Tuesday, March 31, 2015

ထိုင်းရောက် ပန်းရောင်ကဒ်ကိုင် အလုပ်သမားများ တနှစ်စာ သက်တမ်းတိုးရန် ဧပြီလတွင် စတင်မည်


ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အပါအ၀င် ရွှေ့ပြောင်းအလုပ်သမားများအား တနှစ်သက်တမ်းရှိ ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပန်းရောင်ကဒ် ကိုင်ဆောင်သူများကို ဧပြီလ ၁ရက်နေ့ မှစ၍ တနှစ်သက်တမ်း စတင်တိုးပေးတော့မည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများ က ပြောသည်။
မတ်လ ၃ရက်နေ့က ကျင်းပသည့် ထိုင်းနိုင်ငံ ၀န်ကြီးများကောင်စီ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံရှိ ကမ္ဘောဒီး ယား၊ မြန်မာနှင့် လာအို စသည့် အလုပ်သမားများ ကိုင်ဆောင်ထားသော ယာယီ အလုပ်လုပ်ခွင့် ပန်းရောင်ကတ်ကို တနှစ် သက်တမ်းတိုးပေးရန်နှင့် ရေလုပ်သားများကို မှတ်ပုံတင်ရန် ဧပြီလ ၁ရက်မှ ဇွန်လ ၃၀ရက်နေ့အထိ လုပ်ဆောင်သွားမည်ဟု ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားကွန်ရက်(MMNT) အတွင်းရေးမှူး ဦးမိုးကြိုးက ယခုလို ပြောသည်။

“၁၈နှစ်ပြည့်ပြီး မည်သည့်အလုပ်သမားမဆို ပန်းရောင်ကဒ်လို့ခေါ်တဲ့ ယာယီ အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်သူတွေကို တနှစ် သက်တမ်းတိုးပေးမယ်။ ပြီးတော့ သူတို့ကို မှီခိုနေရတဲ့ ဆယ့်ငါးနှစ်အောက် ကလေးတွေ၊ ကလေးအထောက်အထား ပြု လုပ်ရမယ်လို့ ညွှန်ကြားထားတယ်။ တဆက်တည်းမှာပဲ ရေ လုပ်သားတွေကို ခိုင်းစေတဲ့ အလုပ်ရှင်၊ သက်ဆိုင်ရာ ကုမ္ပဏီ၊ အဲဒါ တွေအားလုံးဟာ ထိုင်းအစိုးရဆီမှာ မှတ်ပုံတင်ရမယ်။ မလုပ်ရင် အရေးယူခြင်းခံရမယ်”ဟု ဦးမိုးကြိုးက ကေအိုင်စီသို့ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ထိုင်းပြည်ထဲရေးဋ္ဌာန MOI က ထိုင်းနိုင်ငံ (၇၇)ခရိုင်ရှိ သက်ဆိုင်ရာ မြို့နယ် အသီးသီးတွင် One Stop Service ရုံးများ ဖွင့်လှစ်ကာ အလုပ်သမားနေရာချထားရေးဋ္ဌာန၊ အုပ်ချုပ်ရေး ဋ္ဌာနနှင့် ကျန်းမာရေးဋ္ဌာနတို့ကို အထောက်အထား များ အဆင့်ဆင့် တင်ပြပြီး လုပ်ဆောင်ရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ထိုင်းအစိုးရက အလုပ်သမားများကို ယခုလို လုပ်ဆောင်ပေးခြင်းသည် ကောင်းမွန်သော်လည်း ကုန်ကျ စရိတ်အဖြစ် ထိုင်းငွေ ၃,၁၈၀ဘတ်၊ ၁၅နှစ်အောက်ကလေးငယ်များကို ၁,၆၈၀ဘတ် သတ်မှတ်ထားသဖြင့် လုပ်အားခနည်းသည့် အလုပ်သမားများ အတွက် အထောက်အထားလက်မှတ် ပြုလုပ်နိုင်ရန် အခက်အခဲ ကြုံတွေ့နိုင်သည်ဟု မြန်မာအလုပ်သမားများက ပြောသည်။

ဖန်ငခရိုင်ရှိ မြန်မာအလုပ်သမား ကိုမိုးဝေက “ကုန်ကျစရိတ်ကတော့ များတာပေါ့ဗျာ။ မလုပ်လို့လည်း မဖြစ် ဘူးလေ။ ဗီဇာဖိုး၊ ၀ပ်ပါမစ်ဖိုး၊ ဆေးစစ်ခ စုစုပေါင်း သုံးထောင်ကျော်ကုန်တယ်ဗျာ။ အဲဒါကအလုပ်သမားတွေ အတွက် နည်းနည်းကုန်ကျစရိတ် များတယ်ပေါ့။ ဖြစ်စေချင်တာက အလုပ်သမားတွေကို ခိုင်းတဲ့ အလုပ်ရှင် က တာဝန်ယူစေချင်တယ်။ ပြီးမှ အလုပ်သမားဆီက ပြန်နုတ်ယူလို့ ရတယ်လေ”ဟု ကေအိုင်စီသို့ ပြော သည်။

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအတွက် ၂၀၁၄ နှစ်လည်ပိုင်းမှ စတင်ပြုလုပ်ပေးခဲ့သည့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်မလိုဘဲ အလုပ်လုပ်ခွင့် ပန်းရောင်ကတ်ကို မတ်လ ၃၁ရက်နေ့တွင် သက်တမ်းကုန် ဆုံးမည်ဖြစ်၍ ယခုလို ၂၀၁၆ခုနှစ်အထိ တနှစ် ထပ်မံတိုးပေးပြီး နိုင်ငံကူးလက်မှတ်နှင့် အလားတူ စာအုပ် ပြုလုပ်ပေးရန် စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းခန့်ရှိသည့်အနက် လတ်တလော ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ အလုပ်သမားမှာ ၆၄,၀၀၀(ခြောက်သိန်းလေးသောင်း)ကျော် ရှိသည်ဟု မြန်မာအလုပ် သမား အရေး ကူညီဆောင်ရွက်ပေးနေသူ များ၏ မှတ်တမ်းများအရ သိရသည်။

KIC News

No comments:

Post a Comment

My Blog List