Tuesday, March 31, 2015

ကိုနန္ဒာစစ်အောင်ကို အမှုပေါင်း ၃၈ မှုဖြင့် အမှုဖွင့်၍ လက်ပံတန်းသို့ လွှဲပြောင်း


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူ ဗကသများအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် နန္ဒာစစ်အောင်ကို အမှုပေါင်း ၃၈ မှုဖြင့် အမှုဖွင့်၍ မတ်လ ၃၀ ရက်တွင် လက်ပံတန်း တရားရုံးသို့ လွှဲပြောင်းရုံးထုတ်ခဲ့ကြောင်း ၎င်း၏ဖခင်ဖြစ်သူ ဦးဌေးက The Voice သို့ ပြောကြားသည်။
မတ်လ ၂၉ ရက် ညအထိ လမ်းမတော် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ကမာရွတ်တရားရုံးတွင် ရုံးထုတ်မည် ဆိုသောကြောင့် ယင်းတရားရုံးတွင် သွားရောက်စောင့်ဆိုင်းခဲ့သော်လည်း မရောက်ရှိ လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဥပဒေအရ ဖမ်းဆီးတာကို လက်ခံတယ်။ ဖမ်းဆီးထားပြီးရင်လည်း အုပ်ထိန်းသူဖြစ်တဲ့ ကျွန်တော်တို့ကို ဘယ်မှာရုံးထုတ်မယ်။ ဘယ်တော့ လာတွေ့ပါဆိုတာမျိုး ပြောသင့်တာပေါ့” ဟု ဦးဌေးက ပြောကြားသည်။
လက်ပံတန်းရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာခံထားရသူ ကိုနန္ဒာစစ်အောင်ကို မတ်လ ၃၀ ရက်တွင် ရမန်ယူခဲ့ပြီး ဧပြီလ ၇ ရက်တွင် သာယာဝတီထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားနှင့် အရပ်သား ၆၉ ဦးနှင့်အတူ တစ်ပါတည်း ရုံးထုတ်မည်ဖြစ်ကြောင်း ကိုနန္ဒာစစ်အောင်၏ မိသားစု အသိုင်းအ ဝိုင်းထံမှ စုံစမ်းသိရှိရသည်။

လက်ပံတန်းတရားရုံးသို့ ရုံးထုတ်စစ်ဆေးမှုနှင့်ပတ်သက်၍ လက်ပံတန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်း ရာ တာဝန်ရှိ ရဲအုပ်တစ်ဦးက “ထုတ်တာတော့ သိတယ်။ ရုံးထုတ်ရုံ သက်သက်ပါပဲ” ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ကိုနန္ဒာစစ်အောင် လိုက်ပါခဲ့သော ပင်မသပိတ်စစ်ကြောင်း ဖြတ်သန်းရာ မြို့နယ်များနှင့် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်စဉ် ဖြတ်သန်းခဲ့သော မြို့နယ်များမှ ရဲစခန်းများကလည်း လူစုလူဝေးဆိုင်ရာ ပုဒ်မများ အပါအဝင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များ ၏ ပြောပြချက်အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဗကသခေါင်းဆောင် ကိုနန္ဒာစစ်အောင် အပါအဝင် ဗကသခေါင်းဆောင် အချို့ ကို ကမာရွတ်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် လမ်းမတော် မြို့နယ် ရဲစခန်းများကလည်း အမှုဖွင့်ထားသည်။

မတ်လ ၂၇ ရက်က ရန်ကုန်မြို့ သိမ်ကြီးဈေးအနီးတွင် ဒီမိုကရေစီပညာရေး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ ပြီးနောက် ဗကသကျောင်းသား၊ ကျောင်းသူများကို ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး ခဲ့ရာမှ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူမှတ်တိုင်အနီးတွင် ကိုနန္ဒာစစ်အောင်နှင့် ကျောင်းသားနှစ်ဦး
ကို ဖမ်းဆီးမိခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List