တပ်မတော်အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ၂၀၁၁ မတ်လ ၃၀ရက်တွင် သမ္မတဖြစ်လာသည်။ ထို့နောက် ယနေ့သည် သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့၏ သက်တမ်း လေးနှစ်တင်းတင်းပြည့်သောနေ့ဖြစ်သည်။
စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ ဖော်ဆောင်သည်ဆိုသော အရပ်သားအစိုးရ၏ လေးနှစ်တာ စွမ်းဆောင် ရည်များကို ပြန်လည်သုံးသပ်သောအခါ အောင်မြင်မှုများ၊ ရှုံးနိမ့်မှုများ၊ စိတ်ပျက်စရာများ တွေ့ရသည်။ အစိုးရသက်တမ်း ကနဦးနှစ်များတွင် သတင်းကောင်းများ မကြာခဏ ကြားရသော်လည်း သက်တမ်း ကုန်ခါနီးအချိန်တွင် သတင်းဆိုးများ ပိုမိုကြားလာရသည်။ အစိုးရ၏ လေးနှစ်တာအတွင်း စွမ်းဆောင်ရည်ကို ကဏ္ဍ အလိုက် အကဲဖြတ်ရသော်.....
‘‘အစိုးရအဖွဲ့သစ်ရဲ့အရေး ကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (Governance)နဲ့ သန့်ရှင်းသော အစိုးရ(Clean Government)ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ဖို့ပဲ ဖြစ်ပါ တယ်’’ဟု ၂၀၁၁ မတ်လ ၃၁ရက် တွင် ပြည်ထောင်စုလွှတ်တော် ခန်းမ၌ ကျင်းပသောမိန့်ခွန်းနာခံ ခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်း အနားတွင် ပြောကြားခဲ့သည်။
ထို့ကြောင့်ပင် နိုင်ငံရေးအင် အားစုများက သမ္မတဦးသိန်းစိန် အပေါ် မျှော်လင့်ချက်ထားခဲ့ကြ သည်။ ၂၀၁၁ သြဂုတ်လတွင်ဒေါ် အောင်ဆန်းစုကြည်နှင့် ပထမဆုံး အကြိမ်တွေ့ဆုံခဲ့သည်။
မကြာမီ ကျောင်းသားခေါင်းဆောင်များအ ပါအ၀င်ထင်ရှားသောနိုင်ငံရေးအကျဉ်းသားအတော်များများ လွှတ် ပေးခဲ့သည်။ လေးနှစ်တာ ကာလ အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ရှစ်ကြိမ်ပေးခဲ့ပြီး အကျဉ်းသား အကျဉ်းသူ ၂၃,၀၀၀ကျော် လွတ် ငြိမ်းခွင့်ပြုခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ရောက်ရှိသွားခဲ့ကြသော မြန်မာနိုင်ငံသားများအား မြန်မာနိုင် ငံသို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေး ရန်ကမ်း လှမ်းခဲ့သည်။ ယနေ့တွင်လေးနှစ် ပြည့်ခဲ့သောသမ္မတဦးသိန်းစိန်ဦး ဆောင်သော အစိုးရအဖွဲ့ စွမ်း ဆောင်ချက်များကို ပြန်သုံးသပ် ကြည့်မည်ဆိုလျှင်‘‘ပွင့်ပွင့်လင်းလင်းပြောရရင် Clean Government တို့ Good Governance တို့ ပြောကတည်းက သိပ်မထင်ဘူး။ အချိန်တိုအတွင်း အထူးသဖြင့် သက်တမ်း တစ်ခုအတွင်း Good Governance တို့ Clean Govern-ment တို့ ဖြစ်ဖို့ မလွယ် လောက်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ နှစ်ပေါင်းများစွာ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာကိုး’’ဟု နိုင်ငံရေးလေ့လာသူစာရေးဆရာ ဦးကျော်ဝင်းက သုံးသပ်သည်။
လေးနှစ်တာကာလအတွင်း ကောင်းမွန်သောအုပ်ချုပ်မှုစနစ် နှင့် သန့်ရှင်းသောအစိုးရဖြစ် အောင်မလုပ်နိုင် ခဲ့ပေ။ ထို့အပြင် သမ္မတပြောခဲ့သော နိုင်ငံရေးပြု ပြင်ပြောင်းလဲရေး၊ စီးပွားရေးပြု ပြင်ပြောင်းလဲရေး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးတို့အား ထိထိ ရောက်ရောက်အကောင်အထည် မဖော်နိုင်ခဲ့ပေ။
ထိုကဲ့သို့ မဆောင်ရွက်နိုင် ခြင်းမှာ ၁၉၆၂ခုနှစ်နောက်ပိုင်း ပျက်စီးသွားခဲ့သော အုပ်ချုပ်ရေးစနစ်ကို ပြန်လည် မပြင်ဆင်နိုင် ခြင်းကြောင့်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြပါ သည်။
‘‘အဓိကပြဿနာက စစ်အ စိုးရရဲ့အမွေကို ဆက်ခံရတာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ သူကအကန့် အသတ်နဲ့ ရပ်တည်နေတယ်။ သူ့ စိတ်ဆန္ဒရှိပေမယ့် လုပ်လို့မရတာ တွေရှိတယ်။ အစိုးရအဖွဲ့ထဲမှာ ယူနီဖောင်းလဲ ထားတဲ့ ၀န်ကြီးက အယောက်သုံးဆယ်နီးပါးရှိတယ်။ အရည်အချင်းရှိတဲ့သူတွေ နေ ရာယူထားရတဲ့အစိုးရ အဖွဲ့ မဟုတ်တဲ့အတွက် မူဝါဒဘယ် လောက်ကောင်းကောင်း အဲဒီမူဝါ ဒကို အကောင်အထည်ဖော်တဲ့နေ ရာမှာ လေ့ကျင့်ထားတဲ့ဝန်ထမ်း တွေမဟုတ်တဲ့အတွက်မအောင် မြင်ဘူး’’ဟု နိုင်ငံရေးလေ့လာသူ ဦးသန်း စိုးနိုင်ကပြောသည်။
ဦးသိန်းစိန်က လေးနှစ်တာ ကာလအတွင်း ဒုတိယသမ္မတ တစ်ဦး၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးအချို့ အား ရာထူးအ ပြောင်းအလဲလုပ်ခဲ့သော်လည်း အုပ်ချုပ်ရေးနှင့်ဆိုင်သော အင်စ တီကျူးရှင်းများအသစ်ထပ်မံ မ တည်ဆောက်နိုင်ခဲ့သလို စစ်သား လူထွက်များကြီးစိုးနေသော အုပ် ချုပ်ရေးဗျူရိုကရေစီယန္တရားကိုလည်း မပြင်နိုင်ခဲ့ပေ။ ထို့ကြောင့် လည်း ဦးသိန်းစိန်အစိုးရတက်လာ ပြီးနောက်ပိုင်း အပေါ်ကပြောင်း လဲချင်သော် လည်းအောက်ခြေက မပြောင်းလဲကြောင်းနိုင်ငံရေးလေ့ လာသူများက မှတ်ချက်ပေးခဲ့ကြ သည်။
ကမ္ဘာ့ဘဏ်၏ သတ်မှတ် ချက်အရ ၂၀၁၀ခုနှစ်က မြန်မာ နိုင်ငံ၏ ဗျုရိုကရေစီအရည်အ သွေးမှာ အမှတ် ၁၀၀တွင် ၂ဒသ မ ၄မှတ်သာရရှိပြီး မြန်မာနိုင်ငံ၏ အင်စတီကျူးရှင်းဆိုင်ရာ စွမ်း ဆောင်ရည်မှာ အမှတ် ၁၀၀ တွင် တစ်မှတ်သာရှိခဲ့သည်။
ထို့ကြောင့်အစိုးရတက်လာပြီး ၂၀၁၃ နှစ်ကုန်ပိုင်းမှစ၍ နိုင် ငံရေးအင်အားစုများသည် အစိုးရအပေါ် မျှော် လင့်ချက်ပျောက် ကွယ်လာခဲ့သည်။ အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ဆက်ဆံရေးအေးစက်ခဲ့သည်။ထို့ ကြောင့် ၂၀၁၃နှစ်ကုန်ပိုင်းမှစ၍ မြန်မာ့နိုင်ငံရေးပျားရည် ဆမ်းကာ လကုန်လွန်သွားခဲ့ပြီဟု ပြောဆိုခဲ့ သည်။
သမ္မတက ၂၀၁၄ ခုနှစ် ဇွန် လ၌ ဒုတိယသမ္မတများ၊ ပြည် ထောင်စုဝန်ကြီးများနှင့် ဒုတိယ ၀န်ကြီးများ အားတွေ့ဆုံ၍ ကျန်ရှိ နေသည့်ကာလအတွင်း ဒီမိုကရေ စီနိုင်ငံသစ် ထူထောင်ရေးတွင် အခြေခံအုတ်မြစ် ခိုင်မာအောင် ဆောင်ရွက်ပေးရမည့်တာဝန်နှင့် ပြည်သူများ၏ လူမှုစီးပွားဦးစား ပေးလိုအပ်ချက်များကို ဖြည့် ဆည်းပေးရမယ့်တာဝန်များအား တတိယအဆင့်အရှိန်အဟုန်မြှင့် တင်မှု(ThirdWave) အဖြစ်ထိ ထိ ရောက်ရောက်ကြိုးပမ်းဆောင် ရွက်ကြရန် တိုက်တွန်းခဲ့သည်။
‘‘တတိယလှိုင်းလို့ သူပြော ပေမယ့်လည်း တကယ်တမ်းပြန် စဉ်းစားကြည့်ရင် ပထမလှိုင်းရော ဒုတိယလှိုင်း ပါ သေချာပေါက် အောင်မြင်ခဲ့သလားဆို အောင် မြင်ခဲ့တာမရှိဘူး။ လက်တွေ့မှာ သူ့လူတွေကအကောင်အ ထည် မဖော်နိုင်ဘူး။ သူ့လူတွေကိုသူမ နိုင်ဘူး’’ဟု ၈၈မျိုးဆက်(ငြိမ်းပွင့်) မှ ကိုဂျင်မီကသုံးသပ်သည်။
အစိုးရသက်တမ်းလေးနှစ် ပြည့်ခါနီးကျောင်းသားအရေးဖြို ခွင်းမှုနှင့်ပတ်သက်၍ ပြည်သူလူ ထု၏ ယုံကြည် မှုပျောက်ဆုံးခဲ့ရ သည်။
‘‘အခုနောက်ဆုံးတော့ အမျိုး သားပညာရေးဥပဒေမှာ ကျောင်း သားတွေကို ဖိနှိပ်တဲ့ကိစ္စကနိုင်ငံ တကာတင် မကဘူး။ ကုလသမဂ္ဂကပါ ရှုတ်ချကြတယ်။ နိုင်ငံတကာမှာ ဦးသိန်းစိန်အစိုးရရဲ့ရုပ်ပုံလွှာကတော်တော်လေး ကျဆင်း သွားခဲ့တယ်’’ဟု နိုင်ငံရေးလေ့လာ သူဦးသန်းစိုးနိုင်ကပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အဓိကအဖွဲ့ကြီး ၁၄ ဖွဲ့နှင့် အပစ်ရပ်လက်မှတ်ရေးထိုး နိုင်သော် လည်း တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်းမရှိသေးပေ။ သို့ သော် တစ်နိုင်ငံလုံး အပစ်ရပ်မူ ကြမ်းရေးဆွဲရန် တရားဝင်ဆွေး နွေးပွဲခုနစ်ကြိမ်လုပ်ထားပြီး ခုနစ် ကြိမ်မြောက်ဆွေးနွေးပွဲ ကို ခေတ္တ ရပ်ဆိုင်းကာ မတ်လကုန်တွင်ထပ် မံကျင်းပမည်ဖြစ်သည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့မှာအပစ်အခတ် မရပ်စဲမီကပင် အင်အားပိုမိုများ ပြားလာသည် ။တစ်နိုင်ငံလုံးအ ပစ်ရပ်မူကြမ်းအပြီးသတ်ရေးဆွဲ သဘောတူနိုင်လျှင် ငြိမ်းချမ်းရေး အတွက် မည်သည့် အခါကမျှမရောက်ခဲ့ဖူးသော အခြေအနေရောက်လာခြင်းဖြစ်မည်။ အပစ်ရပ်စာချုပ်ရေးထိုးပြီး နိုင် ငံရေးဆွေးနွေးပွဲကျင်းပကာ သမိုင်းသစ်ရေးနိုင် မည်လားဆိုသည်ကို စောင့်ကြည့်ရပေမည်။ သို့သော်အခက် အခဲကတော့ များလွန်း သည်။
နိုင်ငံတကာဆက်ဆံရေး
ဦးသိန်းစိန်က သူ့အစိုးရအ ဖွဲ့တက်လာလာချင်းမှာပင် မြန်မာ ၏ နိုင်ငံခြားရေးမူဝါဒကို ယခင်အစိုးရအဆက် ဆက်၏ လွတ်လပ်ပြီး တက်ကြွသည့်ဘက်မလိုက် သော မူဝါဒအတိုင်း ကျင့်သုံးမည် ဟု ပြောကြားခဲ့သည်။
သို့သော်သမ္မတဦးသိန်းစိန်အား နိုင်ငံတကာနှင့်ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် နိုင်ငံတကာမီဒီယာ များ၊ သံတမန်များ နှင့် ထိတွေ့ဆက်ဆံရန် သမ္မတ နှင့် နီးစပ်သူများက အကြံပြုခဲ့ကြ သည်။
ထို့နောက် တပ်မတော်အစိုးရလက်ထက် အတိုက်အခံအင်အားစုများအား အဓိကထောက်ပံ့ပေး နေသော နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးအား နှစ်ပေါင်း (၂၀)ကျော် အတွင်း ပထမဆုံးအကြိမ် မြန်မာ နိုင်ငံသို့ လာရောက်ခွင့်ပြုခဲ့သည်။
ထို့နောက်နိုင်ငံတကာသံတ မန်များနှင့် နိုင်ငံတကာသတင်း ထောက်များ မြန်မာနိုင်ငံသို့ လာ ရောက်ကြ သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိ ကန်သမ္မတတို့မှာ လေးနှစ်အတွင်း မြန်မာနိုင်ငံ သို့ နှစ်ကြိမ်လာ ရောက်ခဲ့သည်။ ဥရောပသမဂ္ဂ အဖွဲ့သံရုံး မြန်မာနိုင်ငံတွင် ဖွင့် လှစ်လာခဲ့ပြီး အနောက်နိုင် ငံများ မှာ သံရုံးများ ဖွင့်လှစ်လာခဲ့ကြ သည်။ အာဆီယံထိပ်သီးအစည်း အဝေး အောင်မြင်စွာ ကျင်းပနိုင် ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံ ပေါ်သို့ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိလာခဲ့သည်။
သို့သော်လက်ရှိတွင် ဖွဲ့စည်း ပုံပြင်ဆင်ရေး အကျပ်အတည်း၊ ဒေါ်အောင်ဆန်းစုကြည်အားသမ္မ တဖြစ်ခွင့် ပိတ်ပင်ထားခြင်း၊ ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်များ နောက်ကြောင်းပြန် လှည့်နေခြင်း ၊ မြန်မာတွင် လူ့အ ခွင့်အရေးအခြေအနေများဆိုးရွား နေခြင်းစသည်ဖြင့် ကုလသမဂ္ဂအ ပါအ၀င် နိုင်ငံ တကာက ဝေဖန် ပြောကြားလာသော်လည်း မြန်မာ အစိုးရအပေါ် ယခင်လို စီးပွားရေး ပိတ်ဆို့အရေးယူ သည့်နည်းလမ်း ကို အမေရိကန်အပါအ၀င်နိုင်ငံ တကာက ရှောင်ရှားလာခဲ့သည်။
အဓိကအချက်မှာအရှေ့ အာရှဒေသတွင် ပထ၀ီအနေအ ထားအရ အရေးပါသည့်မြန်မာနိုင်ငံကို စူပါပါဝါအ ဆင့် အင်အား ကြီးလာသော တရုတ်နှင့် နီးကပ် မသွားစေလိုသော ၎င်းတို့၏ဒေသ တွင်းအကျိုးစီးပွားများ ကိုထည့် တွက်လာခြင်းဖြစ်သည်။
‘‘အမေရိကန်နဲ့ အီးယူရဲ့ မူ ၀ါဒက အရှေ့အာရှဒေသမှာ အ ချက်အချာကျတဲ့ မြန်မာကို တရုတ်ရင်ခွင်ထဲပါမ သွားရေး အဓိ က ဦးတည်ဆက်ဆံမှာ။ အခုမြန် မာ့ပြုပြင်ပြောင်းလဲရေး နောက် ဆုတ်နေတယ်လို့ ပြောနေ သလို ဝေဖန်မှုတွေလည်းလုပ်တယ်။ ဒါပေမဲ့ ဆက်ဆံရေးအခြေခံမူကို တော့ ပြောင်းမှာမဟုတ်ဘူး။နိုင် ငံ ရေးအရ ဟိုဟာလုပ်ပါ။ ဒီဟာ လုပ်ပါ၊ ဖိအားပေးလိမ့်မယ်။ ဒါ ပေမဲ့အရင်လို စီးပွားရေးပိတ်ဆို့ မှုတွေတော့ လုပ်မှာမဟုတ်ဘူး’’ ဟု မြန်မာ့ဒီမိုကရေစီအနာဂတ် စာအုပ်ရေးသားသူ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် စစ်ရေးလေ့လာ သုံးသပ်သူဦးသန်းစိုးနိုင်ကပြော သည်။
ပြန်ခြိမ်းခြောက်ခံလာရ သော မီဒီယာ
ဦးသိန်းစိန် သမ္မတရာထူး လက်ခံရယူသည့် ၂၀၁၁ မတ်လ ၃၀ ရက် မိန့်ခွန်းတွင် သတင်းမီဒီ ယာများကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး ခေတ်နှင့် မညီသည့် စာနယ်ဇင်းဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်း မည်ဟု တိုင်းပြည် ကို ကတိပေးခဲ့သည်။ ၂၀၁၂ သြဂုတ် ၂၀ ရက်တွင် စာပေစိစစ် ရေးဖျက်သိမ်းခြင်း၊ ၂၀၁၃ ဧပြီမှ စ၍ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ သတင်းမီဒီယာဥပဒေများ ပြ ဋ္ဌာန်း ရန် ကြိုးပမ်းခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။ စာနယ်ဇင်း ကောင်စီကို ဖွဲ့စည်းပေးခဲ့ပြီး ယခင်က မတို့မထိရဲခဲ့သည့် အစိုး ရအပါအ၀င် မဏ္ဍိုင်ကြီးသုံးရပ်ကို ဝေဖန်သုံးသပ်သည့် မျက်မှောက် ရေးရာသုံးသပ်ချက်များ၊ နိုင်ငံရေးစာပေပေါင်းများစွာ မြန်မာနိုင်ငံ က ပြန်လည်ထုတ်ဝေခွင့်ရ လာခဲ့ သည်။ အစိုးရ၏ ခြေလှမ်းသွက်မှု ကြောင့် မြန်မာနိုင်ငံ၏ မီဒီယာ လွတ်လပ်ခွင့်အဆင့်အတန်းမှာ ၂၀၁၀ တွင် အဆင့် ၁၇၄ ရှိနေ ရာမှ ၂၀၁၃ တွင် အဆင့် ၁၅၁ သို့ သုံးနှစ်အတွင်း အဆင့် နှစ်ဆယ် ကျော် ခုန်တက်သွားသည်။
သို့သော် ၂၀၁၄ မှစ၍ မြန် မာသတင်းမီဒီယာသမားအချို့ နိုင်ငံတော်လုံခြုံရေးဥပဒေ၊ အသ ရေဖျက်မှုပုဒ်မ ၅၀၀၊ အစိုးရ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ကဲ့သို့ ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းထားသည့် ရာဇ ၀တ် ကြောင်း ဥပဒေများဖြင့် ဖမ်းဆီး ထောင်ချခံလာရသည်။ အထူးသ ဖြင့် သတင်းမီဒီယာဥပဒေတွင် သတင်းထောက်များက အာဏာ ပိုင်များထံမှ သတင်းရပိုင်ခွင့်ရှိ ကြောင်း ပါဝင်သော်လည်း အာ ဏာပိုင်များ က သတင်းမဖြေ ကြားပါက အရေးယူနိုင်သည့် အချက်ကိုမူ ထည့်သွင်းမထားပေ။ ထို့အပြင် ယခုနှစ်ဆန်း ပိုင်း အတွင်း ရွှေပြည်သာအလုပ်သမား သပိတ်နှင့် လက်ပံတန်းကျောင်း သားသပိတ်ကို အကြမ်းဖက် ဖြိုခွဲစဉ် ရဲနှင့် လက်ပတ်နီဝတ်အရပ် သားများက သတင်းထောက်များ ကိုပါ သတင်းထောက်မှန်းသိ လျက် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြခြင်းဖြစ် သည်။
သတင်းထောက်များအား သတင်းသမားကျင့်ဝတ်နှင့်အညီ သတင်းမယူသည့်အတွက် ဖမ်း ဆီးခံ ရခြင်းဖြစ်ကြောင်း အာဏာ ပိုင်များက သတင်းထုတ်ပြန်မှု များ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ထို့အပြင် ဂျာနယ်လစ်နှစ်ဦး ကို တိုင်းဒေသကြီးတပ်မတော် သားလွှတ်တော်အမတ်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲပြီး ထောင်နှစ် လချခဲ့ခြင်းမှာ အာဏာပိုင်များက သတင်းထောက်များကို သတိပေး ခြင်း၊ ခြိမ်းခြောက်လာခြင်းဟု သတင်းသမားများက ယူဆကြသည်။
လက်ရှိ အခြေအနေမှာ သတင်းများကို လွတ်လပ်စွာ ရေးခွင့်ပေးနေသည်မှာ မှန်သော်လည်း သတင်းသမား ဖမ်းဆီးခံရ မှု တိုးလာပြီး သတင်းမီဒီယာဥပ ဒေမှာပင် ထိန်းချုပ်မှုများပါဝင် နေကြောင်း စာနယ်ဇင်းကောင်စီ ယာယီအတွင်းရေးမှူး ဦးကျော် မင်းဆွေကပြောသည်။
ထူးမခြားနားစီးပွားရေး
လေးနှစ်တာကာလအတွင်း စီးပွားရေးပြုပြင်ပြောင်းလဲရေးအ တွက် အားတက်သရောလုပ်ခဲ့ သော်လည်း ကုန်သွယ်မှု လိုငွေ တစ်နှစ်ထက်တစ်နှစ်မြင့်တက် လာခဲ့သည်။ နိုင်ငံခြားအရန်ငွေ များလျော့နည်းကျဆင်း လာခြင်း၊ ငွေ ကြေးဖောင်းပွမှုများမြင့်တက် လာခြင်း၊ ပြည်တွင်းဝယ်လိုအား ကျ ဆင်းမှုတို့ကြုံတွေ့လာရ သည်။
ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက်ပထမဆုံးပြောသော မိန့်ခွန်းတွင် ‘‘အစိုးရ က အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းပံ့ပိုးပေးတဲ့ ဈေးကွက်စီးပွားရေးစနစ်မျိုးကိုရည်မှန်းထားတယ်။ ၀င် ထိန်းပေးမယ် ဆိုတာလည်းဈေးကွက် ရဲ့လွတ်လပ်မှုကို ထိန်းချုပ်ချင်တဲ့သဘောမျိုးမဟုတ်ဘဲ အရင်းရှင်ကြီး များ၊ အခွင့်ထူးခံများ လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုး မဖြစ်အောင် ထိန်းကျောင်း တည့်မတ်ပေးတာမျိုးကို ရည်ရွယ်ပါတယ်’’ဟု ပြောထားသည်။
ယင်းနောက် မြန်မာ့စီးပွား ရေးတွင် အဓိကအခန်းကဏ္ဍမှပါ ၀င်သည့် ကုန်သွယ်ရေးတွင်ကြီး မားသော အတားအဆီးဖြစ်နေ သည့် သွင်းကုန်လိုင်စင်များစိစစ် ပေးသည့် ကုန်သွယ်မှု မူဝါဒကောင် စီ(TC-Trade Council)ကို ဖျက် သိမ်းခဲ့သည်။ ထို့နောက် စီးပွား ရေးဦးပိုင်က လက်ဝါးကြီးအုပ် ထားသော စားအုန်းဆီ တင်သွင်းခွင့်ကို ဆီလုပ်ငန်းလုပ်ကိုင်သူများ
အား ခွင့်ပြုပေးခဲ့သည်။ မော် တော်ကားတင်သွင်းခွင့်နှင့်ပတ် သက်၍ မူဝါဒပိုင်း ဖြေလျှောခဲ့ သည်။ အမေရိ ကန်ဒေါ်လာနှင့်မြန် မာကျပ်ငွေလဲလှယ်သည့်နှုန်းအား ဈေးကွက်ပေါက်ဈေးနီးပါးနှုန်း ရှင်သတ်မှတ်ပေးခဲ့ သည်။ ဆင်းမ်ကတ်များ နိုင်ငံတကာကဲ့သို့ ဈေး သက်သာစွာ ရောင်းချပေးခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပ ဒေကို ပြဌာန်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ခဲ့သည်။
အစိုးရပိုင်းမှ နိုင်ငံတကာမှ တောင်းဆိုသော လူ့အခွင့်အရေး နှင့်ပတ်သက်၍ဖြေလျှော့ပေးခဲ့သ ဖြင့် ဥရောပသမဂ္ဂ(EU)နှင့်အမေ ရိကန်နိုင်ငံတို့က စီးပွားရေးနှင့်ပတ် သက်သော ပိတ်ဆို့မှုများဖြေလျှော့ ပေး ခဲ့၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များ မြန်မာနိုင်ငံသို့ ပိုမိုလာ ရောက်လေ့လာခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုမှာ အစိုးရသက်တမ်းလေးနှစ်တွင်အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ နီးပါး ၀င်ရောက်လာ သည်။
အမေရိကန်ထိပ်တန်းကုမ္ပ ဏီကြီးများဖြစ်သော ကိုကာကို လာ၊ ပက်(ပ)စီ၊ ဂျီအီးတို့ပါ မြန်မာ နိုင်ငံသို့ ၀င်ရောက်လာခဲ့ကြ သည်။ ထိုကဲ့သို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ စိတ်ဝင်စားမှုများနှင့် အတူ ပြည်တွင်းအိမ် ခြံမြေဈေး ကွက်ပိုမိုဖွံ့ဖြိုးလာသည်။
ဘဏ်လုပ်ငန်းနှင့်ပတ်သက် ၍ ဗဟိုဘဏ်မှာ သီးခြားရပ်တည် သည့်အဖွဲ့အစည်းဖြစ်လာခဲ့ပြီး နိုင်ငံခြား ဘဏ် (၉) ခု ဖွင့်လှစ်ခွင့် ပြုခဲ့သည်။ သို့သော်အသေးစား နှင့်အလတ်စားလုပ်ငန်း ဖွံ့ဖြိုးရန် အတွက် အစိုးရငွေကျပ်ဘီလီယံ ၃၀ကို ချေးငွေအဖြစ်ထုတ်ပေး ရန် ၂၀၁၄မှသာစီစဉ်လာသည်။ ယင်းသို့ချေးငွေ ထုတ်ပေးရာတွင် လည်း အကြောင်းအမျိုးမျိုး ကြောင့် ငွေပမာဏအနည်းငယ် သာထုတ်ပေးနိုင်သေးသည်။
မြန်မာ့စီးပွားရေးတွင် အဓိက အားထားရသောကုန်သွယ်ရေးမှာ အစိုးရသစ်လေးနှစ်အတွင်း ၇၅ ရာခိုင်နှုန်း တိုးတက်လာသော် လည်း ပို့ကုန်ပမာဏမှာ သိသိသာ သာတိုးတက်လာခြင်းမရှိဘဲ သွင်းကုန်ပမာဏသာ တက်လာကာ ကုန်သွယ်ရေးတွင် လိုငွေပြမှု ပိုများလာသည်။
ဦးသိန်းစိန် အစိုးရလက် ထက်တွင် ပို့ကုန်ပမာဏမှာအမေ ရိကန်ဒေါ်လာ ၂ဘီလီယံပင်မတိုး လာပါ။ သွင်းကုန်ပမာဏမှာတစ် နှစ်ထက်တစ်နှစ် ပိုများလာပြီး ယခုဘဏ္ဍာနှစ်ကုန်ချိန်တွင် တစ် နှစ်အတွင်း ၁၆ဘီလီယံနီးပါးထိတိုး လာသည်။ ယင်းကြောင့် ၂၀၁၂- ၁၃ ဘဏ္ဍာနှစ်က ကုန်သွယ်မှုလို ငွေ ၂ဘီလီ ယံကျော်ရှိရာမှ ယခု ဘဏ္ဍာနှစ်တွင် ၅ ဘီလီယံထိတိုး လာသည်။
‘‘ကုန်သွယ်မှုလိုငွေပြတာက နိုင်ငံခြားဝင်ငွေနဲ့ ထွက်ငွေမမျှတ သလိုဖြစ်နေတယ်။ နိုင်ငံခြားအရန်ငွေက လည်း လျော့နေတော့ ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုးကျ ပြီးငွေဖောင်းပွမှုဖြစ်မယ်။ ကုန် ဈေးနှုန်းလည်းတက် လာမယ်’’ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကပြောကြားသည်။

ယင်းကြောင့် မြန်မာနိုင်ငံငွေကြေး ဖောင်းပွမှုသည် ၂၀၁၃ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်ကုန် ဂျီဒီပီ ၏ ၇ရာခိုင်နှုန်းသာရှိရာမှ ယခုနှစ်တွင် ၈ဒသမ ၃ရာခိုင်နှုန်း ထိမြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်၏ထုတ်ပြန် ချက်တွင်ဖော် ပြထားသည်။
သို့သော်အစိုးရသက်တမ်း သုံးနှစ်ကျော်မှစ၍ အစိုးရအနေဖြင့် စီးပွားရေးအပေါ် အရေးမစိုက်ခဲ့ဘဲ နိုင်ငံရေး အပေါ်သာအာရုံစိုက်ခဲ့သည်။ ထို့အပြင် နိုင်ငံရေးမ တည်ငြိမ်မှုများကြောင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှု ရပ်တန့်ခဲ့သည်။ အိမ်ခြံမြေဈေး ကျဆင်းခဲ့ပြီး အရောင်းအ၀ယ် အေးသွားခဲ့သည်။ တိုင်းပြည် ၏ ငွေ အများစုမှာ အိမ်ခြံမြေထဲ ရောက်ရှိခဲ့ပြီး လက်ရှိတိုင်းပြည်၏ စီးပွားရေးအခြေအနေမှာသတိ ထားရ သည့် အခြေအနေဖြစ်ကာ ငွေကြေးဖောင်းပွမှုမှာ အချိန်မီ ထိန်းချုပ်ရန်လိုအပ်နေသည်။
‘‘ပြည်သူတွေက စနစ်တစ်ခု ကောင်း၊ မကောင်း ဆုံးဖြတ်ရာမှာ သူတို့ရဲ့နေ့စဉ်လူနေမှုဘ၀အ ပေါ်မှာ ဘယ် လိုအကျိုးသက် ရောက်တယ်ဆိုတာနဲ့ပဲတိုင်းတာ မှာဖြစ်ပါတယ်’’ဟု သမ္မတက ၂၀၁၁မတ်လ ၃၁ရက် ကတိ သစ္စာ ပြုအခမ်းအနားတွင်ပြောခဲ့သည်။
ပြည်သူအများစု ဖုန်းကိုင်နိုင် သော်လည်း၊ လူလတ်တန်းစား များကားစီးနိုင်သော်လည်း ၊သူဌေး ကြီးများ၊ ဗိုလ်ချုပ်ဟောင်းမိသားစု များ၊ ၀န်ကြီးဟောင်းမိသားစုများ၊ လက်ရှိအာဏာရှိသူများပိုချမ်း သာလာသော် လည်း အခြားပြောင်းလဲမှုအလွန်နည်းပါးသည်။ ထို့ကြောင့် ဆင်းရဲချမ်းသာကွာဟမှု ပိုကြီးလာပါသည်။ အလုပ်လက်မဲ့များဆဲ၊ အခြေခံပြည်သူအများစု လမ်းပျောက်ဆဲ၊ အသေးစား အလတ်စားလုပ်ငန်းများ ကူညီသူမဲ့ နေဆဲသာဖြစ်ပါသည်။
7Day News Journal

No comments:
Post a Comment