Saturday, October 05, 2013

စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သိုလှောင်ကန် ပြင်ဆင် တိုးချဲ့လျှင် အရေးယူမည်

Saturday, October 5, 2013
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ရရှိထားသော ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သိုလှောင်ကန်များကို ပြောင်းလဲ ပြင်ဆင်ထားပါက အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စွမ်းအင်ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရယူ၍ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချနေသည့် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအနက် အချို့အရောင်းဆိုင်များသည် စတင်ခွင့်ပြု ထုတ်ပေးထားသည့် လိုင်စင်ပါ စက်သုံးဆီ သိုလှောင်ကန်၏ ဝင်ဆံ့ဂါလန်၊ ကန်အရေ အတွက်တို့ကို ပြောင်းလဲပြင်ဆင် တိုးချဲ့ဆောက်လုပ်လျက် ရှိကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်ဟု ၎င်းကဆိုသည်။“အတည်ပြု သတ်မှတ်ခွင့်ပြုပြီးတဲ့ အဆောက်အအုံတွေ၊ ဆီပန့်နဲ့ သိုလှောင်ကန်တွေကို ပြောင်းရွှေ့ခြင်း၊ တိုးချဲ့ခြင်း၊ အစားထိုး လဲလှယ်ခြင်းတွေ ပြုလုပ်ခွင့်ပြုမှာ မဟုတ်ဘူး။ ပြင်ဆင် ပြောင်းလဲ ချင်ရင် ပြောင်းလဲလိုတဲ့ အကြောင်းပြချက်နဲ့ ပြောင်းလဲမှု ပြုလုပ်မယ့် အနေအထားတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ သတ္တုတွင်း ဝန်ကြီးဌာနတို့ကို လျှောက်ထားပြီး ခွင့်ပြုချက် ရယူရမှာ ဖြစ်တယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များရှိ အဆောက်အအုံများ၊ ဆီပန့်နှင့် သိုလှောင်ကန်များကို ပြောင်းရွှေ့ခြင်း၊ တိုးချဲ့ခြင်း၊ အစားထိုး လဲလှယ်ခြင်းများ မပြုလုပ်ရန် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ် အတွင်းက ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ ယင်းစက်သုံးဆီ သိုလှောင်ကန်များကို ပြောင်းလဲ ပြင်ဆင် တိုးချဲ့ တည်ဆောက်ထားသည်ကို စိစစ်တွေ့ရှိပါက အဆိုပါ အရောင်းဆိုင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။
“ဓာတ်ဆီ ရောင်းနေတာကလည်း ကြာနေပါပြီ။ သူတို့မသိအောင်တော့ စက်သုံးဆီ ခွင့်ပြုချက် မရှိဘဲနဲ့ ပြောင်းလဲ သိုလှောင်တာ မလုပ်ပါဘူး။ ဒါက အန္တရာယ်လည်း များတယ်လေ” ဟု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ်ရှိ မြပါဝါ စက်သုံးဆီ အရောင်းဆိုင် တာဝန်ခံ ဦးစိန်ဝင်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဓာတ်ဆီဆိုင်များကို စည်းကမ်းနှင့် ညီညွှတ်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ စစ်ဆေးအရေးယူ လျက်ရှိရာ ဇူလိုင်လ ၈ ရက်နေ့က မန္တလေး မြို့တော်ရှိ ပုဂ္ဂလိက ဓာတ်ဆီ အရောင်းဆိုင် လေးဆိုင်ကို သတ်မှတ်ထားသည့် အခြင်အတွယ် ပြည့်မီခြင်း မရှိသဖြင့် ရောင်းချခွင့် တစ်လခန့် ရပ်ဆိုင်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List