Sunday, September 07, 2014

အင်းတော်၊ တောင်ငူနှင့် ပျဉ်းမနားရှိ မြေဧက ၁၀ သန်းကျော်တွင် ရေနံတူးဖော်ခွင့် အတွက် လုပ်ငန်းစုံလုပ်ကိုင်ခွင့် ရထားသော Young Investment Group နှင့် သြစတြေးလျ ကုမ္ပဏီတို့အား လုပ်ခွင့်ပေး


အင်းတော်၊ တောင်ငူနှင့် ပျဉ်းမနားရှိ မြေဧက ၁ဝ သန်းကျော်တွင် ရေနံတူးဖော်ခွင့်အတွက် လုပ်ငန်းစုံ လုပ်ကိုင်ခွင့် ရထားသော Young Investment Groupနှင့် ဩစတြေးလျကုမ္ပဏီ Pacific Hunt Energy တို့အား လုပ်ခွင့်ပေးလိုက်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ယခုကဲ့သို့လုပ်ကိုင်ခွင့်ပေးရာတွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ စက်တင်ဘာ ၅ ရက် စွမ်းအင်ဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က သဘောတူ လက်မှတ် ရေးထိုးပေးခဲ့ခြင်းလည်း ဖြစ် သည်။

သို့သော်လည်း သဘောတူလက်မှတ် ရေးထိုးခဲ့မှုတွင် ရင်းနှီးမြှပ်နှံမှုငွေနှင့် အစိုးရမှရရှိလာမည့် အကျိုးတူ ပမာဏတို့ကိုမှု သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်မှု မပြုလုပ်ခဲ့သည့်အပြင် သက်ဆိုင်ရာ ကုမ္ပဏီများမှ လည်း ပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက “ကျွန်တော်တို့အနေနဲ့ ငွေပမဏကိုတော့ အလွတ်ပြောလို့မရဘူး။ လုပ်ငန်းပိုင်းဆိုင်ရာ တွေနဲ့တော့ ပြောလို့ရတယ်။ EIA ၊ SIA တို့နဲ့ပတ်သက်လို့ကတော့ သေချာစိစစ်ပြီး လုပ်သွားမှာပါ” ဟု ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု အခြေအနေနှင့် လူမှုဘဝထိခိုက်နိုင်မှု အခြေအနေတို့ကို လေ့လာ တိုင်းတာချက်များကို ရေနံတူးဖော်ခွင့် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီများမှ ပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြရမည့်အပြင် သစ်တောဝန်ကြီးဌာနသို့လည်း အစီရင်ခံသွားရမည် ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါ အစီရင်ခံစာ ထွက်ရှိလာပါက ပြည်သူလူထုသိရှိအောင် ထုတ်ပြန်မှုပြုလုပ်ရန်ကို သတင်းမီဒီယာများမှ မေးမြန်းရာတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနမှ ဦးဆောင်ညွှန်ကြားရေး မှူးဦး မျိုးမြင့်ကမူ ပြောဆိုမှုတော့ မရှိခဲ့ချေ။

ရေနံတူးဖော်ခွင့်အတွက် လုပ်ငန်းပြုလုပ်မည့် နေရာများကို PSC C-1အင်းတော်၊ ရဲနံ့နှင့် တောင်ငူနှင့် ပျဉ်းမနားတွင် လုပ်ကိုင်မည့် ရေနံတူးဖော်မှု လုပ်ငန်းအတွက် PSC H အဖြစ် အမည်ပေးထားကြောင်း၊ ရေနံတူးဖော်မည့် မြေဧကမှာ ၁ဝ ဒသမ ၃၈ သန်းရှိကြောင်း သိရသည်။

မြေဧက ၁ဝ သန်းကျော်တွင် ရေနံတူးဖော်ခွင့်ရရှိသည့် ကုမ္ပဏီနှစ်ခုစလုံးမှာ ၎င်းတို့ကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံမှုဒေါ်လာ သန်း ၁ဝဝ ကျော်ရှိပြီး ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင် ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်မှုပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအခြေစိုက်Young Investment Group မှာမူ တရုတ်နှင့် စင်ကာပူတို့တွင် ကုမ္ပဏီခွဲများ ရှိနေပြီး မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ခွင့်နှင့် ကျောက်မျက်၊ ကျောက်စိမ်းနှင့် အဖိုးတန်ရတနာ အများစုကို တူးဖော်ရောင်းချခွင့် ရရှိထားသည့်အပြင် ပြည်လမ်းပေါ်ရှိ လယ်ဆည်ဝန်ကြီးဌာနပိုင် ထွန်းစက်စခန်း ဝင်းနေရာ အပါအဝင် စက်ရုံပေါင်းများစွာကိုလည်း ရရှိထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List