင်ခွင့်ရခဲ့တာလဲ အစ်မ။

SPC: ၂၀၀၅ ခုနှစ် ဒီဇင်ဘာမှာ ကျောင်းတက်ဖို့ရှိလို့ ရခဲ့တယ်။ အဲဒီတုန်းက လူကြီးဖြစ်တဲ့ အဘ ဦးစိန်ထွား (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဟောင်း) က သမီး တစ်သက်တာ ဒီမှာလာနေဖို့ဆိုပြီး ပေးတာ။ အစ်မက တစ်သက်လုံး မနေရဘူး ဆိုရင်တောင် ကျောင်းတက်တဲ့ တစ်လျှောက် နေရမယ် ထင်တာ။ အခုက စာမေးပွဲလည်း မပြီးသေးဘူး။ စာမေးပွဲနဲ့ဆိုတော့ ပိုစိတ်ညစ်ရတာပေါ့။ အစ်မက ဒီဇင်ဘာ ၈ ရက်ကတည်းက စာကြောင့် ပြန်အပ်ခိုင်းတဲ့ အိမ်မှာတောင် သွားမနေတော့ဘူး။ အဲဒီတည်းကစပြီး ညောင်တုန်းကနေ ရန်ကုန်ကို နေ့ချင်းပြန် ကျောင်းတက်နေတယ်။ စာမေးပွဲ ဖြေတဲ့ရက်တွေဆိုလည်း ညောင်တုန်းကနေ စာမေးပွဲ သွားဖြေနေတယ်။

Voice: ဒါဆို ဒီအိမ်ခန်း ပေးတုန်းက စာချုပ်နဲ့ ပေးတာလား။ နှုတ်ကတိနဲ့ ပေးတာလား။

SPC: မဟုတ်ပါဘူး။ အဲဒီလို လုပ်ရမယ်မှန်းလည်း မသိပါဘူး။ နှုတ်မိန့်နဲ့ပဲ အဘက ပြောခဲ့တာပါ။ အခန်းရွှေ့ခိုင်းတဲ့ အတွက်ကြောင့် ကျောင်းတက်ရတာတို့၊ စာမေးပွဲဖြေရတာတို့ ပိုပင်ပန်းသွားတာပေါ့။ ဒါပေမဲ့ အခက်အခဲဆိုတာ ရှိလာရင် ကြိုးစားချင်စိတ် ပေါက်အောင် လုပ်နေတယ်လို့ မြင်တယ်။ အခုလိုမျိုး ခံစားရတာတွေက ကျောင်းသားသပိတ်နဲ့ ပတ်သက်နေတဲ့သူတွေ ခံစားနေရတာတွေရဲ့ ဆယ်ပုံတစ်ပုံ၊ တစ်ရာပုံတစ်ပုံတောင် မမီသေးပါဘူး။ သက်သာတယ်လို့တောင် ပြောလို့ရသေးတယ်။

Voice: ပညာသင်နေဆဲ မသန်စွမ်းတစ်ဦးကို ဒီလိုဖယ်ခိုင်းတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

SPC: အခုအချိန်ထိ ဒီဇင်ဘာ ၈ ရက်နေ့ ရက်စွဲနဲ့ ထွက်တဲ့စာကို နားမလည်တာ။ ဘာဖြစ်လို့သူတို့ ဝန်ထမ်းလိုအပ်ချက် ရှိတာနဲ့ ကျောင်းတက်နေတဲ့ မသန်စွမ်းတစ်ယောက်ရဲ့ အခန်းက ဖယ်ပေးဖို့ လိုလာတယ်ဆိုတာ အခုအချိန်ထိ နားမလည်ဘူး။ အဲဒါကို ညွှန်/ချုပ်ဆီ တင်ပြတယ်၊ ဘာမှမလုပ်ပေးနိုင် ဘူး။ အခု လွှတ်တော်နာယကကို တင်ပြတာလည်း ဘာမှအကြောင်းထူးခြင်း မရှိဘူး။ အခုအချိန်ထိ ဘယ်နယ်ပယ်က ကိုင်ပြီး ဒီအိမ်ခန်းကို ပြန်အပ်နှံခိုင်းတယ် ဆိုတာ နားမလည်သေးဘူး။

The Voice Weekly

No comments:

Post a Comment

My Blog List