Monday, January 27, 2020

တပ်မတော်က ကရင့်နယ်မြေများကို ဒရုန်းဖြင့် ထောက်လှမ်းခြင်းသည် KNU ကို မယုံကြည်ရာရောက်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပြောဆို


Image may contain: 1 person, eyeglasses
တပ်မတော်က KNU တပ်မဟာ ၅ နှင့် တပ်ရင်းဌာနချုပ်စခန်းများကို ဒရုန်းလွှတ် စုံစမ်းထောက်လှမ်းခြင်းများ ပြုလုပ်ခြင်းသည် KNU ကို မယုံကြည်ရာရောက်သည့် သဘောဖြစ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောဆိုသည်။
“ တစ်ဖက်က တစ်ဖက်ကို ထောက်လှမ်းမယ်ဆိုတာ တစ်ဖက်ကလည်း သူတို့လုပ်ရမယ့် တာဝန်တော့ ရှိရင်ရှိမှာပေါ့။ ဒီလိုထင်သာမြင်သာလုပ်ခြင်းအားဖြင့် မယုံကြည်တာကို ပိုမိုပြီးတော့ မယုံကြည်ရာလုပ်တဲ့ သဘောမျိုးဖြစ်တာပေါ့။ ကျွန်တော်တို့က မဖြစ်စေချင်ဘူးပေါ့။ အမှန်ကတော့ ဒီလိုဒရုန်းလွှတ်တာကတော့ ကျွန်တော်ဆီကို အစည်းအဝေးမှာ တင်ပြလာတာလည်းရှိတယ်။ ကျွန်တော်တို့က ဒီလောက်အတိုင်းအတာထိ ကျယ်ပြန့်လာလိမ့်မယ်လို့တော့ မထင်ဘူးပေါ့။ ဒီလိုမိုးပေါ်ကနေ အချက်အလက်တွေစုဆောင်းတာတို့ သတင်းတို့ ဓာတ်ပုံတို့ယူတာကတော့ ဒရုန်းကတော့ အနီးကပ်ပေါ့နော်။ ဂြိုလ်တုကလည်း ယူလို့ရတာပဲ” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ တပ်မတာ်ကဒရုန်းလွှတ် စုံစမ်းထောက်လှမ်းခြင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ်(၅) တပ်မဟာဌာနချုပ်က ကန့်ကွက်ကြောင်း အသိပေးစာကို ဇန်နဝါရီလ ၂၁ရက်နေ့တွင် ကရင်ပြည်နယ်ရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီ JMC-S ကို ပေးပို့ခဲ့သည်။

တပ်မတာ်ကဒရုန်းအသုံးပြုကာ စုံစမ်းခြင်းသည် တစ်ပတ်တစ်ကြိမ် နှစ်ပတ်တစ်ကြိမ် လာရောက် ထောက်လှမ်းနေခြင်းဖြစ်ပြီး KNUက ဒရုန်းဖြင့် ပြန်လည်ထောက်လှမ်းသည့်အခါ အဆိုပါဒရုန်းများသည် နီးစပ်ရာရှိ တပ်မတော်တပ်စခန်းများတွင် ပြန်လည်ဆင်းသက်ခြင်းများ တွေ့ရသည်ဟု အသိပေးစာတွင်ဖော်ပြထားသည်။

“ ဒါတွေကဖြစ်နေတာကတော့ အခုမှမဟုတ်ပါဘူး။ ကြာလှပြီပဲ တချို့နေရာတွေမှာကျတော့ အဲဒရုန်းတွေလွှတ်ပြီးတော့ ရိုက်တာတွေကတော့ တော်တော်ကြာပြီ ကမ်းနားမှာလည်း ရိုက်တယ်။ တခြားဒေသမှာလည်းရိုက်တယ်လေ။ ကျွန်တော်တို့ ဒီလိုလုပ်ခြင်းအားဖြင့် တစ်ဖက်ကလည်း ကျွန်တော်တို့က သံသယလည်းရှိတယ်။ မယုံကြည်ရာကိုဖော်ပြတဲ့သဘောဖြစ်တဲ့အတွက်ကြောင့် အဲလိုကန့်ကွက်စာရေးတာတော့ ဖြစ်မယ်ထင်တယ်” ဟု ပဒိုစောကွယ်ထူးဝင်းကပြောဆိုသည်။

တပ်မတော်က ဒရုန်းဖြင့် ထောက်လှမ်းခြင်းသည် KNU အဖွဲ့၏ လုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက နှစ်ဖက်အပြန်အလှန် ယုံကြည်မှုကိုပါ ပျက်ပြားစေသည့် လုပ်ရပ်ဖြစ်စေကာ တပ်မတော်က အပစ်အခတ်ရပ်စဲရေးဆိုင်ရာစာချုပ် (NCA)ပါ အခန်း ၃ ၊ အပိုဒ် ၅ အပိုဒ်ခွဲ က၊ ခ နှင့်COC အခန်း ၃၊ အပိုဒ် ၈၊ အပိုဒ်ခွဲ က၊ ခ တို့ကိုချိုးဖောက်နေသည့်အတွက် အပြင်းအထန်ကန့်ကွက်ကြောင်း KNU ဘက်ဆိုသည်.

တပ်မတော်သတင်းမှန်ပြန်ကြားေရးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU၏ ပြောဆိုချက်ကို ယခုလပိုင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုသည်။

“ ဒရုန်းနဲ့ ပတ်သက်ပြီးတော့ တပ်မတော်မှာ သုတေသနလုပ်ဆောင်ရွက်နေတာတော့ ရှိပါတယ်။ သို့သော် လက်ရှိအသုံးပြုနေတဲ့ ဒရုန်းတွေရှိပါတယ်။ ဒီဒရုန်းတွေကတော့ စျေးကွက်ထဲမှာ ဝယ်လို့ရတဲ့ ဟာတွေပါပဲ။ စျေးကွက်ထဲမှာ ဝယ်လို့ရတော့ ကျွန်တော်တို့က ဓာတ်ပုံရိုက်လို့ရတဲ့ ဒရုန်းတွေရှိပါတယ်။ ဗီဒီယို ရိုက်လို့ရတဲ့ ဒရုန်းတွေရှိပါတယ်။ အသုံးပြုပါတယ်။ ဒါတွေကို ဘာလို့အသုံးပြုလည်းဆိုတော့ ကျွန်တော်တို့ တပ်ရင်းအဆင့် တပ်ဖွဲ့အဆင့်တွေမှာတော့ သူ့အစီစဉ်နဲ့သူ ဝယ်ထားတဲ့ ဒရုန်းတွေရှိတယ်။ ရှိတယ်ဆိုတာ ဒီဒရုန်းတွေလည်း စျေးကွက်ထဲမှာ ဝယ်လို့ရတဲ့ ဒရုန်းတွေဖြစ်တယ်။ သူတို့တပ်ရဲ့ လုံခြုံရေး သူတို့သွားတဲ့နယ်မြေဒေသလုံြခုံရေးနဲ့ ပတ်သက်လို့ ဓာတ်ပုံရိုက်တယ်ကြည့်တယ်။ ပြီးရင် သူ့တို့ စခန်းလုံခြုံရေးအတွက်ကြည့်တယ်။ ဒါတွေအတွက်အသုံးပြုနေတာရှိပါတယ်။ ခုနပြောတဲ့ဟာနဲ့ ပတ်သက်ရင် တချို့မီဒီယာတွေမေးတဲ့ဟာနဲ့ပတ်သက်ရင် ကျွန်တော်တို့ဖြေကြားပြီးဖြစ်ပါတယ်။ KNU ပဲဖြစ်ဖြစ် ဘယ်စခန်းတွေပဲ ဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ စခန်းတွေပါပဲ စခန်းတွေရှိနေတယ်ဆိုတာက မြေပြင်မှာလည်း သတင်းရပြီးသားဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘာစခန်းရှိတယ်ဆိုတာကလည်း အကုန်လုံး သိပြီးသားဖြစ်ပါတယ်။ ဒါတွေကိုတကူးတက ကျွန်တော်တို့က ဒရုန်းတွေကို သုံးပြီးတော့ သွားပြီးဓာတ်ပုံရိုက်နေစရာမလိုပါဘူး။ မြေပြင်မှာလည်း ရှိပြီးသားဖြစ်တယ်။ သို့သော်တချို့ရှိနိုင်တာကေတာ့ ဒီဟာတွေအသုံးချနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ဓာတ်ပုံရိုက်တာ အသုံးချတာတို့ ဒါတွေနဲ့ပတ်သက်ပြီးတော့ရှိနိုင်ပါ” ၎င်းကပြောဆိုသည်။

Photo Credit - KNU

No comments:

Post a Comment

My Blog List