Saturday, October 05, 2013

UNFC အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အကြိုညှိနှိုင်း ချက်များကို အစိုးရဘက်က လက်မခံပါက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ပျက်ပြယ်ဖွယ်ရှိ

Saturday, October 5, 2013
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏အကြိုညှိနှိုင်းချက်များကိုအစိုးရဘက်ကလက်မခံပါက အောက်တိုဘာလတွင် နေပြည်တော် ၌ ပြုလုပ်ရန်စီစဉ်နေသော တစ်နိုင်ငံလုံးအတိုင်းအတာအရအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ် ရေးထိုးပွဲ ပျက်ပြယ်ဖွယ်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း အစိုးရဘက်မှ အဆိုပြုထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC အနေဖြင့် တက်ရောက်လက်မှတ်ရေးထိုးမည်မဟုတ်ဟုသတင်းထွက်ပေါ်ခဲ့သည်။ ထိုကိစ္စရပ်နှင့် ပတ်သက် ၍ UNFC သို့ ဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် တက်မည်၊ မတက်မည်ကို ယတိပြတ် ဆုံးဖြတ် ထားခြင်း မရှိသေးဘဲ အစိုးရဘက်သို့ တင်ပြသော အကြိုညှိနှိုင်းချက်များကို အစိုးရဘက်က လက်ခံခြင်း၊ လက်မခံခြင်းနှင့်သာ သက်ဆိုင်မည်ဟု UNFC ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က The Daily Eleven သို့ ပြောကြားသည်။ ''ကျွန်တော်တို့ UNFC အဖွဲ့အစည်းဝင်အဖွဲ့ဝင်တွေ အနေနဲ့ တစ်ပြည်လုံး အတိုင်းအတာ လက်မှတ်ထိုးရေး အစိုးရဘက်က ဖိတ်ခေါ်တဲ့ အပေါ်မှာ သိသာထင်ရှားတဲ့ အချက်အလက်တွေပေါ့။ လုပ်သင့်လုပ်ထိုက်တဲ့ အချက်တွေကို ကျွန်တော်တို့အခေါ်က Precondition တွေပေါ့။ အဲဒါတွေလိုအပ်မယ်။ လိုအပ်တဲ့ အပေါ်မှာ ညှိနှိုင်းပြီးတော့ ဒီအချက်တွေပေါ်မှာ သဘောတူပြီးမှသာလျှင် လက်မှတ်ထိုးပွဲလို ကိစ္စမျိုး ဆောင်ရွက် သင့်တယ်ပေါ့'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
UNFC အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ညှိနှိုင်းလျက်ရှိပြီး အားလုံး သဘောတူညီသည့်အချက်အလက်များကို အောက်တိုဘာ ၁၀ ရက်တွင် အများပြည်သူသို့ ထုတ်ဖော်ြေ ပာကြားရန် အစီအစဉ်ရှိကြောင်း သိရသည်။ ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် အစိုးရဘက်က တရားဝင် ဖိတ်ကြားထားခြင်း မရှိသေးေ ကြာင်း သိရသည်။ ''အစိုးရဘက်က လိုက်လျောခြင်း မရှိဘူးဆိုရင်တော့ လိုက်လျောမှာ ဘာလဲပေါ့။ အပေး အယူ၊ အလျှော့အတင်းတော့ ရှိရမှာပေါ့။ ဘာမှမညှိဘဲနဲ့ အစိုးရက ဘာရေးထားမှန်းလဲ မသိဘူး။ ထိုးဆိုတာနဲ့ သွားထိုးမှာတော့ မဟုတ်ဘူး။ အချိန်ကာလနဲ့ ပြင်ဆင်မှု အရတော့ အောက်တိုဘာမှာတော့ မီမှာမဟုတ်ဘူး'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးပွဲ သည် အစိုးရ၏ အစီအစဉ် အတိုင်းသာ လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ထိုအစီအစဉ်အတိုင်း လိုက်နာ ရန် အစီအစဉ် မရှိကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ဒုတိယဥက္ကဋ္ဌ ဦးခူးရယ် က ပြောကြားသည်။ ''ကျွန်တော်တို့က အားလုံးသော အဖွဲ့အစည်းတွေနဲ့ အတူတူသွားဖို့ပဲ ဆန္ဒရှိတာပါ။ တစ်ဖွဲ့ချင်း သွားဖို့တော့ ကျွန်တော်တို့မှာ ဆန္ဒမရှိဘူးခင်ဗျ။ အဲဒီကို မသွားခင်မှာ လောလောဆယ် အစိုးရ ကပြင်ဆင်ထားတဲ့အခင်းအကျင်းအရလည်းကျွန်တော်တို့ကမသွားချင်သေးဘူးဗျ။ဒီလိုလုပ်မယ်ဆိုရင်တော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ညှိနှိုင်းပြီးတော့ ကျလာတဲ့ ဆုံးဖြတ်ချက်ပေါ်မှာ သွားသင့်တယ် ထင်တယ်။ အခုဟာကတော့ အစိုးရက သိပ်ပြီးလက်တွေ့ မကျဘူးလို့ ကျွန်တော်တို့ ယူဆရပါတယ်'' ဟု ဦးခူးရယ်က ဆိုသည်။
လက်ရှိ အခြေအနေတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့ရှိသည့်အနက် ကရင်အမျိုး သားအစည်းအရုံး(KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့မှာ နေပြည်တော် တွင် ပြုလုပ်ရန်ရှိသော လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန်အခြေအနေရှိနေသော်လည်း နှစ်ဖွဲ့ စလုံးက ယတိပြတ် ပြောဆိုထားခြင်း မရှိသေးချေ။
''အားလုံးမပါဘဲ နှစ်ဖွဲ့တည်းနဲ့ လက်မှတ်ထိုးမယ် ဆိုရင်တော့ ဒါဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ် မဖြစ်တော့ဘူး'' ဟု ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးစန်းအောင်က ဆိုသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ လာမည့် အောက်တိုဘာ ၈ ရက်တွင် မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရှိနေပြီး ထိုဆွေးနွေးပွဲရလဒ်က အစိုးရဘက်က ပြုလုပ် ရန်စီစဉ်နေသောတစ်နိုင်ငံလုံးအတိုင်းအတာအရအပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ်သက်ရောက်မှုရှိနေသည်။
''ကေအိုင်အိုနဲ့ ဆွေးနွေးတဲ့ အခါမှာ ကေအိုင်အိုက စစ်ရေးအာမခံချက်၊ နိုင်ငံရေး အာမခံချက်။ အစိုးရက ဘယ်လိုအတိုင်းအတာအထိအာမခံချက် ပေးနိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်'' ဟု ဦးစန်းအောင် က ပြောကြားသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် အဆင်သင့်ဖြစ်သော အဖွဲ့များ ကို လက်မှတ်ရေးထိုး စေမည်ဖြစ်ကာ အဆင်သင့်မဖြစ်ဘဲ ကျန်ရှိသော အဖွဲ့များကို နောက်မှလက်မှတ်aရး ထိုးစေမည်ဆိုသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ပြောစကားမှာ လက်တွေ့မကျကြောင်း ဦးခူးရယ် က ဆိုသည်။
''အခြေခံအကြောင်းရင်းကတော့တစ်တိုင်းတစ်ပြည်လုံး (အစိုးရဘက်က) အပစ်အခတ်ရပ်စဲဖို့ ကျွန်တော်တို့ ဘက်က တောင်းဆိုနေတာပါ။အစိုးရကတာဝန်ရှိတယ်။တာဝန်ရှိတဲ့ အပေါ်မှာ ထုတ်ပြန်ကြေညာ ပေးရမယ် ဆိုတဲ့အထိ တောင်းဆိုတာပါ။ ဦးအောင်မင်း အပြောအရတော့ လက်မှတ်ထိုးပြီးမှ ကြေညာမယ်ပေါ့ဗျာ။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ အချက်နဲ့တော့ သဟဇာတ မဖြစ်ဘူး'' ဟု ဦးခူးရယ်က ပြောကြားသည်။
''ကျွန်တော်တို့ကတော့ ဘာမှ မသိသေးဘူး။ တက်ဖို့လည်း အစီအစဉ် မရှိသေးဘူး။ ကျွန်တော်လည်း ကြားနေရတာပဲ။ ကချင်မှာလည်း တိုက်ပွဲတွေက မပြီးသေးဘူး။ လုပ်ချင်ရင်တော့ သူတို့တိုက်ပွဲတွေ ရပ်စဲရမယ်။ တပ်တွေကို အကုန်ပြန်ခိုင်းလိုက်။ အခုဟာက သူတို့က အများကြီး လာထားတယ်။ ကျွန်တော်တို့ ကရင်တွေ တိုင်းရင်းသားတွေက အစိုးရကို ငြိမ်းချမ်းရေး ပေးထားတာ။ အစိုးရက ကျွန်တော်တို့ကို ငြိမ်းချမ်းရေး လာပေးတာ မဟုတ်ဘူး။ အခုဟာက သူတို့အကျိုးလည်း မရှိဘူး။ ကျွန်တော်တို့ အကျိုးလည်း မရှိဘူး။ ကျွန်တော့်အမြင်က ဒါတော့မရသေးဘူး'' ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KPC) မှ ဗိုလ်ကြီးတိုက်ဂါးက ပြောကြားသည်။
ထို့အပြင်တစ်နိုင်ငံလုံး အတိုင်းအတာအရအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးပွဲသို့ တက်ရောက်မည်ဟု ထင်ကြေးပေး ခံနေရသော RCSS/SSA အနေဖြင့် တက်ခြင်း၊ မတက်ခြင်းကို မဆုံးဖြတ် ရသေးကြောင်း RCSS/SSA ၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းဦးက ပြောကြား သည်။''တက်မယ်၊ မတက်မယ် ဆိုတာတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူး။ မသိသေးဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့အရင် ဆွေးနွေးနေတာ တက်မယ်ဆိုရင် ဘယ်လိုအချက်တွေ ပါမလဲ။ အဲဒါတွေပဲ ကျွန်တော်တို့က အရင်လုပ်နေတာပါ'' ဟု ဦးစိုင်းဦးက ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment

My Blog List