Wednesday, September 10, 2014

MH17 ပျက်ကျမှု အခြေအနေ နယ်သာလန် ထုတ်ပြန်


ဇူလိုင်လက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှားလေကြောင်း လိုင်း MH17 ဟာ အရှိန်ပြင်း တဲ့ အရာဝတ္ထုတွေ ထိမှန်ပြီး လေထဲမှာတင် ပေါက်ကွဲပျက်ကျခဲ့တာလို့ နယ်သာလန်နိုင်ငံ ကျွမ်းကျင်သူတွေ က စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လူသားအမှားအယွင်း၊ စက်ပစ္စည်းအမှားအယွင်း တစုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါကြောင့် လေယာဉ်ကို ဒုံးကျည်ထိမှန်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့လည်း တထပ်တည်း ကျနေပါတယ်။ ဒါပေမယ့် ဘယ်သူက ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်ဆိုတာကိုတော့ မပြောထားပါဘူး။

ရေဒါအချက်အလက်တွေ၊ လေယာဉ်ပျက်အပိုင်းအစတွေကို အခြေခံပြီး အဖြေထုတ်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မလေးရှားလေကြောင်းလိုင်း ပစ်ချခံခဲ့ရတဲ့ တချိန်တည်းမှာ ခရီးသည်တင်လေယာဉ်ကြီး ၃ စီးလည်း အဲ့ဒီဒေသကို ဖြတ်ပျံသန်းနေတယ်လို့လည်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

MH17 လေယာဉ်ကြံ့ခိုင်ရေးမှတ်တမ်းအရ လေယာဉ်မှာ စက်ပစ္စည်း တစုံတရာ ချွတ်ယွင်းခဲ့ခြင်းလည်း မရှိခဲ့သလို ယူကရိန်းလေကြောင်း ထိန်းသိမ်းရေး စခန်းကိုလည်း အရေးပေါ်ဆက်သွယ်မှုလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

မလေးရှားလေကြောင်းလိုင်း MH17 ဟာ ဇူလိုင်လ ၁၇ ရက်နေ့က နယ်သာလန်နိုင်ငံ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ပျံသန်းတဲ့ ခရီးစဉ်အတွင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းအရောက်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါတဲ့ ၂၉၈ ယောက်လုံး သေဆုံးခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List