Wednesday, October 02, 2013

ရှမ်းပြည်သူတွေ ဆန္ဒပြည့်မယ့်နေ့...

Wednesday, October 2, 2013
ပဒေသရာဇ်စော်ဘွားများလက်ထက်ကပင် ရှမ်းပြည်နယ်ကို ပိုင်းခြားအုပ်ချုပ်ခဲ့ကြသည်။ ယခုအချိန်ထိ လည်း မတူညီသောလူမျိုးတစ်ခုစီ၏ လက်နက်ကိုင်အဖွဲ့များက သီးခြားထိန်းချုပ်နယ်မြေဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ဗဟိုအစိုးရအုပ်ချုပ်သည့်နယ်မြေများ စသည်ဖြင့် အပိုင်းလိုက် ကွဲပြားနေ ပါသေးသည်။ အခြေချနေထိုင်သူ လူဦးရေ ၅၇ သိန်းကျော်ရှိပြီး တိုင်းရင်းသားလူမျိုးစုပေါင်း ၃၀ ကျော် ရှိနေသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်များတွင် အကြီးဆုံးပြည်နယ်ဖြစ်သကဲ့သို့ လက်နက် ကိုင်အဖွဲ့ရှစ်ဖွဲ့ရှိနေသော ပြည်နယ်ဖြစ်သည်။ လူမျိုးစုများကို အခြေပြု၍ မတူညီသော လက်နက်ကိုင် တပ်မတော်များနှင့် မတူညီသောနိုင်ငံရေးပါတီများ ကွဲပြားစွာရှိနေခြင်းက ရှမ်းပြည်တွင် နေထိုင် သူများ အတွက် စိတ်သက်သာရာမရှိဟု ပြည်သူများကဆိုသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုရှိသည့်အနက် ရှမ်းပြည်နယ်တစ်ခုမှာပင် ၅ ခုရှိပြီး တိုင်းရင်းသားလူမျိုးစုအလိုက် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီအရေအတွက်သည်လည်း ဆယ်ခုကျော်ရှိ သည်။ ပြည်နယ်၏ အဓိကလူမျိုးစုဖြစ်သည့် ရှမ်းလူမျိုးများအတွက်ပင် ရှမ်းနိုင်ငံရေး ပါတီနှစ်ပါတီ ရှိနေသည့်အတွက် မည်သည့်ပါတီကို ထောက်ခံရမှန်းမသိဘဲ ဝေခွဲမရဖြစ်နေကြောင်း အဆိုပါပါတီများက ဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်မှ ပေါ်ပေါက်လာခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)က အထွေထွေအတွင်းရေးမှူး ဦးစိုင်းမောင်တင်က “ဒေသခံတွေအနေနဲ့ လက်နက်ကိုင် အချင်းချင်းပေါင်းစည်းစေချင်တယ်။ ပါတီတွေကိုလည်းပေါင်းစည်းစေချင်တာကို ကျွန်တော်တို့လည်း သိပါ တယ်။ ဒါပေမဲ့ ပါတီတွေက သူ့မူနဲ့သူ သွားနေတဲ့အတွက် ပေါင်းစည်းနိုင်ဖို့က ၂၀၁၅ မတိုင်မီတော့ မလွယ်သေးပါဘူး။ အခုအချိန်မှာတော့ တူရာတူရာစုပြီး လက်တွဲလုပ်သွားမယ်”ဟု ပြောကြားသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ဒုတိယအများဆုံးဖြင့် နိုင်ခဲ့သည့် ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)သည် ပါတီထိပ်ပိုင်းခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရပြီးနောက် ပါတီ ဖျက်သိမ်းခံရသော်လည်း ၂၀၁၂ တွင် ပါတီကိုပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြန်လည်လှုပ်ရှားမှုများ စတင်လာပြီးနောက် ရှမ်းပြည် နယ်တွင် ပါတီရုံးခွဲများလည်း အဆက်မပြတ်ဖွင့်လှစ်လာခဲ့သဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်ခုတည်းေ သာ ရှမ်းပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကိုသာ မဲပေးခဲ့သော ရှမ်းပြည်သူလူထု သည် ယခု ပါတီနှစ်ခုဖြစ်လာသည့်အတွက် မည်သည့်ပါတီကို ထောက်ခံရမှန်းမသိဖြစ်နေခြင်း ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဖွဲ့ စည်းထားသည့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)သည် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်ပါတီ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် SSPP/SSA နာယက ဗိုလ်ချုပ်ဆေထင်တို့ အကျဉ်း ကျနေသည့်အခါက ၂၀၁၀ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများအတွက် ပါတီတစ်ခုလိုအပ်သဖြင့် ဖွဲ့စည်းရန် ဦးခွန်ထွန်းဦးကို ထောင်ဝင်စာတွေ့စဉ်က ပြောကြားခဲ့ပြီး ဦးခွန်ထွန်းဦး၏ထောက်ခံချက်ဖြင့် SSJAC သည် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကို မွေးဖွားခဲ့ခြင်းဟု SSJAC ဦးဆောင်သူ ဗိုလ်ချုပ်ကိုင်ဖကပြောကြားခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲအတွက် မွေးဖွားခဲ့သော SNDP သည် လွှတ်တော်တွင်းတွင် အင်အားအကောင်းဆုံး တိုင်းရင်းသားပါတီ ဖြစ်လာသကဲ့သို့ SNLD သည်လည်း ရှမ်းပြည်နယ်တွင် ထောက်ခံမှုအပြည့်အ၀ ရရှိနေသောကြောင့် ရှမ်းတိုင်းရင်းသားများသည် လာမည့်ရွေးကောက်ပွဲတွင် မည်သူ့ကို မဲပေးရမည် လဲဟူသော မေးခွန်းများထွက်ပေါ်လာခဲ့သည်။
“ကျွန်တော်ကတော့ ရှမ်းတွေကိုယ်စားပြောရရင် ပါတီနှစ်ခုကို တစ်ပါတီတည်း ဖြစ်စေချင်တာပေါ့။ လက်နက်ကိုင်တွေကိုလည်း တစ်စုတစ်စည်းတည်းဖြစ်စေချင်တယ်။ လူကြီးတွေလည်းပေါင်းစည်းဖို့ဆန္ဒ ရှိပါတယ်။ မပေါင်းစည်းနိုင်တဲ့အကြောင်းတွေ ရှိနေသေးလို့ပဲဖြစ်မှာပါ။ ဒေသမှာ အဖွဲ့တွေများနေတဲ့ အတွက်အဖွဲ့တစ်ခုစီရဲ့နေရာတိုင်းမှာတော့ကောင်းကျိုး၊ဆိုးကျိုးအကျိုး သက်ရောက်မှုက ဒေသခံတွေပေါ် မှာရှိနေတာပဲ”ဟု တောင်ကြီးမြို့တွင်နေထိုင်သူ ဦးစိုင်းအောင်မြင်ကပြောသည်။ “လူထုကတော့ ပါတီ ကွဲနေတဲ့အခါ ဇဝေဇ၀ါဖြစ်တယ်။ အားလည်းငယ်တယ်ပေါ့။ ကျွန်တော်တို့ လူထုနဲ့တွေ့တဲ့အခါမှာ အကျိုး သင့်အကြောင်းသင့် ရှင်းပြပါတယ်။ ပါတီကကွဲတာမဟုတ်ပါဘူး။ ၂၀၀၈ ကရှိနေတော့ SNLD က ရွေးကောက်ပွဲကိုမ၀င်ဘူး။ အခြေခံဥပဒေကို အသစ်ပြန်ဆွဲမယ်။ ပြင်နိုင်မှဝင်မယ်။ SNDP ကတော့ လွှတ်တော်လမ်းကြောင်းနဲ့ သွားနေတယ်။ တကယ်လို့ ၂၀၁၅ မတိုင်မီ အခြေခံဥပဒေကိုပြင်နိုင်ရန် အဲဒီ အခါမှာ ပါတီနှစ်ခုတိုင်ပင်ပြီးလုပ်ကြမှာပါ”ဟု ဗိုလ်ချုပ်ကိုင်ဖက ၂၀၁၅ မတိုင်မီ ပါတီပူးပေါင်းနိုင်ခြင်း ရှိ၊ မရှိ ကို ရှင်းလင်းပြောကြားသည်။
SNLDအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မပြင်ဆင်နိုင်ပါ က ရွေးကောက်ပွဲကိုအင်အားဖြင့် ၀င်ပြိုင်မည်မဟုတ်ဘဲ ပါတီတည်မြဲရုံ သုံးနေရာသာ ၀င်မည် ဟုပြောကြား ထားသည်။ SNLD သည် လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံကာ ရွေးကောက်ပွဲဝင်ခဲ့သော SNDP နှင့် မူဝါဒမတူညီနေခြင်းသည် အဓိကအချက်ဖြစ်ပြီး ပါတီနှစ်ခုပေါင်းစည်းပါက ပါတီဖျက်သိမ်းခြင်းမူဝါဒနှင့် စည်းမျဉ်းများပြန်ဆွဲရခြင်း စသည့်ကိစ္စများ ကို ပြန်လည်လုပ်ဆောင်ရမည်ဖြစ်သောကြောင့် လာမည့်ရွေးကောက်ပွဲမတိုင်မီ ပါတီနှစ်ခုပေါင်းစည်းရန် မဖြစ်နိုင်သေးဟု SNLD တာဝန်ရှိသူများကဆိုသည်။
“ကျွန်တော်တို့ဆွေးနွေးနေတုန်းပါ။ အားလုံးအဆင်ပြေအောင်ပေါ့။ SNDP ရဲ့သဘောထားပေါ်လည်း မူတည်ပါတယ်။ SNLD အနေနဲ့တော့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး နောက် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဒါတွေကို အဓိကဦးစားပေးလုပ်သွားမယ်”ဟု ရုံးအဖွဲ့မှူး ဦးစိုင်းရွှေကြူးကပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အဆိုပါဥပဒေကို လက်ခံသူ၊ လက်မ ခံနိုင်သူ မူဝါဒကွဲရာမှ ပါတီအချို့ ပူးပေါင်းမရဖြစ်ပေါ်ခဲ့သည်။
တိုင်းရင်းသားပါတီများ ပြန်လည်ပူးပေါင်းရေးအတွက် ပထမဆုံးပူးပေါင်းခြင်းကို ချင်းပါတီများက စတင်ဆွေးနွေးခဲ့ပြီး ရခိုင်နှင့် မွန်ပါတီများလည်း ပူးပေါင်းရန် ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပါတီနှစ်ခု ပူးပေါင်းခြင်းသည် စတင်လုပ်ဆောင်ပြီဖြစ်ပြီး အခြားတိုင်းရင်းသားပါတီများသည်လည်း ပူးပေါင်းနိုင်ရန် ပြင်ဆင်နေကြသည့်အတွက် လူဦးရေအများဆုံးနေထိုင်ပြီး အင်အားကြီးမားသော ရှမ်းပါတီ များ မပေါင်းစည်းနိုင်မှုအပေါ် ဝေဖန်မှုများလည်းရှိသည်။
ရှမ်းပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မပေါင်းစည်းနိုင်သေးခြင်းကို ရှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ဆေထင်အား မေးမြန်းခဲ့ရာ “ဒါက အမြင်လေးတွေပါ။ သူ့အမြင် ကိုယ့်အမြင် ရှိကြ တာပေါ့။ တူညီတဲ့အမြင်တွေရှိအောင်တော့ လုပ်နေပါတယ်”ဟု ဖြေကြားခဲ့သည်။
ရှမ်းလူမျိုးများအတွက်အရေးကြီးသည်မှာ ပြည်ထောင်စုဖွဲ့စည်းပုံသာဖြစ်ပြီး ပြည်ထောင်စုဖွဲ့စည်းပုံသာ ပြေ လည်သွားပါက အခြားကိစ္စများကို ညှိယူ၍ရသည်ဟုလည်း ဗိုလ်ချုပ်ဆေထင်ကဆိုသည်။
ပါတီပေါင်းစည်းရေးအပိုင်းတွင် ညှိနှိုင်းမရခြင်းဆိုသည်ထက် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ လမ်းကြောင်းနှစ်ခုကို တစ်ပြိုင်တည်း လုပ်လိုသည့်သဘောထားလည်းရှိမည်ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း သုံးသပ်သည်။
“နှစ်ဖွဲ့လုံးကအခြေခံဥပဒေကိုပြင်ဆင်လိုတဲ့ရည်ရွယ်ချက်တူတယ်။ပြင်ဖို့ရာဘယ်လမ်းကြောင်းက အောင်မြင် မယ်ဆိုတာ မသိနိုင်သေးတော့ ပြင်ဖို့ကို အရင်လုပ်ပြီးတော့မှ ပူးပေါင်းရေးကို ဆက်လုပ်ကြမယ်လို့ပဲ မြင်ပါ တယ်”ဟု အဆိုပါလွှတ်တော်ကိုယ်စားလှယ်က သူ၏အမြင်ကိုပြောသည်။
ပါတီနှစ်ခုလုံးနှင့်ပတ်သက်နေသော SSJAC ဦးဆောင်သူ ဗိုလ်ချုပ်ကိုင်ဖက “အားလုံး သူ့တာဝန်နဲ့သူ လုပ်နေကြတာပါ။ ဒါကြီးမားတဲ့ပြဿနာမဟုတ်ပါဘူးလို့ပဲ ကျွန်တော်ထင်တယ်”ဟု ပြောကြားသည်။ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်မှပင် ယနေ့အချိန်ထိ နယ်မြေကို အပိုင်းလိုက် အုပ်ချုပ်ခံလာရသည့် ရှမ်းပြည်နယ်သူပြည်နယ်သားများ၏ အနေအရဆိုပါက “ကျွန်တော်တို့ ပေါင်းစေချင်တယ်။ ဒါဆန္ဒအမှန် ပါပဲ။ တစ်နယ်မြေစီ၊ တစ်ပါတီစီနဲ့မဖြစ်ချင်တော့ဘူး”ဟု အဆိုပါ ပါတီနှစ်ခုလုံးတွင် လူငယ်အဖြစ်ပါဝင်ခဲ့ သူက ပြောကြားပါသည်။ ။
ဓာတ်ပုံ- ဥက္ကာကိုကို
ရေးသားသူ- အိဖြူလွင်
7Day News Journal

No comments:

Post a Comment

My Blog List