Thursday, September 11, 2014

အကြမ်းဖက်အဖွဲ့များသတင်းအရ မောင်တောနယ်စပ်လုံခြုံရေးအတွက် အသင့်အနေအထားပြင်ဆင်



အယ်လ်ခိုင်ဒါအဖွဲ့နှင့် သောင်းကျန်းသူအဖွဲ့များ အကြမ်းဖက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အချိန်တွင် မောင်တောနယ်စပ်လုံခြုံရေးအတွက်တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အသင့်အနေအထားဖြင့် စောင့်ကြည့်နေ ကြောင်း သိရသည်။
အယ်လ်ခိုင်ဒါအဖွဲ့မှ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင်ဝင်ရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှုများကိုပြုလုပ်သွား မည့်သတင်းနှင့် အာရ်အက်စ်အိုအဖွဲ့များဝင်ရောက်ရန်ကြိုးစားနေသည့် သတင်းများထွက်ပေါ်နေခြင်းကြောင့် နယ်စပ် လုံခြုံရေးအတွက် အထူးအလေးထားကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကဆိုသည်။

ယင်းအပြင် ဌာနဆိုင်ရာဝန်ထမ်းများအားလည်း ယခင်ကထက် သတိနှင့်သွားလာကြရန် မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာ ၅ ရက်က ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများ ၀င်ရောက်မည့် သတင်းများထွက်ပေါ်နေသည့်အတွက် နယ်စပ်တစ်လျှောက်ဌာနဆိုင်ရာများသွားလာမည်ဆိုပါက သက်ဆိုင်ရာဌာနအကြီးအကဲ(သို့မဟုတ်) သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကို အသိပေးသွားလာကြရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ညွှန်ကြားချက်တွင် သတိပေးဖော်ပြထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် သောင်းကျန်းသူအဖွဲ့များ မောင်တောနယ်စပ်သို့ဝင်ရောက်မည် ဆိုသည့်သတင်းများ စက်တင်ဘာလဆန်းပိုင်းက ထွက်ပေါ်လာခဲ့သော်လည်း လက်ရှိအချိန်ထိ မည်သည့်လှုပ်ရှား မှုမျိုးမှမတွေ့ရသေးကြောင်း တပ်မတော်မှအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မေလအတွင်းက မောင်တောမြို့နယ်မြောက်ပိုင်း၊ နယ်စပ်မိုင်တိုင်အမှတ်(၅၂) တွင် တစ်ဖက်နိုင်ငံမှ သောင်းကျန်းသူ လက်နက်ကိုင်များ၏ ချုံခိုပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ရကြောင်းနှင့် ဒေသခံနှစ်ဦးကိုပါ ခေါ်ဆောင်ခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List