Wednesday, March 04, 2020

ပွတ်တိုက်မှု ပြင်းထန်လာပါက အခြေခံဥပဒေပြင်ဆင်ရေး နှောင့်နှေးနိုင်ဟု ပြည်ခိုင်ဖြိုးပါတီ ပြော

Image may contain: indoor
ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်း ဆွေးနွေးမှုတွေမှာ ပွတ်တိုက်မှုတွေ ပိုပြီးပြင်းထန်လာမယ်ဆိုရင် ပြင်ဆင်ရေးလုပ်ငန်းစဉ် နှောင့်နှေးသွားနိုင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးရာမှာ NLDပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့အကြား ပွတ်တိုက်မှုတွေရှိနေပြီး ပြည်ထောင်စုလွှတ်တော် နာယကကိုယ်တိုင် သတိပေးရတဲ့ ကိစ္စရပ်အချို့လည်း ရှိနေပါတယ်။ဒီမိုကရေစီနည်းကျကျ ဆောင်ရွက်နေတာ မှန်ပေမယ့် ပွတ်တိုက်မှုအားပြင်းလာရင်လည်း ပြင်ဆင်ရေးလုပ်ငန်းစဉ်နှောင့်နှေးသွားမှာကို စိုးရိမ်မိတယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“ ကိုယ်စားလှယ် တစ်ယောက်ဟာ ရှစ်မိနစ်ပဲ ဆွေးနွေးခွင့်ရတဲ့ အတွက် ဘယ်ကိုယ်စားလှယ်ကတော့ မှားတယ် မှန်တယ်ဆိုတာ ချက်ချင်းဆုံးဖြတ်ပြီး ချက်ချင်းတုံပြန်ရတာ ဖြစ်တဲ့ အတွက် တကယ်လိုအပ်ရဲ့လားလို့ မွေးခွန်းထုတ်လိုပါတယ်” လို့ ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို ပါတီကဝင်ရောက်စွက်ဖက်တာမရှိဘဲ လွတ်လပ်ခွင့် အပြည့်အဝပေးထားတယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။ NLDပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့က မုံရွာအောင်ရှင် ကတော့ လွှတ်တော်ထဲမှာ အခုလို ပွတ်တိုက်မှုတွေ ပြင်းထန်နိုင်ပေမယ့် စိုးရိမ်ဖွယ်ရာ မရှိဘူးလို့ မှတ်ချက်ပြုပါတယ်။
“ လွတ်တော်ထဲမှာကတော့ ထုံးစံအတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေက ပြောမယ်၊ တဘက်က ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ပြန်ပြီးတုန့်ပြန်ကြမယ်၊ ဒီနေရာမှာ ပြင်းထန်တာတွေလည်းရှိမှာပါပဲ၊ ကျွန်တော်တော့ ဒီလောက်ပြင်းထန်တာကိုပဲ တော်သေးတယ်လို့ ကျွန်တော်တော့ အောက်မေ့ပါတယ် ” လို့ ပြောပါတယ်။
အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို တိုင်းရင်းသားပြည်သူအားလုံးကလည်း အကောင်းမြင်ပါတယ်လို့ မုံရွာအောင်ရှင်က ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်အများစု အဓိကဆွေးနွေးနေတာကတော့ ပုဒ်မ၅၉(စ)၊ ပုဒ်မ ၄၃၆နဲ့ ပုဒ်မ၂၆၁(ခ)စတဲ့ ပုဒ်မတွေကို ပယ်ဖျက်ဖို့၊ မူလအတိုင်းထားရှိဖို့ အကြိတ်အနယ်ဆွေးနွေးနေတာပါ။

No comments:

Post a Comment

My Blog List