Wednesday, March 04, 2020

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု မတ်လ ၁၀ ရက်နေ့တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး နိုင်ငံတော် သမ္မတ၊ ဒုသမ္မတများ ရွေးချယ်ခဲ့စဉ်အတိုင်း လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် ဆောင်ရွက်သွားမည်

Image may contain: 1 person, sitting and indoor
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင် ခံစာ နောက်ဆက်တွဲ ဇ (၁) ၊ ဈ (၁)တို့ပါ ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယားများ ဖြစ်သော နောက်ဆက်တွဲ ဇ နှင့် ဈ နှင့် ဇယားနှစ်ခုပါ ပြင်ဆင်ချက်များအပေါ် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို မတ်လ ၁၀ ရက်နေ့တွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

“ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် သက်ဆိုင်တဲ့ ပြင်ဆင်ချက်ပုဒ်မ၊ ပုဒ်မခွဲ ၅၅ ခု ပါဝင်တဲ့ ဥပဒေမူကြမ်းရဲ့ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ ဇ (၂) ကို အပိုင်းလေးပိုင်း၊ ဆန္ဒမဲ လက်မှတ် လေးစောင် ခွဲခြားပြီး လည်းကောင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ)နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက် ပုဒ်မ ၊ ပုဒ်မခွဲ ၈၀ ခု ပါဝင်တဲ့ ဥပဒေမူကြမ်းရဲ့ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ ဈ (၂) ကို အပိုင်း ငါးပိုင်း၊ ဆန္ဒမဲ လက်မှတ် ငါးစောင် ခွဲခြားပြီး လည်းကောင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးချင်း အနေနဲ့ ပြင်ဆင်ချက် နှစ်ခု စလုံးကို ဆန္ဒပြုရမှာ ဖြစ်ပါတယ်။ ပြင်ဆင်ချက် နှစ်ခုစလုံးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိခဲ့လျှင် ထောက်ခံမဲ ပိုများတဲ့ ပြင်ဆင်ချက်ကို အတည်ပြုမှာဖြစ်ပါတယ်” ဟု နာယက ဦးတီခွန်မြတ်က ပြောသည်။
ထို့အပြင် အဆုံးအဖြတ်များ ရယူရာတွင်လည်း သမ္မတရွေးချယ်စဉ်ကအတိုင်း လျှို့ဝှက်ဆန္ဒမဲစနစ် ကိုအသုံးပြုသွားမည် ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။
“ဥပဒေမူကြမ်းများအပေါ် အဆုံးအဖြတ် ရယူရာမှာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပစဉ်က လုပ်ငန်းစဉ်များအတိုင်း အခြေခံ၍ ဆန္ဒမဲလက်မှတ် အသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုချိန်ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ဖွဲ့စညး်ပုံ အခြေခံဥပဒေနဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ အတိုင်း ဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။ လွှတ်တော်အတွင်း ရောက်ရှိနေကြတဲ့ နိုင်ငံရေး ပါတီ အစုအဖွဲ့အလိုက် ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ၊ ဥပဒေနဲ့ အညီ တူညီတဲ့အခွင့်အရေးကို ရယူအသုံးပြုခွင့် ရရှိနေတဲ့ အချိန်ကာလဆိုတာကိုလည်း ထပ်မံပြောကြားလိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဥပဒေ၊ နည်းဥပဒေ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” နာယက ဦးတီခွန်မြတ်က ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးလျက်ရှိနေပြီး လက်ရှိ အချိန်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂၄ ဦး ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်သည်။
AS
Isee Media

No comments:

Post a Comment

My Blog List