Monday, March 30, 2015

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းကို ဘာကြောင့် ဆင်ဆာဖြတ်သလဲ”


ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က နေပြည်တော်မှာ အနှစ် ၇၀ မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြား ခဲ့ပါတယ်။ သူ့မိန့်ခွန်းကို တပ်မတော်ပိုင် မြဝတီသတင်းစာနဲ့ အစိုးရပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ထူးခြားတာ တစ်ခုကတော့ အစိုးရပိုင်သတင်းစာတွေမှာ ထည့်သွင်းထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ မိန့်ခွန်းဟာ သိသိသာသာကြီး ဆင်ဆာလုပ်ထားတဲ့မိန့်ခွန်း ဖြစ်နေခြင်းပါ။ ဒါဟာ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနဘက်က တပ်ချုပ်ရဲ့မိန့်ခွန်းကို တမင် ဆင်ဆာ လုပ်တဲ့သဘောလား၊ ဘယ်အပိုင်းတွေကို ဆင်ဆာလုပ်ထားတာလဲ၊ အဲဒါက ဘယ်လိုအဓိပ္ပာယ် သက်ရောက်စေသလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြ သွားပါ့မယ်။

တပ်မတော်ပိုင် မြ၀တီသတင်းစာမှာဖော်ပြထားတဲ့ တပ်ချုပ်မိန့်ခွန်းကတော့ အပြည့်အစုံပါ။ အလားတူ အစိုးရပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံမှာ ဖော်ပြ ထားတာတွေကလည်းစာမူတစ်ခုတည်းက ဖော်ပြထား တာ တွေ့ ရပါတယ်။ အဲလို ဖော်ပြ ရာမှာ တချို့အပိုင်းတွေကို အပိုင်းလိုက်ချန်လှပ်ထားတာ တွေ့ရပြီး အရေးကြီးတဲ့ အကြောင်းအရာတွေလည်း ဖြစ်နေတဲ့ အတွက် ဒါကို တမင် ဆင်ဆာ လုပ်တယ်လို့ ကောက် ချက်ချနိုင်ပါတယ်။ ဘယ်အပိုင်းတွေ မဖော်ပြဘဲ ထားသလဲ ကြည့်ကြရ အောင်ပါ။

ပထမအကြောင်းအရာကတော့ တပ်မတော်နေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းပါ။ တပ်ချုပ်ရဲ့မိန့်ခွန်းထဲမှာ အဲဒီ အပိုင်းနဲ့ ပတ်သက်ပြီး ခုလို ပြောဆိုထားပါတယ်။

“လွတ်လပ်ရေးအတွက် နယ်ချဲ့ဖက်ဆစ်များကို တိုင်းရင်းသားပြည်သူနှင့် တပ်မတော်လက်တွဲကြိုးပမ်းပြီး ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်က စတင် တွန်းလှန်တိုက်ထုတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၇၀ တိုင်ခဲ့ပြီဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် မတ်လ ၂၇ ရက်ကို တော်လှန်ရေးနေ့ အဖြစ် ခေါ်ဝေါ် ကျင်းပခဲ့ရာမှ ၁၉၅၅ ခုနှစ်၊ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားတွင်ဗိုလ်ချုပ်ကြီးနေ ၀င်း က အခြားနိုင်ငံ တပ်မတော်ကြီးများနည်းတူ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကိုစုပေါင်းပြီး တပ်မတော်နေ့ သတ်မှတ်ရန်အတွက် မိမိတို့နိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အထူးခြားဆုံးနှင့်အ မွန်မြတ်ဆုံး တော်လှန်ရေးနေ့အား အထူးဝိသေသပြုသည့်အနေဖြင့် တပ်မတော်နေ့အဖြစ် ပြောင်း လဲ ခေါ်ဝေါ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း” အပါအ၀င် ရှည်လျားတဲ့ သမိုင်းကြောင်းဖြစ်စဉ်ကြီး တစ်ခုလုံးကို ဆင်ဆာ ဖြတ်တောက် ပစ်လိုက်တာ ဖြစ်ပါတယ်။

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်ဟာ တပ်မတော်နေ့ကို အရင်က တော်လှန်ရေးနေ့ အဖြစ် ခေါ်ဝေါ် ကျင်းပခဲ့ပုံ သမိုင်းကြောင်း၊ တပ်မတော်နေ့ဆိုတာဟာဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက် ခိုက်ရာက ပေါ်ပေါက်လာတယ် ဆိုတဲ့ သမိုင်းကြောင်း၊ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ခိုက်ရာမှာ လည်း တပ်မတော်တစ်ခုတည်းက တွန်းလှန်၊ တော်လှန်တိုက်ခိုက်တာ မဟုတ်ဘဲ ဗမာပြည်ကွန်မြူနစ် ပါတီအပါအ၀င် တိုင်းရင်းသား ပြည်သူအားလုံး ပါဝင်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်လိုတဲ့သဘော ပေါ်လွင်နေပါတယ်။

နောက်တစ်ချက်ကတော့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်ရေး၊ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကိစ္စနဲ့ တိုက်ရိုက် ဆက်စပ်ပါတယ်။

တပ်ချုပ်ပြောတာက “တပ်မတော်က ငြိမ်းချမ်းရေး မူဝါဒ (၆) ရပ်ကိုချမှတ်ထားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကို အမှန်တကယ် လိုလားပါက ကတိက၀တ်များကို တည်တည်ကြည်ကြည် စောင့်ထိန်းကြရန်နှင့် နိုင် ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (D.D.R) လုပ်ငန်းစဉ်သည် မရှိမဖြစ်ပါဝင်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာ့ နိုင်ငံများတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်းကို အလေးဂရုမပြုဘဲ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ သဖြင့် နောက် ဆက်တွဲ ပြသနာများ ယနေ့တိုင် မဖြေရှင်းနိုင်သည့် သာဓကများ ရှိသကဲ့သို့ လုံခြုံရေးဆိုင်ရာ ပြန် လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်မှုကြောင့် ငြိမ်းချမ်းရေးရသည့် နိုင်ငံများစွာ ရှိကြောင်းကို တွေ့ရကြောင်း၊ ထို့ကြောင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကို မဖြစ်မနေ လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း” ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

တကယ်တော့ ဒီအပိုင်းဟာ အလွန်အရေးကြီးပါတယ်။ လက်ရှိအစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အပစ်ရပ်စာချုပ်တစ်ခုရဖို့ ဆွေးနွေးနေတဲ့အချိန်မှာ တပ်မတော်တစ်ခုရဲ့ အမြင့်ဆုံးကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားဟာ အလွန်အရေးကြီးပါတယ်။ တစ်ဆက်တည်း အငြင်းပွားစရာလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ တပ်မတော်ကချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ဆိုတာကို လက်နက် ကိုင်တိုင်းရင်းသား အဖွဲ့အားလုံးက လက်မခံနိုင်ကြောင်း ပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ၀င်တွေဟာ တပ်မတော်ဘက်က အဲလို မူဝါဒ (၆) ရပ် ချမှတ်ထားပေမယ့် အသေကြီး ကိုင်စွဲထားတာ မဟုတ်ဘူး။ အချိန်အခါအလိုက် ပြောင်းလဲမှာပါလို့ တိုင်းရင်းသားတွေကို ပြောဆိုထားခဲ့ပေမယ့် အခု တပ်မတော်နေ့မိန့်ခွန်းမှာ ပြောဆိုပြန်တဲ့အတွက် လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထိခိုက်နိုင်တယ်လို့ ယူဆပြီး ဆင်ဆာလုပ်လေသလား စဉ်းစားစရာ ဖြစ်ပါ တယ်။
  
နောက်တစ်ချက် တပ်ချုပ်ပြောတဲ့ DDR ဆိုတာ disarmament, demobilization and reintegration ကို ဆိုလိုတာပါ။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းလို့ နာမည်ပေးထားပြီး လက်နက်ကိုင် သူပုန်ထတဲ့ နိုင်ငံ အချို့မှာ အကောင်အထည်ဖော်ခဲ့ဖူးပါတယ်။

အစိုးရနဲ့ လက်နက်ကိုင်သူပုန်တွေ အပစ်ရပ်၊ ဆွေးနွေးပွဲတွေလုပ်ပြီး နိုင်ငံရေးအရ ပြေလည်သွားတဲ့အခါ လက်နက် ကိုင်သူပုနတပ်ဖွဲ့တွေကို ဖျက်သိမ်းတာပါ။ တချို့ အစိုးရတပ်ထဲ ကူးပြောင်းတာရှိသလို၊ တချို့ လက်နက်ကိုင် တပ်ကထွက်၊ အပြင်မှာ နေထိုင်လုပ်ကိုင်စားသောက်ဖို့ အကူအညီပေးတဲ့ အစီအစဉ်မျိုးတွေ ပါဝင်ပါတယ်။

တပ်ချုပ်ပြောတဲ့ အဲဒီ DDR ကို လက်နက်ကိုင် တိုင်းရင်းသားတွေက လက်မခံပါဘူး။ ဒါကြောင့် ပြီးခဲ့ တဲ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်က လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး Security Sector Reform လို့ နာမည်ပေးထားတဲ့ (SSR) ဆိုတဲ့အစီအစဉ်ကို တင်ပြခဲ့ပါတယ်။ ဒီအထဲမှာ တပ်မတော်တစ်ခု လုံးနဲ့ လက်နက်ကိုင်အုပ်စု အားလုံးကို ပြန်လည်ဖွဲ့စည်း မယ့် အစီအစဉ်မျိုး ပါဝင်နိုင်ပါတယ်။

ပြောရရင် အစိုးရပြန်ကြားရေးဝန်ကြီးဌာနကနေ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့မိန့်ခွန်းကို ဆင်ဆာ လုပ်လိုက်တဲ့ အပိုင်းတွေဟာ တကယ့်အရေးကြီးတဲ့ အပိုင်းတွေပါ။

ပြန်ကြားရေး တာဝန်ရှိသူတွေဘက်က တပ်ချုပ်ကြီး တပ်မတော်သမိုင်း အကြောင်း သိပ်မပြောနဲ့၊ ဖက်ဆစ် စနစ် ဆိုတာတို့၊ ဖက်ဆစ်တော်လှန်ရေး ဆိုတာတို့ ပေါ်ကုန်မယ်၊ ငြိမ်းချမ်းရေး မူဝါဒ (၆) ရပ်တို့ DDR ကိစ္စတွေ မပြောနဲ့။ ရက်ပိုင်း အတွင်း ပြန်ကျင်းပတော့မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ အကုန်ထိခိုက်ကုန် မယ်ဆိုပြီး ဆင်ဆာဖြတ်တာလား၊ တခြား ရည်ရွယ် ချက်ရှိသေးလား ဆိုတာကိုတော့ ကာယကံရှင်တွေပဲ သိနိုင်မှာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List