Monday, September 08, 2014

ကိုလံဘီယာရှိ အမေဇုန် တောထဲ ပျက်ကျခဲ့သည့် လေယာဉ်တွင် လိုက်ပါသူ (၁၀)ဦးလုံး သေဆုံး


ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကိုလံဘီယာနိုင်ငံရှိ အမေဇုန် အမြဲစိမ်းသစ်တော ဧရိယာထဲ ပျက်ကျခဲ့သည့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁၀)ဦးလုံး သေဆုံးခဲ့ကြောင်း နိုင်ငံ အာဏာပိုင်များက ပြောကြားခဲ့ သည်။

စက်တင်ဘာ (၆)ရက်က ပျက်ကျခဲ့သည့် လေယာဉ်ကို တောနင်းရှာဖွေသော ကယ်ဆယ်ရေးအဖွဲ့သည် ရုပ်အလောင်း (၃)လောင်းကို ပြန်လည် ရရှိထားကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။ စီးပွားရေး လုပ်ငန်းသုံး လေယာဉ်ပေါ် လိုက်ပါသွားသူများအနက် ကလေးငယ်တစ်ဦးလည်း ပါရှိခဲ့ကြောင်း သိရသည်။ လေယာဉ်ပေါ်တွင် အမှုထမ်း(၂)ဦးနှင့် ခရီးသည်(၁၀)ဦးတို့ပါရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဟု ဆိုသည်။

လေယာဉ်သည် ဖလိုရန်စီယာ မြို့ပေါ်မှ ဖြတ်ပျံနေစဉ် ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွား ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်၏ အပျက်အစီး အပိုင်းအစများကို ပွာတို ဆန်တန်ဒါးမြို့မှ (၁၀)ကီလိုမီတာမျှ အကွာရှိ တောနက်ထဲတွင် တွေ့ရှိခဲ့သည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းမှုများ ပြုလုပ်နေဆဲဟု ဆိုသည်။ လေယာဉ် ပျံတက်သွားပြီးနောက် ဘယ်ဘက်တောင်ပံရှိ အင်ဂျင်မှ မီးခိုးများ ထွက်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း မျက်မြင်အချို့ကလည်း ပြောကြားထားသည်။

ကိုလံဘီယာ ပြည်သူ့လေကြောင်း အေဂျင်စီက “လေယာဉ်ပျက် နေရာကို ရှာတွေ့ပါပြီ။ လေယာဉ်က အပိုင်းအစတွေ အများကြီး ကျိုးပဲ့ပျက်စီးနေသလို နေရာတော်တော်များများ မီးလောင်ထားပါတယ်။ လေယာဉ်ကို လူနေထူထပ်တဲ့ နေရာကနေ (၁၀)ကီလိုမီတာလောက် အကွာ အမေဇုန် တောထဲမှာ တွေ့ရှိခဲ့တာပါ”ဟု အတည်ပြု ကြေညာခဲ့သည်။

Ref: Aljazeera
7Day News Journal 

No comments:

Post a Comment

My Blog List