Thursday, October 03, 2013

အစိုးရနှင့် အပစ်ရပ် သဘောတူညီချက်များ ပြန်သုံးသပ်ရန် လက်နက်ကိုင် ငါးဖွဲ့ ဆွေးနွေး

Thursday, October 3, 2013
အစိုးရသစ် လက်ထက်တွင် လက်မှတ် ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အချို့ကို ပြန်လည် သုံးသပ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့တွင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံနိုင်ရန် စီစဉ်ပေးသူ ဦးစောချစ်သက်ထွန်းက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ အာရကန် လွတ်မြောက်ရေး တပ်မတော် (ALP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့် အပစ်အခတ် ရပ်စဲထားသော်လည်း ယခုနှစ်ကုန်ပိုင်းတွင် အစိုးရတပ်မတော်နှင့် ထိတွေ့မှုများ ဖြစ်ပွားလာခြင်းကြောင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို ပြန်လည် သုံးသပ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ အပစ်ရပ် စာချုပ်ချုပ်ထားတာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတူဘူး၊ အဲဒီတော့ သူတို့ သဘောတူထားတဲ့ အချက်တွေနဲ့ ချိန်ထိုးပြီး တိုက်ပွဲ ထပ်မဖြစ်အောင် သုံးသပ်တာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
၂၀၁၂ ခုနှစ်အတွင်းက RCSS/SSA နှင့် အစိုးရတို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသော်လည်း ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ တိုက်ပွဲ ၄၀ နီးပါး ဖြစ်ပွားထားကြောင်း RCSS/SSA ထုတ်ပြန်ချက်များအရ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားသော်လည်း တပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများ ရှိနေသောကြောင့် အစိုးရနှင့် တွေ့ဆုံညှိနှိုင်းသွားမည် ဖြစ်ကြောင်း RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံးမှ တာဝန်ခံ ဦးစိုင်းဦးက ပြောကြားသည်။
ယင်းသို့ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပဋိပက္ခအချို့ ဖြစ်ပွားနေသော်လည်း အောက်တိုဘာလ ပထမပတ်အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း အစိုးရမှ ထုတ်ပြန် ကြေညာထားသည်။
The Voice Weekly

No comments:

Post a Comment

My Blog List