Tuesday, October 01, 2013

လယ်သမားဝင်ငွေ တိုးတက်စေရေး စပါးစိုက်ပျိုးမြေလျှော့ချရန် ဗီယက်နမ်သုံးသပ်

Tuesday, October 1, 2013
ဗီယက်နမ်နိုင်ငံတွင် ၂၀၁၂-၁၃ ဆောင်းစပါးစိုက်ပျိုးမြေသည် ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ဟက်တာ ၂၀,၈၀၀ပိုများပြီးစပါးတန်ချိန်၆၅၀,၀၀၀ပိုမိုထွက်ရှိခဲ့သော်လည်း ပြည်ပသို့ မျှော်မှန်းထား သလောက်တင်ပို့နိုင်ခြင်းမရှိသည့်အတွက် လယ်သမားများ၏ ၀င်ငွေမှာတည်ငြိမ်မှုမရှိကြောင်း စိုက်ပျိုးမွေြး မူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန(MARD)မှအရာရှိလီသန်းတန်က ပြောကြားသည်။
ပြည်တွင်း ဆန်စပါးထွက်မှုမှာ ပိုလျှံလာပြီး အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ဆန်စပါးတန်ချိန် ၂၆ သန်း နှင့် ၁၅ သန်းစီဖြင့် အသီးသီး သိုလှောင်ထားသည့် ပမာဏမြင့်မားနေချိန်မျိုးတွင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအပါအ၀င် အဓိကဆန်တင်သွင်းသည့် ဈေးကွက်များမှ ၀ယ်လိုအားမှာကျဆင်းလာကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း(VFA)ဥက္ကဋ္ဌ ထရူးအန်သန်း ဖွန်က ဆိုသည်။ ပြည်တွင်းတွင် ဆန်စပါးမြင့်မားစွာ ထွက်ရှိမှုကြောင့် လယ်သမားများ၏ ၀င်ငွေနှင့် ပြည်ပဆန်တင်ပို့မှုကို ထိခိုက်လာသည်ဟု MARD က ယူဆသောကြောင့် လယ်သမားများ၏၀င်ငွေ ပြန်လည်မြှင့်တင်ပေးနိုင်ရန် စပါးစိုက်ပျိုးမြေများကို လျှော့ချဖို့ စဉ်းစားလာပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတောင်ပိုင်း စိုက်ပျိုးမြေများအား ဟက်တာ၃,၂၆၀ လျှော့ချနိုင်သည်ဟုအများကခန့်မှန်းထားသည်။သို့ရာတွင်စပါးစိုက်ပျိုးမြေများ လျှော့ချခြင်းဖြင့် လယ်သမားများ၏ ၀င် ငွေကို တိုးတက်စေမည်မဟုတ်ဟု ဈေးကွက်လေ့လာသူများကဆိုသည်။
“စိုက်ပျိုးမြေပမာဏမဟုတ်ဘဲ ဈေးကွက်ရဲ့ဝယ်လိုအားနဲ့ ရောင်းလိုအားကသာလယ်သမားတွေရဲ့ဝင်ငွေအပေါ် သက်ရောက်တယ်လို့ ကျွန်တော်ယုံကြည်တယ်”ဟု မဲခေါင်မြစ်ဝကျွန်းပေါ် ဆန်စပါးဌာနမှ လီဗန်ဘန်က ဆိုသည်။ ဆန်စပါးထုတ်လုပ်မှုကို စနစ်ကျအောင် ဖွဲ့စည်းနိုင်ခြင်းသည်သာ အဖြေဖြစ်ကြောင်း ၎င်းကဆို သည်။ ပြည်ပတင်ပို့မှုနှင့် လယ်သမားတို့ ၏ ၀င်ငွေတိုးတက်စေရေးနှင့် ပတ်သက်၍ “ရေရှည်မှာ ဗီယက်နမ် ဆန်တင်ပို့သူတွေအနေနဲ့ ဘယ်နိုင်ငံက ဘယ်လို ဆန်မျိုးဝယ်တယ်၊ ဘယ်လောက်ဝယ်တယ်ဆိုတာမျိုး ကိုသိဖို့လိုပြီး လယ်သမားတွေကို ရွေးချယ်စိုက်ပျိုးစေဖို့ မှာကြားနိုင်ရပါမယ်”ဟု ၎င်းကဆိုသည်။
ပြည်ပဆန်တင်ပို့ရာတွင်လည်း နှစ် စက စီစဉ်ထားသည့် တန်ချိန် ၇ ဒသမ ၅ သန်း ပြည့်မီအောင်တင်ပို့ရန် မဖြစ်နိုင်ကြောင်း VFAဥက္ကဋ္ဌ ဖွန်က ဆိုသည်။ ၂၀၁၃ ခုနှစ်အတွင်း တင်ပို့နိုင်မည့် ဆန်တန်ချိန်ကို ၇ ဒသမ ၂ သန်းသို့ VFA က လျှော့ချခန့်မှန်းထားကြောင်း သိရသည်။
“ဘဏ္ဍာရေး စတုတ္ထသုံးလပတ်ထဲမှာ ဆန်ကုန်သည်တွေဟာ တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ဖို့ သတ်မှတ် ထားတယ်။ ဒါပေမယ့် ဗီယက်နမ်ဆန်ဟာ ထိုင်းနဲ့ အိန္ဒိယက ဆန်တွေနဲ့ အပြင်းအထန်ပြိုင်ပြီး ဈေးကွက် လုနေရတဲ့အတွက် အဲဒီပမာဏတင်ပို့နိုင်ဖို့ အရမ်းခက်ခဲပါတယ်” ဟု ၎င်းကရှင်းပြသည်။
အာဖရိကနိုင်ငံများသို့ တင်ပို့မှုမှာ ဗီယက်နမ်ဆန်တင်ပို့မှု စုစုပေါင်း၏ ၂၃ -၂၄ ရာခိုင်နှုန်းရှိပြီး စက်တင် ဘာလအထိတန်ချိန် ၄ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း ဖွန်ကဆိုသည်။ သို့ရာတွင် အာဖရိ ကဈေးကွက်၌ ဗီယက်နမ်မှ အရည်အသွေးမြင့် ဆန်မွှေးများသာ အားသာချက်ရှိပြီး အရည်အသွေးနိမ့် ဆန် များမှာ သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် အိန္ဒိယဆန်များကို မယှဉ်နိုင်ကြောင်း ၎င်းကဆိုသည်။ စက်တင် ဘာလ ၁၂ ရက်နေ့အထိ ဗီယက်နမ်မှဆန်မွှေးတင်ပို့မှုမှာပြီးခဲ့သည့်နှစ် အလားတူကာလကထက် နှစ်ဆမြင့် မားခဲ့ပြီး တင်ပို့မှုစုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
The Farmer Journal

No comments:

Post a Comment

My Blog List