Monday, March 30, 2015

ကွယ်လွန်သွားသော ကြက်ခြေနီတပ်ဖွဲ့ဝင်ကို ဟင်နရီဒူးနန့်ဆုပေးရန် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်ထံ အဆိုပြု


ကိုးကန့်ဒေသတွင် စစ် ဘေးဒုက္ခသည်များကို ကယ်ဆယ်ရင်း သေနတ် ပစ်ခတ်ခံရကာ ဆေးကုသခံ ယူပြီးနောက် သေဆုံးသွားခဲ့သည့် ကြက်ခြေနီ တပ်ဖွဲ့ ၀င် ဒုအရာခံဗိုလ်ဦးမိုးကျော်သန်း အား ဟင်နရီဒူးနန့် ဆုပေးအပ်နိုင်ရန်အတွက် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ချုပ်ထံ အဆိုပြုထားကြောင်း သတင်းရ ရှိသည်။
ဦးမိုးကျော်သန်းမှာ လောက်ကိုင်ရှိ စစ်ဘေးဒုက္ခသည်များ အား ကြက်ခြေနီ ကားဖြင့် တင် ဆောင်လာစဉ် ချင်းရွှေဟော်မြို့အနီး လုံထန်ရွာ၌ ဖေဖော်ဝါရီ ၁၇ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ကွမ်းလုံဆေးရုံ၊ လားရှိုးဆေးရုံနှင့် မန္တလေးဆေးရုံတို့တွင် ရက်၄၀ကြာ ကုသခဲ့ရပြီး မတ်လ ၂၇ရက်က သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း ကွမ်းလုံဆေး ရုံအုပ်ကြီး ဒေါက်တာ သိမ်းမြို့က ပြောသည်။

‘‘သေနတ်ဒဏ်ရာက ဗိုက် ကနေ ဖောက်ဝင်သွားလို့ အူတွေ ထိတယ်။ အနာရှိန်နဲ့ အစာမစား နိုင်တော့ အစာအိမ်တွေ၊ အသည်းတွေ၊ ကျောက် ကပ်တွေ အကုန် ပျက်စီးသွားတာ။ သွေးဆိပ် တက်ပြီး နောက်ဆုံး ကွယ်လွန်သွားတာပါ’’ဟု ဒေါက်တာသိမ်း မြို့က ပြောသည်။

ဦးမိုးကျော်သန်းမှာ တိုက်ပွဲ အတွင်း စစ်ဘေးဒုက္ခသည်များ ကို ကယ်ဆယ်ရင်း ပစ်ခတ်ခံ ရကာ သေဆုံး ခဲ့ခြင်းဖြစ်သော ကြောင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်မှ ဟင်နရီဒူးနန့် ဆုချီးမြှင့်ပေး ရန် မြန်မာနိုင်ငံကြက်ခြေနီ အဖွဲ့ ချုပ်က ဦးဆောင်၍ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကြက်ခြေ နီ အဖွဲ့ချုပ်ထံ အဆိုပြုလွှာတင် ထားကြောင်း ကွမ်းလုံကြက်ခြေနီ အဖွဲ့မှ မချစ်မီးက ပြောသည်။

‘‘သေနတ်အပစ်ခံရပြီး ဆေး ကုနေတုန်းမှာပဲ ဟင်နရီဒူးနန့်ဆု အတွက် ဂျီနီဗာကို အဆိုပြုထား တာပါ။ အခုဒီဒဏ်ရာနဲ့ပဲ သေ ဆုံးတာဆိုတော့ အကြောင်းအရာ ပြည့်ပြည့်စုံစုံနဲ့ အဆိုပြုလွှာ ထပ် တင်ပါတယ်။ ရခဲ့ရင်တော့ ကျွန်တော်တို့နိုင်ငံအတွက် အမြင့် ဆုံးဂုဏ်ပြုခံရတာမျိုး ဖြစ်မှာပါ’’ ဟု ဒေါက်တာသိမ်းမြို့ က ပြောသည်။

ဦးမိုးကျော်သန်း၏ ရုပ်အ လောင်းကို မန္တလေးဆေးရုံမှ ကွမ်းလုံမြို့သို့ မတ်လ ၂၈ ရက်တွင် ပြန်လည် ယူဆောင်ခဲ့ပြီး လမ်း တစ်လျှောက်ရှိ မြို့များမှ ကြက် ခြေနီတပ်ဖွဲ့ဝင်နှင့် ဒေသခံများက ကြိုဆိုဂုဏ်ပြုခဲ့ ကြကြောင်း သတင်းရရှိသည်။

‘‘မြို့ရဲ့ စံပြတစ်ယောက် အနေနဲ့၊ ဂုဏ်ဆောင်တစ်ယောက် အနေနဲ့ ဂုဏ်ယူပြီး မြို့နေလူထု က နာရေးကို တက်တက်ကြွကြွ လုပ်ပေးနေကြတယ်။ ဂူသွင်း သင်္ဂြိုဟ်သွားမှာပါ’’ဟု ဒေါက်တာ သိမ်းမြို့က ပြောသည်။

ဦးမိုးကျော်သန်း၏ မိသားစု တွင် အသက်(၇၀)နှစ်ကျော် မိခင် နှင့် မှီခိုနေသူ အမျိုးသမီးအပြင် သားသမီး ငါးဦးကျန်ရစ်ခဲ့သည်။ အကြီးဆုံးသားမှာ န၀မတန်း ကျောင်းသားဖြစ်ပြီး အငယ်ဆုံး မှာ (၅)နှစ်အရွယ်သာ ရှိသေးသောကြောင့် ၎င်းတို့၏ စားဝတ်နေရေး အတွက် ရေရှည်တွင် လိုအပ်ချက် များစွာ ရှိနေကြောင်း ကွမ်းလုံမြို့ မိမြို့ဖ ဦးတာက ပြောသည်။

၎င်းမသေဆုံးမီ လားရှိုး ဆေးရုံတွင် ဆေးကုနေစဉ် နိုင်ငံ တော်သမ္မတ ကိုယ်တိုင် လာ ရောက်တွေ့ဆုံခဲ့ပြီး လူမှုထူးချွန် ပထမအဆင့်ပေးရန် စိစစ်နေ ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာန ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောသည်။

ဦးမိုးကျော်သန်းနှင့်အတူ ကယ်ဆယ်ရေး လုပ်ရင်း သေနတ် ဒဏ်ရာရခဲ့သူ ကိုမျိုးမှာ ဒဏ်ရာ ပျောက်ကင်း သွားပြီဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက် လက်လုပ်ကိုင်နေကြောင်း ဒေါက် တာသိမ်းမြို့က ပြော သည်။

သေနတ်ဖြင့် ပစ်ခတ်သည့် အဖွဲ့မှာ ကိုးကန့်တပ်ဖွဲ့ဖြစ် ကြောင်း မျက်မြင်တွေ့သူများနှင့် အစိုးရကပြော ကြားပြီး ကိုးကန့်တပ်ဖွဲ့ကမူ မဟုတ်မှန်းကြောင်း ငြင်းဆိုထားသည်။ ပစ်ခတ်ခံရသည့်နေရာမှာမူ ကိုးကန့် တပ်ဖွဲ့ များ အဓိကခြေကုပ်ယူထားသည့် ချင်းရွှေဟော်နှင့် လောက်ကိုင်အကြား တောင်တန်းနေရာများ တွင် ဖြစ်သည်။ တပ်မတော်က ယင်း နေရာများကို ယနေ့အချိန်အထိ အပြီးသတ်ရှင်းလင်းနိုင်ခြင်း မရှိ သေးကြောင်း ချင်းရွှေဟော်နှင့် ကွမ်လုံဒေသခံများထံမှ သတင်း ရရှိသည်။

၁၉၇၇ ခုနှစ် ရူမေးနီးယား နိုင်ငံ ဘူခါရက်မြို့တွင် ကျင်းပ သော ၂၃ ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီညီလာခံတွင် မြန်မာနိုင်ငံမှ ကြက်ခြေနီ တပ်ဖွဲ့ဝင် အသက်(၂၁)နှစ်သာ ရှိ သေးသည့် စိုင်းအောင်လှိုင်မြင့် မှာ ဟင်နရီဒူးနန့်ဆုချီးမြှင့်ခံခဲ့ရ ပြီး ထိုဆုရသူများထဲတွင် အသက် အငယ်ဆုံး
 ဖြစ်သည်။

ဒဏ်ရာအပြင်းအထန်ရရှိထားသော ကိုမိုးကျော်သန်းကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ−အောင်ခိုင်)
7Day Daily

No comments:

Post a Comment

My Blog List