Wednesday, March 04, 2020

သင်္ဃန်းကျွန်းတွင် သာမန်ရန်ဖြစ်မှုကို ဘာသာရေးပဋိပက္ခ အသွင်ဆောင်စေရန် MNO က စတင်လှုံ့ဆော်၊ အမျိုးသားရေးလှုပ်ရှားရန် MNO နှင့် NBF ပူးပေါင်းပြီဟု ကြေညာ

No photo description available.
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူငယ်ချင်း ရန်ဖြစ်မှု ရိုက်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး(MNO) က ဘာသာရေး ပဋိပက္ခပုံစံ အသွင်မျိုးဖြစ်လာစေရန် ယနေ့ စတင် လှုံ့ဆော်လာသည်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက စိစစ်တွေ့ရှိရသည်။

မတ်လ ၂ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သော ကိုထက်ထက်အောင်နှင့် ကိုလှထွန်းတို့ ၂ ဦး ရန်ဖြစ် အချင်းများမှုကို ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာတို့အကြား ပဋိပက္ခ ပုံစံ ဖြစ်လာစေရန် လှုံ့ဆော်သည့် အရေးအသားများဖြင့် MNO မှ ဦးဆောင်အဖွဲ့ဝင် Ba Than Lone ၊ Wira Thura Sitt Min အပါအဝင် အမျိုးသားရေးလှုပ်ရှားသူများ၏ Facebook Account ၁၀၀ နီးပါးတွင် ရေးသား လှုံ့ဆော်ဖြန့်ဝေခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီးကုန်းရပ်ကွက်၊ တိုးချဲ့ ၅ လမ်း ၊ သုဝဏ္ဏတွင် နေထိုင်သော ကိုထက်ထက်အောင်နှင့် ကိုလှထွန်းတို့ ၂ ဦး မတ်လ ၂ ရက်နေ့ ဆေးလိပ်မီးရှို့ရာမှ အချင်းများ ရန်ဖြစ်ကြကြောင်း၊ ယင်းသို့ ရန်ဖြစ်မှုကြောင့် ကိုထက်ထက်အောင် အရိုက်ခံရပြီး စံပြ ဆေးရုံတွင် တက်ရောက်ကုသမှု ခံနေရကြောင်း၊ အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း၊ သာမန်အမှုအခင်းသာဖြစ်ပြီး မည်သည့် ပယောဂမှ မပါဝင်ကြောင်း သုဝစဏ္ဏရဲစခန်းမှူး ဦးအုန်းကျော်မင်းက ပြောဆိုသည်။
"အမှု ဖွင့်ထားပါတယ်။ ရိုက်တဲ့သူတွေကို အာမခံ မပေးပါဘူး။ ရိုက်တဲ့ ၂ ဦးကိုလည်း ဖမ်းထားပါတယ်။ လူငယ်သဘာဝ ဆေးလိပ်မီးညှိရင်းနဲ့ ဖြစ်တယ်လို့ ပြောတယ်။ အသေးစိတ်တော့ မစစ်ရသေးဘူး။ အရိုက်ခံရသူကလည်း ဆေးရုံတက်တုန်းပေါ့။ စံပြဆေးရုံမှာ။ လူငယ်ချင်း သာမန်ရန်ဖြစ်တဲ့ပုံစံပါ။ ကျန်တဲ့ ပယောဂ မရှိပါဘူး။ ရိုက်ခံရတဲ့သူလည်း အသက်အန္တရာယ် မစိုးရိမ်ရပါဘူး " ဟု သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရဲစခန်းမှူး ဦးအုန်းကျော်မင်းက ပြောဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက လူမှုကွန်ရက်တွင် သာမန် အမှုအခင်းဖြစ်စဉ်ကို ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခပုံစံဖြစ်စေရန် လှုံ့ဆော် ဖြန့်ဝေမှုသည် အန္တရာယ်ကြီးပြီး စိုးရိမ်စရာ ကောင်းမွန်သည်ဟု ပြောဆိုသည်။
"ဖြစ်တာက ၂ ရက်နေ့ညက ဖြစ်တယ်။ အမှုလာဖွင့်တာက ၃ ရက်နေ့ညက လာဖွင့်တယ်တဲ့။ ကိုထက်ထက်အောင်က အရိုက်ခံရပြီး စံပြဆေးရုံမှာ။ ရိုက်တဲ့သူ ၂ ဦးစလုံးကိုလည်း ဖမ်းထားပြီးပြီတဲ့။ သာမန်ရန်ဖြစ်တာပဲ။ အဲဒီနှင်းဆီးကုန်းက (က) ကြီးရပ်ကွက်လို့ ခေါ်တယ်။ အဲဒီမှာက အမြဲလို ရန်ဖြစ်ကြတာ ရှိတယ်။ အဲဒါကို ပုံကြီးချဲ့သွားတာရှိတယ်။ ဒါမျိုးတွေက အခုလိုအချိန်မျိုးမှာ ပိုပိုပြီး ဖြစ်လာတာကလေ စိုးရိမ်စရာကောင်းတယ်။ အမှုအခင်းဆိုရင် ဥပဒေနဲ့အညီ ရှင်းရမှာပါ။ ဒါက ဘာသာရေးနဲ့မဆိုင်ပါဘူး" ဟု ဦးမောင်မောင်ဦးက ပြောဆိုသည်။
MNO သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်သော ဦးဝီရသူ၏ ဟောပြောချက်များကို စာအုပ်ကို ကွန်ရက်စနစ်ဖြင့် ဖြန့်ဝေ ရောင်းချမှုများ လုပ်ဆောင်လျက်ရှိသည်။ MNO သည် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ဖြစ်ပေါ်လာသော အမျိုးသားရေးအဖွဲ့ဖြစ်ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆန္ဒပြပွဲကို ဦးဆောင် ကျင်းပခဲ့သည်။ MNO ဥက္ကဋ္ဌ မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးတင့်လွင်ဖြစ်သည်။
လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်ဝိုင်းကြည် ပါဝင် ဦးဆောင်နေသော နယ်စည်းမခြားအမျိုးသားရေးညီနောင်များအင်အားစု ( NFB ) က MNO နှင့်ပူးပေါင်းပြီဖြစ်ကြောင်း မတ်လ(၂)ရက်နေ့တွင် ကြေညာခဲ့သည်။
MNO နှင့် NBF အမျိုးသားရေးအဖွဲ့အစည်းကြီး နှစ်ဖွဲ့သည်မိမိရပ်တည်ချက် ယုံကြည်ချက်များဖြင့်ဖွဲ့စည်းခဲ့ကြသော်လည်း နိုင်ငံတော်အတွက် လိုအပ်လာသောအချိန်တွင်အမျိုးသားနိုင်ငံရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း အမျိုးသားရေးအသင်းအဖွဲ့များအား အသိပေး ကြေညာကြောင်း လူမှုကွန်ရက်တွင် ဖော်ပြထားသော နှစ်ဖွဲ့ ပူးပေါင်းမှု အစည်းအဝေးထုတ်ပြန်ချက်အရ သိရှိရသည်။
Image may contain: text
Image may contain: one or more people and text
Image may contain: text
Image may contain: text
By ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List