Tuesday, March 31, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် သဘောတူပြီ


အပစ်အ ခတ်ရပ်စဲရေးစာချုပ် (NCA) ကို မတ်လ ၃၀ ရက် အစည်းအဝေးတွင် သဘောတူညီမှု ရရှိ ခဲ့ ကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကြေ ညာသည်။ မတ်လ ၃၁ ရက် တွင် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး လုပ်ငန်းဗဟိုဌာန၌ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်း ဆောင်များက (၇) ကြိမ်မြောက် ဆွေးနွေးပွဲ ခုနစ်ရက်မြောက် နေ့တွင် စာချုပ်အချောသပ်ကို သဘောတူညီပြီး ပဏာမအဆင့်လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။
‘‘ခုနစ်ကြိမ်မြောက် ဆွေးနွေး ပွဲရဲ့ ခုနစ်ရက်မြောက်နေ့မှာ NCA စာချုပ်ကြီးကို သဘောတူနိုင်ခဲ့ပြီ ဖြစ် ပါတယ်’’ဟု MPC အကြီး တန်းအကြံပေး ဦးလှမောင်ရွှေက မတ်လ ၃၀ ရက် ဆွေးနွေးပွဲအပြီး သတင်း စာရှင်းလင်းပွဲတွင် ပြော သည်။

‘‘နှစ်ဖက်စလုံးက တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ် အမြန်ဆုံး လက် မှတ်ရေးထိုးဖို့ လိုအပ်ပြီ။ တစ် နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး စာချုပ် သဘောတူနိုင်မှပဲ နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲ စတင် ကျင်းပနိုင်မှာဖြစ်တယ်။ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ် ချုပ်ဆိုခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဖို့အတွက်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ရည်ရွယ်ချက်ကို ရောက်နိုင်ဖို့အတွက် ဒီအဆင့်ကိုတော့ ကျော်သင့်ပြီ ဆိုပြီးတော့ နှစ်ဖက်စလုံးက ကြိုးစား ပမ်းစားနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြော သည်။

အခန်း (၇) တွင် ပါရှိသည့် NCA မူကြမ်း၌ နှစ်ဖက်အခက်အ ခဲဖြစ်နေသည့် အချက်အချို့ကို နောင်တွင်ပြု လုပ်မည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများတွင်မှ ဆွေးနွေးသွားရန် ချန်ထားလိုက်ပြီး လတ်တလောတွင် အပစ်ရပ်စာချုပ် မူကြမ်းကို သဘောတူ အချောသပ်လိုက်ကြမည်ဆိုသော အနေအထားဖြင့် သဘောတူ လိုက်ကြခြင်းဖြစ်ကြောင်း နှစ်ဖက်စလုံးက ၀န်ခံ ပြောကြားသည်။

‘‘ဒီမှာ ကျွန်တော်တို့အနေနဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့ အတွက် ကျွန်တော်တို့ အသုံးပြု တဲ့ နည်းလမ်း တစ်ခုက ဘာလဲဆို တော့ ဒီမှာ ကျွန်တော်တို့ ဆွေး နွေးပြီးတော့မှ အဖြေရှာလို့ မရ တော့ဘူးဆိုတဲ့ဟာမျိုး (သို့မ ဟုတ်) ဆွေးနွေးဖို့ အရမ်းခက်ခဲ တဲ့ဟာမျိုး ရှေ့တိုးလို့မရတော့ မယ့် အနေအထားမျိုးရှိတဲ့ဟာကို ကျွန်တော်တို့အနေနဲ့ အစည်းအ ဝေး ဆုံးဖြတ်ချက်အနေနဲ့ ထား ပါတယ်’’ ဟု ဒေါက်တာ လျန်မှုန်း က ပြော သည်။

အစည်းအဝေးဆုံးဖြတ်ချက် အနေဖြင့် ထားသည့်အချက်များ ကို NCA စာချုပ်ပါ အခန်း (၇) အထွေထွေဆို သည့် အခန်းတွင် အပိုဒ်တစ်ခုအနေဖြင့် ထည့်သွင်း သဘောတူခဲ့ကြသည်။ ထိုအချက်များကို NCA စာချုပ် မှာပါသည့် အချက်အပိုဒ်ကဲ့သို့ ရှေ့ဆက် အကောင်အထည်ဖော်သည့်နေရာတွင် အကျုံးဝင်စေရမည်၊ ကိုးကားရမည်ဟု ရေးသားသဘောတူညီမှု ယူလိုက်ကြခြင်းဖြစ်သည်။

လူသစ်စုဆောင်းခြင်းဆိုင် ရာကိစ္စနှင့်ပတ်သက်၍ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း တိုးတက်မှု အခြေအနေ၊ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် တစ်ခုလုံး အကောင်အထည်ဖော်မှု အခြေအနေ တို့ဖြင့် အကဲဖြတ် လုပ်ဆောင်ကြမည်ဟု ဆိုသည်။

တပ်ပိုင်းဆိုင်ရာ အချက်အချို့ကို NCA စာချုပ်တွင် ဖော်ပြပြီး ကျန် သည့် အချို့တစ်ဝက်ကို ဆုံးဖြတ်ချက် အနေဖြင့် ထားလိုက်ကြောင်း သိရသည်။

(၇)ကြိမ်မြောက် ဆွေးနွေးပွဲ ပထမပိုင်းတွင် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၊ စစ်သည်တော်များ ကျင့်သုံးလိုက်နာရမည့် စည်းမျဉ်းစည်းကမ်း (military CoC)၊ တပ်ပိုင်းဆိုင်ရာ ဆက်စပ်နေသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ အရေးကြီးသည့် မူပိုင်းဆိုင်ရာ ကိစ္စရပ်အားလုံးကို NCA ထဲတွင် ထည့်သွား မည်ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာ၊ လက်တွေ့လုပ်ဆောင်ရမည့် ကိစ္စရပ်များကိုမူ NCA ထဲတွင် အသေးစိတ်မညှိဘဲ NCA လက် မှတ်ထိုးပြီး တစ်လအတွင်း အပြီး သတ်ရေးဆွဲရန်သာ ညှိနှိုင်းခဲ့ကြ သည်။

UPWC ဘက်က တင်သွင်းသော လက်နက်ဖြုတ်သိမ်းမှု၊ တပ်ဖျက်သိမ်းခြင်း၊ စစ်မှုထမ်းအဖြစ်မှ နုတ် ထွက်ပြီး အရပ်သားအဖြစ် ပြန်လည်ပေါင်းစည်းခြင်းနှင့် ပြန်လည်နေရာချ ထားခြင်း (DDR) ဆိုသည့်မူနှင့် NCCT ဘက်ကတင်သွင်းသော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကဏ္ဍ ကို ပြုပြင်ပြောင်းလဲရန် (သို့မ ဟုတ်) ပြန် လည်တည်ဆောက်ရန် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် စစ် တပ်ပြုပြင်ပြောင်းလဲရေး SSR မူ တို့နှင့် ပတ်သက် ၍လည်း စာချုပ် တွင် DDR ၊ SSR ဟု ထည့်သွင်း ရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ ပြု လုပ်သည့်အခါတွင် SSR ကိုရော DDR ကိုပါ လိုအပ်သလို ထည့် သွင်းဆွေးနွေးသွားရန်ဟုသာ ညှိ နှိုင်းလိုက်ကြသည်။

UPWC နှင့် NCCT အနေ ဖြင့် နှစ်ဖက်အဖွဲ့အစည်း အသီး သီး၏ ဌာနချုပ်ရှိ ခေါင်းဆောင် များနှင့် ပြန် လည်ဆွေးနွေးညှိနှိုင်း ပြီးမှသာ NCA ရေးထိုးပွဲကို နေ ပြည်တော်တွင် ပြုလုပ်ကြမည်ဖြစ် သည်။ NCCT က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကျင်းပ၍ ဆွေးနွေးမှုများ ပြု လုပ်မည်ဖြစ်သည်။ ယင်းနောက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ထပ်မံတွေ့ဆုံပြီးမှ NCA ကို  လက်မှတ်ရေးထိုးမည်ဟု ဆိုသည်။ ယင်းလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်မည့် အချိန်ကာလ သတ်မှတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်းမရှိသေးကြောင်း နှစ်ဖက်စလုံးက ပြောကြားသည် ။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးပွဲ မည်သည့်အချိန်တွင် ပြုလုပ်နိုင်မည်လဲ ဆိုသည်မှာ မသိရသေးပေ။ ထို့အပြင် NCA တွင် မည်သူတို့ ပါဝင်လက်မှတ် ရေးထိုးကြမည်လဲဆိုသည်နှင့် ပတ်သက်၍လည်း မဆုံးဖြတ်ကြရသေးပေ။

သို့သော် NCA စာချုပ် လက် မှတ်ရေးထိုးရာတွင် နိုင်ငံတကာ အသိ သက်သေများအဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့ သမ္မ တနိုင်ငံနှင့် အာဆီယံတို့မှ ကိုယ် စားလှယ်များ ပါရှိမည်ဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲတွင် ပြော ကြားသည်။

NCCT နှင့် UPWC တို့အ ကြား ပထမဆုံးအကြိမ် အပစ်ရပ် စာချုပ်မူကြမ်းဆွေးနွေးပွဲကို ၂၀၁၃ နိုဝင်ဘာ ၄၊ ၅ ရက်က က ချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြု လုပ်ခဲ့သည်။ ယင်းနောက် ၂၀၁၄ နှစ်ကုန်သည်အထိ တစ်နှစ်ကျော်အတွင်း တရားဝင်အစည်းအဝေး ပွဲကြီး (၆)ကြိမ် ပြုလုပ်ခဲ့သည်။ နှစ်ဖက်ကြား (၇) ကြိမ်မြောက်ဆွေးနွေးပွဲကို ၂၀၁၅ မတ်လ ၁၇ ရက်မှစ၍ ပြုလုပ်ခဲ့ပြီး ခြောက်ရက်ကြာပြီးနောက်တွင် အစည်းအဝေးကို ဆိုင်းငံ့လိုက်ကာ မတ်လ ၃၀ ရက်တွင် ပြန်လည်ကျင်းပခဲ့ပြီး သဘောတူညီမှုရခြင်း ဖြစ် သည်။

(၇) ကြိမ်မြောက် ဆွေးနွေး ပွဲတွင် အဆင့် ခုနစ်ဆင့်ပါသည့် လမ်းပြမြေပုံ တစ်ရပ်ကို နှစ်ဖက် သဘောတူ သတ်မှတ်လိုက်ကြ သည်။ ယင်းမှာ NCA ရေး ထိုး ချုပ်ဆိုခြင်း၊ မူဘောင်ဆွဲခြင်း၊ အ မျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်း၊ စာချုပ်များကို လွှတ်တော် တွင် အတည်ပြုခြင်း၊ အကောင်အ ထည်ဖော်ခြင်းတို့ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List