Wednesday, September 10, 2014

သန်းခေါင်စာရင်း ကောက်ခံနိုင်ခြင်းမရှိသေးသော ပြည်ပနှင့်ပြည်တွင်းရှိ လူဦးရေစာရင်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်နိုင်မည်ဟုဆို



သန်းခေါင်စာရင်း မကောက်ခံနိုင်သေးသော ပြည်ပနှင့်ပြည်တွင်းရှိ လူဦးရေစာရင်း အတိအကျကို လာမည့်လေး၊ ငါးလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ၂၀၁၅ မေတွင် သိရှိရမည်ဟု ထုတ်ပြန်ထားပြီး သန်းခေါင် စာရင်း ကောက်ခံနိုင်ခြင်း မရှိသေးသော ပြည်ပနှင့်ပြည်တွင်းရှိ လူဦးရေစာရင်းကိုမူ ၂၀၁၅ ဖေဖော်ဝါရီလတွင် ထုတ်ပြန် မှုပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က စက်တင်ဘာ ၉ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က “သန်း ၆၀ ဆိုတာ ခန့်မှန်းလုပ်ထားတာကြောင့် နည်းနည်းတော့ အခက် အခဲရှိတာပေါ့။ အဲဒါကလည်း ၁၉၈၃ လူဦးရေစာရင်းကို ခန့်မှန်းတွက်ချက်ပြီး လုပ်ခဲ့တာပါ။ နောက်တစ်ခုက အခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေလို ၁၀ နှစ်တစ်ခါ ငါးနှစ်တစ်ခါ ကောက်ယူမယ်ဆိုရင်တော့ လူဦးရေစာရင်းက အပြောင်းအလဲ သိပ်မရှိနိုင် ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အနီးစပ်ဆုံးနဲ့ အတိကျဆုံးဖြစ်အောင် လုပ်နေတယ်။ အခုလည်း သန်းခေါင် စာရင်းကောက်ယူတဲ့ အချက်မှာပါတဲ့ ၄၀ မြောက် မေးခွန်းမှာရှိတဲ့ နိုင်ငံခြားရောက် လူဦးရေစာရင်းကိုတော့ ရထားတယ်။ အတိအကျဖြစ်အောင်လည်း ဆက်လက်လုပ်ကိုင်နေတယ်။ နောက်လေးငါးလလောက်ကြာရင် ထုတ်ပြန်မှုတွေ ပြုလုပ်မှာပါ” ဟု ပြောကြားသည်။

သန်းခေါင်စာရင်းကောက်ခံနိုင်ခြင်း မရှိသေးသည့် ကချင်၊ ရခိုင်နှင့် ကရင်ပြည်နယ်ရှိ ဒေသအချို့တွင် လူဦးရေရှစ်သိန်းခန့်ရှိ သည်ဟု ခန့်မှန်းထားပြီး ကောက်ခံနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း မကြာမီအချိန်အတွင်း ရရှိနိုင်လိမ့်မည်ဟု ဦးမြင့်ကြိုင် က သုံးသပ်ပြောကြားသည်။

သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ရှင်းလင်းမှုပြုလုပ်ခဲ့ပြီး လက်ရှိမြန်မာ နိုင်ငံတွင် လူဦးရေစာရင်းမှာ ၅၁ ဒသမ ၄ သန်းကျော်ရှိနေကြောင်း ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် မတ်လမှ စတင်ကောက်ခံခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ တိကျရန်လိုအပ်ပြီး တိုင်းပြည်နှင့် လာမည့်ရွေးကောက်ပွဲတွင် အရေးကြီးသည့်အချက်များဖြစ်သဖြင့် စောစီးစွာထုတ်ပြန်မှု ပြုလုပ်နိုင်ရန်လိုအပ်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၇၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ခံခဲ့ပြီး အဆိုပါသန်းခေါင်စာရင်းမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူဦးရေသန်းခေါင်စာရင်းအပြည့် ကောက်ယူခဲ့ခြင်းလည်းဖြစ်သည်။

၁၉၈၃ ခုနှစ်တွင် ရှေ့ပြေးလူဦးရေစာရင်းအဖြစ် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူဦးရေ ၃၅ ဒသမ ၃ သန်းကျော်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ကထက် လူဦးရေခုနှစ်သန်းနီးပါးအထိ တိုးတက်လာခဲ့ကြောင်း နောက်ပိုင်း ကာလများတွင် အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်များ ရပ်တန့်ခဲ့သည်။

သို့ရာတွင် ၁၉၉၁ မှစတင်ကာ တိုင်းနှင့်ပြည်နယ်များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများကောက်ခဲ့ပြီး မွေးနှုန်း-သေနှုန်းအခြေခံ၊ လူဦးရေ၊ ပညာ၊ အရည်အချင်းဖြင့် တွက်ချက်မှုများအရ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၁ ဒသမ ၅၇ သန်း အထိရောက်ရှိနေကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List