Friday, February 07, 2020

သာသနာ့ဝန်ထမ်းများကို မဲပေးခွင့်ပြုရန် ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ်ချားစ်ဘို တောင်းဆို


Image may contain: 1 person
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၂ (က)အရ သာသနာ့ဝန်ထမ်းများအား မဲပေးခွင့်ကန့်သတ်ထားခြင်းကို ပယ်ဖျက်ပေးရန် ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ်ချားစ်ဘိုက ဖေဖော်ဝါရီ ၆ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။
“တနည်းအားဖြင့် ဗုဒ္ဓဘာသာ သံဃာတော်များ၊ သီလရှင်များ၊ ကက်သလစ်ဘုန်းကြီးများနှင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ အခြားခရစ်ယာန်ဘုန်းကြီးများ၊ မူဆလင်တရားဟောဆရာများအနေနဲ့ မဲပေးခွင့် ကန့်သတ်ခံထားရပါတယ်။ ဘုန်းတော်ကြီးတပါးအနေနဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ ထုတ်ပြန်ချက်၊ မိန့်ခွန်းများနဲ့ တိုက်တွန်းလို့ရပေမဲ့ ကိုယ်တိုင်မဲပေးခွင့်ကတော့ ပိတ်ပင်ခံထားရပါတယ်။ ဒါဟာ လုံးဝပုံမှန်မဟုတ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ အခြား ဒီမိုကရေစီနိုင်ငံမျိုးတွေမှာ ဒီလို သတ်မှတ်ချက်မျိုးမရှိတာကို သတိပြုမိပါတယ်။ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များဟာလည်း မြန်မာနိုင်ငံသားများပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ဆောင်နေစဉ်မှာ ဒီသတ်မှတ်ချက်ကိုလည်း ပယ်ဖျက်ပေးဖို့ တိုက်တွန်းတင်ပြအပ်ပါတယ်”ဟု ၎င်းကထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာကြာပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် အုပ်ချုပ်ခွင့်အာဏာ ပြည်သူလူထုထံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ ရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ စိတ်အားထက်သန်စွာ ပါဝင်မှုဖြင့် ခိုင်မာအားကောင်းသော ဒီမိုကရေစီကို လိုလားတောင့်တနေကြသည်ဆိုခြင်းကို ရှင်းရှင်းပြတ်ပြတ် ထုတ်ဖော်ပြသခဲ့ကြကြောင်း၊ လွန်ခဲ့သော ၅ နှစ်အတွင်း (ဒီမိုကရေစီအသွင်ကူးပြောင်းမှု)အားရစရာ မကောင်းခဲ့ကြောင်း၊ သို့သော် မြန်မာပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံစွာဖြင့် ဒီမိုကရေစီတွင် ယုံကြည်သက်ဝင်မှုဖြင့် လာမည့်ရွေးကောက်ပွဲတွင် အင်တိုက်အားတိုက်ပါဝင်ကြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်များအနေဖြင့်လည်း မြန်မာနိုင်ငံကို အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်၍ တည်ဆောက်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ကူးအိပ်မက်များကို သိရှိနားလည်ပြီး ဖြည့်ဆည်းကြဖို့ လိုအပ်ကြောင်း ကာဒီနယ်ချားစ်ဘိုက တိုက်တွန်းသည်။
အရည်အသွေးရှိသော ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးသည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီးများဖြစ်လျက်ရှိကြောင်း၊ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းမှာ အသက် ၄၀ အောက် လူငယ်လူရွယ်များဖြစ်ပြီး ၎င်းတို့အတွက် အခွင့်အလမ်းများသာ ရှရိမည်ဆိုပါက အံ့မခန်းဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုပြုသော ခေါင်းဆောင်များကသာ တိုင်းပြည်၏ ဘုံအကျိုးကို သယ်ပိုးပေးနိုင်မည်ဖြစ်ကာ အိမ်နီးချင်းနိုင်ငံများ၌ ခေတ်သစ်ကျွန်းစနစ်အတွင်း ကျရောက်နေသော မြန်မာလူငယ် ၄ သန်းနီးပါးခန့်ကိုလည်း ပြန်လည်ခေါ်ဆောင်ရာရောက်မည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ထိုအရေးကို သိရှိနားလည်ပြီး တက်ကြွစွာ ဆောင်ရွက်ပေးနိုင်သည့် ပါတီများနှင့် လူပုဂ္ဂိုလ်များကို သိရှိရန်လိုအပ်ကြောင်းနှင့် မိမိတို့၏အဖိုးတန်မဲများသည် ထိုထိုလူပုဂ္ဂိ်ုလ်များနှင့်သာ ထိုက်တန်ကြောင်း ၎င်းက တိုက်တွန်းထားသည်။
“ပါတီတခု၊ လူပုဂိုလ်တဦးအတွက် မဲမပေးဘဲ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ်မြန်မာနိုင်ငံတော်အတွက် မဲပေးကြပါ”ဟု ၎င်းက တိုက်တွန်းလိုက်သည်။

ဝီရ
Photo: AFP

No comments:

Post a Comment

My Blog List