မြန်မာအိမ်အကူလုပ်သား ပြည်ပသို့စေလွှတ်မှုကို အပြီးသတ်ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်အောင်က ပြောသည်။
မြန်မာနိုင်ငံမှ အိမ်အကူလုပ်သား စေလွှတ်မှုကို ပြီးခဲ့သည့်လပိုင်းက ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုံးဝ စေလွှတ်ခြင်းမပြုတော့ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလှုံရေးဝန်ကြီးဌာနရုံးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။
“ပြီးခဲ့တဲ့ တနင်္လာနေ့က ၀န်ကြီးရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ၀န်ကြီးက ပြည်ပအိမ်အကူလုပ်သားစေ လွှတ်မှုကို လက်မခံတော့ဘူး”” ဟု ဦးစိုး မြင့်အောင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အိမ်အကူလုပ် သားစေလွှတ်မှုကို စင်္ကာပူနိုင်ငံ တစ်နိုင်ငံတည်းကိုသာ တရားဝင် ခွင့်ပြုပေးထားခဲ့ပြီး မလေးရှား၊ ဟောင်ကောင်နိုင်ငံများမှလည်း မြန်မာအိမ်အကူလုပ်သားထောင်နှင့်
ချီခေါ်ယူရန် ကမ်းလှမ်းထားမှုများရှိခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးဆဲအဆင့်မှာပင် ရပ်ဆိုင်းမှုများရှိခဲ့သည်။
စင်္ကာပူသို့ တရားဝင်အိမ်အကူ လုပ်သားစေလွှတ်မှုမှာလည်း မကြာခင်က မြန်မာလုပ်သားတစ်ဦးညှင်း
ပန်းနှိပ်စက်ခံ ရသည့်ဖြစ်စဉ်ထွက်ပေါ်ခဲ့ပြီးနောက် ဆက်လက်စေလွှတ်ခြင်းမပြုရန် မြန်မာဖက်က ယာယီရပ်နားထားခဲ့ပြီး ယင်းအလုပ်သမားများအတွက် လုံခြုံစိတ်ချရမှုရှိစေမည့် အ ချက်များပါဝင်သည့် ညှိနှိုင်းမှုများဖြင့် MOU ရေးထိုးရန် စီစဉ်ခဲ့သေးကြောင်း ယခုအခါ ယင်းအစီအစဉ်ပျက်ပြယ်ခဲ့ဖွယ်ရှိကြောင်း သိရသည်။
မကြာသေးမီ လပိုင်းက စင်္ကာပူအိမ်အကူလုပ်သားအေဂျင်စီတခုက မြန်မာအပါအ၀င် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအစရှိသောနိုင်ငံများမှ အိမ်အကူများအား ဈေးဝယ်စင်တာတခု၌ လူသုံးကုန်သဖွယ် လျော့ဈေးပေး အရောင်းမြှင့်တင်မှုပြုလုပ်ခဲ့ခြင်းကြောင့် ယင်းလုပ်ရပ်အပေါ် နိုင်ငံတကာမှ ဝေဖန်ခဲ့ကြသည်။
မြန်မာအမျိုးသမီးများအနေဖြင့် ပြည်ပနိုင်ငံများတွင် အိမ်အကူလုပ်သား အဖြစ် သွားရောက်လုပ်ကိုင်နေခြင်း
ကြောင့် ဖိနှိပ်ညှင်းပန်းခံရမှုများလည်း မကြာခဏ ထွက်ပေါ်နေခဲ့ကာ ယင်းဖြစ်ရပ်များကြောင့် အစိုးရအပေါ် ဝေဖန်မှုများလည်း ထွက်ခဲ့သည်။
အတည်မပြုနိုင်သေးသော သတင်းများအရ လက်ရှိအချိန်ထိ မြန်မာအမျိုးသမီးများအနေနှင့် ပြည်ပနိုင်ငံ များတွင် အိမ်အကူလုပ်သားများအဖြစ် တရားမ၀င်လမ်းကြောင်းများမှတဆင့် သွားရောက်လုပ်ကိုင်မှုများ ရှိနေသေးကြောင်း သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment