Saturday, October 05, 2013

နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံခန့်ရှိပြီး ၁၁ ဘီလျံရှိသော ငွေစာရင်းငါးခုနှင့် ဆက်စပ်သက်ဆိုင်ခြင်း မရှိသည့်အပြင် အဆိုပါ ငွေစာရင်းငါးခု အကြောင်းကို မသိရှိဟု ဗဟိုဘဏ်ဥက္ကဋ္ဌ လွှတ်တော်သို့ လာရောက်ရှင်းလင်း

Saturday, October 5, 2013
နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ခန့်သာရှိပြီး ၁၁ ဘီလျံရှိသည့် ငွေစာရင်း ငါးခုနှင့် ဆက်စပ်သက်ဆိုင်ခြင်း မရှိသည့်အပြင် အဆိုပါ ၁၁ ဘီလျံရှိသည့် ငွေစာရင်း ငါးခုအကြောင်းကို မသိရှိဟု ပြည်ထောင်စု လွှတ်တော်၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ရှင်းလင်းပြောကြားသည်။
အောက်တိုဘာ ၄ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်တွင်းပုဂ္ဂလိက သတင်းစာဆောင်းပါး တစ်ခုတွင် ပါရှိခဲ့သည့် ''အမေရိကန်ဒေါ်လာ ၁၁ ဘီလျံထိရှိသော ဘဏ်စာရင်းငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့် အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော် မပေးခဲ့ခြင်း'' ဆိုသည့် အချက်နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ဥက္ကဋ္ဌက လာရောက်ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားသုံး သီးသန့်ငွေများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များ၏ ပြည်ပရှိ ၎င်းတို့နှင့် အဆက်အသွယ် ဘဏ်များတွင် ဘဏ်ငွေစာရင်းများ ဖွင့်လှစ်၍ အပ်နှံထားကြောင်း၊ အဆိုပါ ငွေကြေးများကို မြန်မာနိုင်ငံ၏ ပြည်ပစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် နေ့စဉ်ပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ အတွက် အသုံးပြုကြောင်း၊ ပြည်ပရှိ ဘဏ်ငွေစာရင်း လက်ကျန်များနှင့် ပြည်တွင်းဘဏ်များ လက်ဝယ်ရှိ နိုင်ငံခြားသုံး ငွေလက်ကျန်ငွေသား စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက် အထိ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ခန့်ရှိကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌက ဆိုသည်။
''ယခုပြောဆို နေကြတဲ့ ၁၁ ဘီလျံရှိတဲ့ ငွေစာရင်း ငါးခုအကြောင်းကို ကျွန်တော်တို့ မသိရှိပါ။ ကျွန်တော်တို့ အနေနဲ့ နိုင်ငံ၏ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်အထိ နိုင်ငံခြားသုံး သီးသန့်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံခန့်သာ ရှိကြောင်း တင်ပြအပ်ပါတယ်။ သို့ဖြစ်၍ ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိက ဘဏ်တွေမှာရှိတဲ့ နိုင်ငံခြားသုံး သီးသန့်ငွေ လက်ကျန်ပမာဏနဲ့ အခုပြောဆို နေကြတဲ့ ၁၁ ဘီလျံရှိတဲ့ ငွေစာရင်း ငါးခုတို့ဟာ ဆက်စပ်သက်ဆိုင်ခြင်း မရှိပါကြောင်း တင်ပြအပ်ပါတယ်'' ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။
အလားတူ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်၌ ပြောကြားရာတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိသော ဘဏ်စာရင်း ငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့် အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်မှ အကြွေးလျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့ကြောင်း သတင်းစာနယ်ဇင်းများ၏ ဖော်ပြရေးသားချက် ပေါ်ထွက်ခဲ့ကြောင်း၊ အဆိုပါ ရေးသားချက်သည် မှန်ကန်မှု မရှိကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုက အဖြစ်မှန် သိရှိနိုင်ရန် သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ် အပေါ်တွင် တင်ရှိနေသော ကြွေးမြီရှင်းလင်းရာတွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်တို့၏ အကြံပြုချက် နည်းလမ်း လေးခုအနက် မြန်မာနိုင်ငံမှ အခြားအဖွဲ့အစည်း၊ နိုင်ငံတစ်ခုခုထံမှ ကာလတို ပေါင်းကူးချေးငွေ ရယူပြီး ပေးဆပ်ရှင်းလင်းခြင်း နည်းလမ်းအား အသုံးပြုခဲ့ပြီး ကြွေးမြီများအား ပေးဆပ်ရှင်းလင်း ခဲ့ကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။
ဆက်လက်၍ Mr.Jelson Garcia သည် ကမ္ဘာ့ဘဏ် အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်း မရှိဘဲ ကမ္ဘာ့ဘဏ် ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူ မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်မှ သတင်းထုတ်ပြန်ချက်အား ဖတ်ကြား ရှင်းလင်းခြင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နိုင်ငံခြား အရန်ငွေကြေး တရားဝင် ထိန်းသိမ်းထားရှိကြပြီး မိမိနှင့် အဆက်အသွယ်ပြုရာ ဘဏ်များ၌ ငွေစာရင်း ဖွင့်လှစ်ကာ ကုန်သွယ်မှုဆိုင်ရာ ငွေပေးငွေယူ ကိစ္စများ ဆောင်ရွက်ကြသည့် အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့်လည်း တရားဝင် နိုင်ငံခြားအရန် ငွေကြေးကိုသာ ဗဟိုဘဏ်၊ အစိုးရဘဏ်နှင့် နိုင်ငံခြားဘဏ်များတွင် စာရင်းဖွင့်လှစ် ထားရှိခြင်းဖြစ်ကြောင်း စသည်တို့ကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းပြောကြားသည်။
''မြန်မာနိုင်ငံက ၁၁ ဘီလျံရှိတဲ့ ငွေစာရင်းငါးခုကို နိုင်ငံခြား ဘဏ်များတွင် အပ်နှံထားသည့်အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပေါ် အကြွေးလျှော်မပေး ခဲ့ခြင်းဆိုသည့် ဖော်ပြချက်မှာ မှားယွင်းပြီး ကမ္ဘာ့ဘဏ်၏ ကြွေးမြီရှင်းလင်းရေး လုပ်ငန်းစဉ်များအား ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာနိုင်ငံအတွက် အသက်သာဆုံး၊ အဆင်ပြေဆုံးနှင့် လျင်မြန်စွာ ဖြေရှင်းနိုင်သည့် နည်းလမ်းကို ဆုံးဖြတ်ရွေးချယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်'' ဟု ဆိုသည်။
ထိုကဲ့သို့ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌတို့၏ ၁၁ ဘီလျံနှင့် ပတ်သက်၍ လွှတ်တော်၌ ရှင်းလင်းတင်ပြမှုအား ရှင်းလင်းမှု မရှိဟု ယူဆသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက မေးမြန်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ''ကျွန်တော်တို့ဒီမှာ သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးနဲ့ ဗဟိုဘဏ်က ရှင်းလင်းတဲ့ အခါမှာ မစ္စတာ Mr.Jelson Garcia ရဲ့ ပြောကြားမှုကို ရှင်းလင်းတာ တွေ့ရပါတယ်။ ကြွေးမြီရှင်းလင်းရန် နည်းလမ်းလေးခုရဲ့ အားသာချက် အားနည်းချက်တွေကို ရှင်းလင်းတာလည်း တွေ့ရပါတယ်။
ကမ္ဘာဘဏ်ရဲ့ သတင်းထုတ်ပြန် ချက်ကိုသာ ရှင်းလင်းခြင်းဖြစ်ပြီး ကြွေးမြီရှင်းလင်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတာ တွေ့ရပါတယ်။ ပြည်ပဘဏ်များမှာ မြန်မာနိုင်ငံမှ ဘဏ်စာရင်း ငါးခုနဲ့ အပ်နှံထားတဲ့ ငွေပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနဲ့ စပ်လျဉ်းပြီးတော့ ပြည်သူများကြားမှာ ရပ်ထဲရွာထဲမှာ သူထက်ငါ အလုအယက် စိတ်ဝင်စားနေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ ဥပက္ခာပြုလို့ မရပါဘူး။ နောက်တစ်ခုက ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၄ မှာ နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမှုဆိုတဲ့ ပုဒ်မလည်း ရှိပါတယ်။
ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ရှင်းလင်းချက် အပေါ်မှာ ကျွန်တော်တို့ မရှင်းလင်း သိချင်တာလေးတွေကို မေးခွင့်ပြုတဲ့ အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ ပြည်ပဘဏ်များမှာ မြန်မာနိုင်ငံက ဘဏ်စာရင်း ငါးခုနဲ့ အပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိကြောင်း မီဒီယာတွေမှ သိရှိရတယ်ဆိုတာ ကျွန်တော်တို့ မီဒီယာတွေပြောမှ သိရပါတယ်။ ဒီဟာက အများပြည်သူ အကျိုးစီးပွား တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေလို့ တရားဥပဒေ စိုးမိုးရေးနဲ့လည်း ပတ်သက်နေပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ဆိုရင် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးကို ယခင်က ဘာကြောင့်များ မရှင်းလင်း၊ မထုတ်ပြန်ခဲ့သလဲ ကျွန်တော် မရှင်းလို့ သိချင်ပါတယ်။ နောက်တစ်ချက်က အခုရှင်းတဲ့ အခါမှာ ၁၁ ဘီလျံကိစ္စနဲ့ စပ်လျဉ်းပြီး ဖြေကြားရာမှာ ဒီကိစ္စ ပါမသွားပါဘူး။ နဂို ကျွန်တော်တို့ ဂျာနယ်တွေမှာ တွေ့ရတာက အမျိုးမျိုး ကွဲပြားခြားနား နေပါတယ်။
ဥပမာ ပြောမယ်ဆိုရင် အဲဒီတုန်းက ဘဏ္ဍာ/ အခွန်ဝန်ကြီးက ၇ ဒသမ ၆ ဘီလျံလို့ ပြောပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် တစ်ဦးကတော့ ၇ ဘီလျံလို့ ပြောပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌက ၇ ဒသမ ၆ ဘီလျံလို့ ပြောပြန်တယ်။ ပြီးတော့ ပြန်ကြားရေး ဒုတိယ၀န်ကြီးက အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကို အဲဒီလိုပြည်ပမှာ အပ်ထားတာ လုံးဝမရှိပါဘူးလို့ ဖြေကြားပါတယ်။ ဒါကြောင့်မို့လို့ အဘယ့်ကြောင့် ကိန်းဂဏန်းက အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဘယ်သူ့ ပြောကြားချက်က ပြည်သူတွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ၊ အမှန်လို့ ထင်မြင်ယူဆ ရပါမလဲ။ ဒါကို သိလိုပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်၊ နိုင်ငံခြားရန်ပုံငွေကိုသာ ပြောကြားတာ ဖြစ်ပြီးတော့ ဒီ ၇ ဒသမ ၆ ဘီလျံကိုသာ ဖြေရှင်းပြောကြားတာ ဖြစ်ပြီးတော့။ ဒါဖြင့် ၃ ဒသမ ၄ ဘီလျံက ဘယ်သူပိုင်ငွေ ဖြစ်သလဲ။ ဘယ်လုပ်ငန်း အမျိုးအစားတွေက ရပြီးတော့ ဘယ်လိုငွေ အမျိုးအစားတွေ ဖြစ်သလဲ။ ဒါတွေကိုလည်း သိဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ပိုင်ငွေ ဆိုတာဟာ ပြည်သူပိုင်ငွေ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ရန်ပုံငွေဆိုတာ၊ ပြည်သူပိုင်ငွေဆိုတာ တစ်ဦးတစ်ယောက်ပိုင်တဲ့ ပစ္စည်းလည်း မဟုတ်ပါဘူး။ အမွေခံ ပစ္စည်းလည်း မဟုတ်ပါဘူး။ ပြည်သူအားလုံး ပိုင်ငွေဖြစ်တဲ့ အတွက်ကြောင့် လူထုကို ရှင်းလင်းတိကျစွာ အသိပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်က ပွင့်လင်းမှန်ကန်စွာ အရေးယူ ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံ့ဘဏ္ဍာငွေ တစ်နည်းအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှုမရှိမယ့်အပြင် ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ နိုင်ငံရဲ့ ပုံရိပ်ပါ တင့်တယ်မှာ ဖြစ်တဲ့အတွက် ဒီဟာလေးတွေနဲ့ ပတ်သက်လို့ ပြန်လည် ဖြေကြားပေးပါလို့ မေတ္တာရပ်ခံပါတယ်'' ဟု မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းမှုအား ဗဟိုဘဏ်ဥက္ကဋ္ဌက ''ကျွန်တော်တို့ အခုနက ၇ ဒသမ ၆ ဘီလျံလို့ ပြောတဲ့အခါမှာ ဒီအချက်အလက်က အတိအကျပါ။ အတိအကျ ဆိုတာက ကျွန်တော်တို့ အခုန အစီရင်ခံသွားတဲ့ အတိုင်းပါပဲ။ ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်တွေ ရှိပါတယ်။ နောက်ပုဂ္ဂလိက ဘဏ်တွေလည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ပေးထားတဲ့ အတွက်ကြောင့် သူတို့မှာလည်း နိုင်ငံခြားငွေ ကိုင်ဆောင်တဲ့ စာရင်းတွေ ဖွင့်ထားကြပါတယ်။ အဲဒါတွေ စုစုပေါင်း က ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်အထိ နိုင်ငံခြားသုံးငွေ ၇ ဒသမ ၆ ဘီလျံဆိုတာ အနီးဆုံးယူထားတဲ့ အချက်အလက် ဖြစ်ပါတယ်။ အခုနက ၀န်ကြီးတွေ အဆက်ဆက်က ပြောသွားတဲ့ဟာက ၇ ဘီလျံ ၀န်းကျင်လို့ ပြောတဲ့သဘောမျိုးပါပဲ။ ၇ ဒသမ ၆ ဘီလျံ ဆိုတာက ကျွန်တော်က တိတိကျကျ အစီရင်ခံ တင်ပြခြင်း ဖြစ်ပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ဦးဝင်းမြင့်က ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြေကြားသည့် ၇ ဒသမ ၆ ဘီလျံမှာ နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေ ရှိသည်ဆိုပါက ၃ ဒသမ ၄ ဘီလျံနှင့် ပတ်သက်၍ အဖြေမရရှိ သေးသဖြင့် သိရှိလိုကြောင်း ထပ်ဆင့်မေးမြန်းရာ ဗဟိုဘဏ်ဥက္ကဋ္ဌက လွှတ်တော်သို့ အစီရင်ခံ တင်ပြခဲ့ရာတွင် ဖြေကြားခဲ့သည့် အတိုင်းပင် ၁၁ ဘီလျံနှင့် ဆက်စပ်မှု မရှိသည့် အတွက် ၇ ဒသမ ၆ ဘီလျံနှင့် ၁၁ ဘီလျံ တို့အား ဆက်စပ်ပြောကြား၍ မရကြောင်းသာ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ ဖြေကြားချက်များအား လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment

My Blog List