Thursday, March 05, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့လာမှုကြောင့် စီးပွားရေးထိခိုက်မှုတွေကို စက်မှုထိပ်သီးနိုင်ငံများက အကောင်းဆုံး ကာကွယ်သွားနိုင်မလား


Image may contain: one or more people and text
ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ကာကွယ်သွားဖို့ သင့်တင့်လျောက်ပတ်တဲ့ မူဝါဒတွေအသုံးပြုသွားမယ်လို့ မတ် ၃ ရက်မှာ စက်မှုထိပ်သီးနိုင်ငံများမှ ထိပ်တန်းအရာရှိတွေက ပြောကြားလိုက် ပါတယ်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံမှုကို ဘယ်လိုမျိုးကာကွယ်မှုတွေ လုပ်ဆောင်သွားမလဲဆိုတာတော့ တိတိကျကျ ထုတ်ဖော်မပြောကြပါဘူး။
စီးပွားရေးကျဆင်းမှုတွေဖြစ်ပေါ်
စက်မှုထိပ်သီးနိုင်ငံတွေက စီးပွားရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေဟာ အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပျံ့နှံ့လာမှုကြောင့် နိုင်ငံတွေရဲ့ စီးပွားရေးကြီးထွားမှုကို အန္တရာယ် ပေးလာနိုင်ပြီး တချို့နိုင်ငံတွေကို စီးပွားရေးကျဆင်းမှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတဲ့ကိစ္စကို ဆွေးနွေးခဲ့ကြ ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကိုတွန်းလှန်ဖို့ စက်မှုထိပ်သီးနိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေဟာ အကယ်၍ လိုအပ်လာမယ် ဆိုပါက ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့အထိပါဝင်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ရာမှာ စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုတွေလည်း လိုအပ်ရင် လုပ်ဆောင်သွား မှာဖြစ်တယ်လို့ ပြောပါတယ်။

ကမ္ဘာ့ထိပ်သီး စီးပွားရေးနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန် ပြည်ထောင်စုတို့က ဗဟိုဘဏ်ဥက္ကဋ္ဌတွေဟာ ဒူပေနာပေခံနေရတဲ့ ဘဏ္ဍာရေးစနစ်ကို ပြုပြင်ရာမှာ ဈေးနှုန်းတည်ငြိမ် ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြမယ်လို့ ပြောပါတယ်။

ညှိနှိုင်းမှုမရှိ
ကိုရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံမှာ စတင်ဖြစ်တဲ့အချိန် ကတည်းက အဲဒီဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးဖို့ကြိုးစား မှုတွေ လုပ်ဆောင်တဲ့နေရာမှာ ကမ္ဘာအနှံ့မှာရှိတဲ့ ကုမ္ပဏီတွေဟာ အဲဒီရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံစားခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်ကိုလည်း သီးခြားခွဲခြားခဲ့ပြီး အဲဒီမှာရှိတဲ့ စက်ရုံတွေကိုလည်း ပိတ်ခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဖြစ်ပွားလာတဲ့ အကြောက်တရားတွေဟာ ရှယ်ယာဈေးကွက်မှာလည်း ကမောက်ကမ တွေဖြစ်ခဲ့ပါတယ်။ သို့သော်လည်း စက်မှု ထိပ်သီးနိုင်ငံတွေရဲ့ ကြေညာချက်မှာတော့ ဘယ်လိုမျိုး ဆောင်ရွက် သွားမလဲဆိုတဲ့ အစီအစဉ်အသေးစိတ်ကို ဖော်ပြခြင်းတော့ မရှိသေးပါဘူး။ ဘဏ္ဍာရေးပိုင်းဆိုင်ရာနဲ့ အတိုးနှုန်း ဖြတ်တောက်မှုတွေမှာ ယခင်ကထက်နှိုင်းစာရင် စိတ်ပျက်စရာကောင်းနေကြောင်း လန်ဒန်ရှိ စီးပွားရေးပညာရှင် တစ်ယောက်က သုံးသပ်ထားပါတယ်။

စက်မှုထိပ်သီးနိုင်ငံတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားသော်လည်း တကယ်တမ်းမှာတော့ ညှိနှိုင်းမှု မရှိကြောင်းနဲ့ အကောင်အထည်ဖော်မှု မရှိကြောင်း၊ ဈေးကွက်သုတေသနအကြီးအကဲ နေးလ်ဝယ်လ်ဆင်က ပြောပါ တယ်။

သင့်တော်တဲ့ဆောင်ရွက်မှုတွေကို လုပ်ဆောင်မယ်
ဥရောပရဲ့ အဓိက စတော့ဈေးကွက်ဟာလည်း စက်မှု ထိပ်သီးခုနစ်နိုင်ငံရဲ့ ကြေညာချက်ထွက်ပေါ်လာပြီးနောက်မှာ အခြေအနေကောင်းမွန်လာခဲ့ပါတယ်။ သို့သော်လည်း ခိုင်မာတည်ငြိမ်ဖို့တော့ လိုနေသေးပါတယ်။

ကျန်းမာရေးဆိုင်ရာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ အစိုးရတွေဟာလည်း စီးပွားရေးနှောင့်နှေးမှာ စိုးရိမ်ပူပန် နေကြပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်မှာ အဓိကစတော့ ဈေးကွက်မှာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာကို တွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုကြောင့် ယခုအခါမှာဆိုရင် ကမ္ဘာတစ်ဝန်းလုံးမှာ သေဆုံးသူအရေအတွက်ဟာ ၃၁၀၀ ကျော်လာပြီး ကူးစက်ခံရသူ အရေအတွက်ဟာလည်း ၉၀၀၀၀ ကျော် ရှိလာပါတယ်။

စက်မှုထိပ်သီးနိုင်ငံတွေ အစည်းအဝေး မလုပ်မီက သက်ဆိုင်ရာ အရာရှိတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို စီးပွားရေး ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။ မိမိတို့အနေနဲ့ သင့်တော်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း စက်မှုထိပ်သီးနိုင်ငံများမှ စီးပွားရေး ခေါင်းဆောင်တွေက ပြောပါတယ်။

ဝေဖန်မှုနဲ့ ရင်ဆိုင်နေရ
အင်္ဂလန်ဘဏ်ကလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်မှာ အင်္ဂလန်ရဲ့ စီးပွားရေးတောင့်တင်းဖို့ လိုအပ်တဲ့ ဆောင်ရွက်မှု တွေကို လုပ်ဆောင်သွားမယ်ဆိုပြီး ပြောထားတာရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ် တို့ကလည်း ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရာမှာ ကူညီဖို့ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတကာရဲ့ စီးပွားရေးကို ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ဟိုတယ်နဲ့ ခရီးသွားလာရေးကဏ္ဍကို ဆိုးရွားစွာထိခိုက်သလို သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေး တွေကိုလည်း ဆိုးရွားစွာထိခိုက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးကိုလည်း အကြီးအကျယ် ထိခိုက်စေသလို တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကိုလည်း ကျိန်းသေထိခိုက်စေမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်က တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ စတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ယခုအခါမှာတော့ လူပေါင်း ၉၀၀၀၀ ကျော် ကူးစက်ခံစားနေရပြီဖြစ်ပြီး နိုင်ငံပေါင်း ၇၀ ကျော်အထိ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကို လျှော့တွက်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခုအခါမှာတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတော့တယ်။

ပူးပေါင်းဆောင်ရွက်သွားမယ်
တောင်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် အများဆုံးပျံ့နှံ့ကူးစက်ခံရတဲ့ နိုင်ငံဖြစ်လာ ပြီးတော့ မတ် ၂ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ပေါင်း ၅၀၀ နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။ အခုချိန်အထိ စုစုပေါင်း ကူးစက်ခံရသူဟာ ၄၀၀၀ ကျော်လာပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ကူးစက်ပျံ့နှံ့လာတာကြောင့် ကမ္ဘာ့စီးပွားရေးကိုလည်း ထိခိုက်စေပါတယ်။ ကမ္ဘာ့ စီးပွားရေးဈေးကွက်ဟာ ၂၀၀၈ ခုနှစ်မှ စပြီးအခုအခါမှာတော့ အဆိုးရွားဆုံးအနေအထားကို ရောက်နေပါတယ်။ သို့သော်လည်း အာဆီယံစီးပွားရေးဈေးကွက်ဟာ မတ် ၂ ရက်မှာတော့ ပြန်လည်ကောင်းမွန်လာတဲ့ သဘောကို တွေ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ နေရာအတော်များများမှာလည်း ခရီးသွားလာမှု ပိတ်ပင်မှုတွေသို့မဟုတ် အလုံပိတ်ခွဲခြားမှုတွေ ပြုလုပ်ထားကြတဲ့အတွက် တရုတ်နိုင်ငံရဲ့ စီးပွားရေးကတော့ ထင်သလောက် မကောင်းသေးပါဘူး။ အခြားနိုင်ငံတွေ ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ထားပါတယ်။ အဲဒီထဲမှာ ဗိုင်းရပ်စ် ဖြစ်ပွားတဲ့နိုင်ငံတွေကို ခရီးသွားလာမှု ပိတ်ပင်တာတွေ၊ မြို့တွေကို အလုံပိတ်မှုတွေ ပြုလုပ်ထားပြီး နိုင်ငံသားတွေကိုလည်း အိမ်ထဲမှာနေပဲ နေထိုင်သွားကြဖို့နဲ့ ပွဲလမ်းသဘင်တွေကို မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ တရုတ်နိုင်ငံထက် တခြားနိုင်ငံတွေမှာ ပိုမိုမြန်ဆန်စွာ မြင့်တက်နေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဖို့ စီမံဆောင်ရွက်မှုတွေကို အပြင်းအထန်ပြုလုပ်ခဲ့ ကြပါတယ်။ အဲဒီလိုပြုလုပ်တဲ့အထဲမှာ ဇန်နဝါရီလ နှောင်းပိုင်းက လူဦးရေ ၅၆ သန်းလောက်ရှိတဲ့ ဟူပေးပြည်နယ်ကို ပြင်ပ ကမ္ဘာနဲ့ သီးသန့်ခွဲခြားမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

မည်သို့ပင်ဆိုစေ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ ကြောက်စရာကောင်းလောက်အောင်ကို ဖြစ်ပွားခဲ့ပြီး စီးပွားရေးကို ခြိမ်းခြောက်နေသော်လည်း စက်မှုထိပ်သီး နိုင်ငံတွေကတော့ စီးပွားရေးကို မထိခိုက်အောင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့တော့ ပြောဆိုထားကြပါတယ်။
အေအက်ဖ်ပီ

No comments:

Post a Comment

My Blog List