Monday, January 27, 2020

တရုတ်-မြန်မာနယ်စပ်တွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ရေး ပိတ်ပင်မှုများ တရုတ်ဘက်က စတင်၊ မြန်မာဘက်က လုပ်ဆောင်မှု အားရစရာမရှိဟုဆို


Image may contain: outdoor
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့တွင် ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် တရုတ်အာဏာပိုင်များဘက်က ပိတ်ပင်မှုများ စတင်လိုက်ပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များဘက်မှ လုပ်ဆောင်ချက်များမှာ အားရစရာမရှိကြောင်း မူဆယ်မြို့ အခြေစိုက် ဂရုဏာလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဇန်နဝါရီ ၂၆ ရက်နေ့မှ စတင်ပြီး တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နှင့် ထိစပ်လျက်ရှိသော ရွှေလီမြို့တွင် ပန်းခြံများ၊ ဟိုတယ်များ၊ ကစားဝိုင်းများအားလုံးကို ခေတ္တပိတ်ထားမည်ဖြစ်ပြီး အခမ်းအနားနှင့် ပွဲလမ်းသဘင်များ ကျင်းပမှုကို ပိတ်ပင်ပင်ထားမည်ဖြစ်ကြောင်း၊ ရွှေလီမြို့တွင် အဝင်အထွက်ကိုလည်း တင်းကျပ်စွာ စစ်ဆေးနေပြီး ဒေသခံကားများမှအပ မည်သည့် ကားကိုမှ ဝင်ခွင့် ပေးမည်မဟုတ်ကြောင်း၊ ဧည့်သည်များအားလုံး နေရပ်ပြန်ကြရန် တိုက်တွန်းကြောင်း ရွှေလီမြို့ အာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။

တရုတ်အာဏာပိုင်များဘက်က ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်ပြီး ဆောင်ရွက်မှုသည် အားရစရာကောင်းမွန်သော်လည်း မြန်မာအာဏာပိုင်များဘက်က ဆောင်ရွက်မှုသည် အားရစရာမရှိဟု ဦးသောင်းထွန်းက ရှင်းပြသည်။

" တရုတ်ဘက်ကနေ မြန်မာဘက်ကို အဝင်ရော အထွက်ရော သေချာစစ်ဆေးပြီးတော့ ကြီးကြပ်နေပါတယ်။ ကျန်းမာရေးအတွက်။ တရုတ်ဘက်ကတော့ သူတို့ဘက်မှာ ဖြစ်တဲ့ကိစ္စကို သေချာလေး လုပ်နေတယ်။ ခက်တာက ကျနော်တို့ဘက်က ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းနေတယ်။ ပြဿနာတက်နေတဲ့ ကျန်းမာရေးအခြေခံအချက်အလက်ေတွကို။အခုအားလုံးကတော့ စိုးရိမ်နေကြတယ်" ဟု ဦးသောင်းထွန်းက ပြောဆိုသည်။

မူဆယ်ဒေသခံအများစုကလည်း မြန်မာဘက်က တင်းကျပ်သော ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်စေလိုကြောင်း၊ အဝင်အထွက် လုပ်သူမှန်သမျှကို ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်စေလိုပြီး သာမန်အပူချိန်တိုင်းကိရိယာမျှဖြင့် စစ်ဆေးမှု မလုံလောက်ကြောင်း ဝေဖန်ပြောဆိုကြသည်။

ကျန်းမာရေးဝန်ကြီးဌာနဘက်ကမူ နယ်စပ်ဂိတ်များနှင့် လေဆိပ်များတွင် ဝူဟန်ဗိုင်းရပ်စ် ပျံ့ပွားမှု မရှိစေရန် ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

လတ်တလော ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၈၀ ဦးထိရှိလာနေပြီး ၂၈၀၀ ကျော် ပိုးကူးစက်ခံရထားကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

No comments:

Post a Comment

My Blog List